ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ၃ ဦးသေဆုံးကာ ၁၇ ထိခိုက်ဒဏ်ရာရသည်ဟု ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။
မြောက်ဦး-မင်းပြားကားလမ်းဘေးရှိ မြောင်းဘွေရဲစခန်းကို တိုက်ခိုက်နေစဉ် မြောက်ဦး အခြေစိုက် ခြေမြန်တပ်ရင်းများနှင့် မင်းပြားမြို့နယ်ရှိ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းဖြစ်သည်ဟု AA ၏ ယမန်နေ့ (ဒီဇင်ဘာ ၂၈) ညပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီက မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်နှင့် အနီးအနားရွာများကို ရည်ရွယ်ချက်ရှိရှိ လေးကြိမ်ထက်မနည်း ဗုံးကြဲခဲ့သည်၊ ထိိခိုက်သေဆုံးသူများမှာ မြောင်းဘွေတိုက်နယ်အတွင်းရှိ ပေါင်းတုတ်၊ ကိုင်းတော၊ ဘူးတစ်လုံးရွာတို့မှဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ တစ်ရက်တည်း၌ပင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ကိုင်းတောရွာမှ မွတ်စလင် အမျိုးသားနှစ်ဦး နှင့် ဘူးတစ်လုံးရွာမှ မွတ်စလင်အမျိုးသမီးတစ်ဦး သေဆုံးသည်၊ ထိုကျေးရွာများမှပင် ၁၇ ဦးအထိ ထိခိုက်ဒဏ်ရာရသွားရာ ထိုအထဲတွင် ကလေး ၁ ဦး နှင့် မိန်းကလေးငယ် ၃ ဦး ပါဝင်သည်ဟု “၁၀၂၇” စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေသည့် AA , တအာင်းတပ် (TNLA) ကိုးကန့်တပ် (MNDAA) တို့၏ ပူးပေါင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။ ထိခိုက်သူများ၏ အသက်အရွယ်ကို ဖော်ပြမထားပေ။
တိုက်ပွဲဖြစ်သည့်နေရာအနီးရှိ ကျေးရွာများတွင် အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ကြကာ ထိခိုက် ဒဏ်ရာရသူများမှာလည်း ယင်းဘာသာဝင်များပင်ဖြစ်သည်ဟု လည်း သိရသည်။
လေးမြို့မြစ်ဘေးရှိ မြောင်းဘွေရဲစခန်းကို AA က ဝင်တိုက်စဉ် ရွာခံအများစု အချိန်မီရှောင်တိမ်းနိုင်ခဲ့ သဖြင့် ထိခိုက်မှုမရှိကြောင်း၊ အနီးဝန်းကျင်ရွာများမှ ဒေသခံများ ထိခိုက်ခြင်းဖြစ်ကြောင်း မြောင်းဘွေ ရွာသားတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၂၉) ပြောသည်။
“မြောင်းဘွေကတော့ လူတွေမရှိကြတော့ဘူး။ အထိအခိုက်မရှိပါဘူး။ မြောင်းဘွေအနီးကရွာတွေမှာ မရှောင်တိမ်းကြတဲ့သူတွေ ထိခိုက်ပါတယ်။ လေယာဉ်နဲ့လာပစ်တဲ့အချိန်မှာ ကိုင်းတောမှ မွတ်စလင် တစ်ဦး သေတာရှိတယ်။ ဘူးတလုံးဆိုတဲ့ရွာမှာ လေယာဉ်က စက်သေနတ်နဲ့ချလို့ နှစ်ယောက်သေတာ ရှိမယ်။ ပေါင်းတုတ်ဘက် အထိအခိုက်တော့ ကျွန်တော်မကြားမိပါဘူး” ဟု ၎င်းက ပြောသည်။
လေကြောင်းမှ တိုက်ခိုက်ခံရသဖြင့် အနီးရှိရွာများ၌ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများရှိသည့်အပြင် လူနေအိမ်များ ထိခိုက်ပျက်စီးကြောင်း၊ ယနေ့ နံနက်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံအားလုံး ထွက်ပြေးနေရကြောင်း မြောက်ဦးဒေသခံ ကိုမင်းခန့်ဦးဆိုသူက ယနေ့ပြောသည်။
“ရှောင်တဲ့လူက များပါတယ်။ မရှောင်တဲ့လူတွေလည်း ရှိပါတယ်။ လက်နက်ကြီးတွေကျတာက ရခိုင် ရွာတွေလည်းကျတယ်၊ မွတ်စလင်ရွာတွေလည်းကျပါတယ်။ ထိခိုက်တာက မွတ်စလင်ရွာတွေ ထိခိုက် တာပါ။ တိုက်ပွဲဖြစ်နေရာနဲ့ အဲ့ဒီရွာတွေနဲ့က နီးတယ်၊ သူတို့က မရှောင်ကြဘူ”
ယနေ့နံနက်ပိုင်းတွင်လည်း မြောက်ဦးမြို့တောင်ဘက်တွင် စခန်းထိုင်ထားသည့် စစ်ကောင်စီလက် အောက်ခံတပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ကြားနေရသည်ဟု ကိုမင်းခန့်ဦးက ပြောသည်။
ရခိုင်ပြည်နယ်၌ ယခုလ ၂၄ ရက်မှ ယမန်နေ့အထိ ငါးရက်တာအတွင်း အနည်းဆုံး ဒေသခံ ၁၈ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၂ ဦးရှိသည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့၏ ပူးတွဲ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။
လေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်မှုများကြောင့် မြောက်ဦးမြို့နယ်အတွင်း ထိခိုက်သေဆုံးသည့် ဒေသခံအရေအတွက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ စစ်ကောင်စီကလည်း ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
ယခုလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရှေးဟောင်းယဉ်ကျေးနယ်မြေ မြောက်ဦးမြို့ရှိ ခရိုင်ရဲစခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်တပ်က အမြောက်များဖြင့် လက်တုံ့ပြန်ပစ်ခတ် ခဲ့ရာ မြောက်ဦးယဉ်ကျေးမှုပြတိုက် ထိခိုက်ပျက်စီးခဲ့သည်။
မြေပြင်စစ်ပွဲများတွင် ဆက်တိုက်အရေးနိမ့်လာသည့် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ရခိုင်နှင့် ရှမ်းမြောက်ဒေသမှ တိုက်ပွဲများအကြောင်း ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ သို့သော် KNU နှင့် PDF များ လှုပ်ရှားနေသည့် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်းမှ အခြေအနေများနှင့်ပတ်သက်၍မူ သတင်းမှားများဖြစ်သည်ဟု နေ့စဉ်ထုတ်ပြန်နေသည်။
နိုဝင်ဘာ ၃၀ တွင်မူ စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်ကိုလည်း တိုက်ခိုက်ရမည့် အခြေအနေ ဖြစ်ပေါ်လာနိုင်သည်ဟု ပြောထားသည်။