ပစ်ခတ်၊ ပေါက်ကွဲမှုများ မကြာခဏဖြစ်လေ့ရှိသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဝန်ဆောင်မှုပေးသည့် နယ်စပ်ကုန်သွယ်ရေးရုံးကို ဒီဇင်ဘာ ၁၉ မှစတင်၍ စစ်ကောင်စီက နေရာပြောင်းရွှေ့လိုက်သည်ဟု စုံစမ်းသိရှိရသည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးရုံးကို အမှတ် (၅) ရပ်ကွက်ရှိ ဂေါက်ကွင်းဟောင်းသို့ ပြောင်းရွှေ့ကာ အခွန်ကောက်ခြင်း၊ ယာဉ်စစ်ဆေးခြင်းကို လုပ်ဆောင်နေကြောင်း ဒေသခံနှစ်ဦးနှင့် စီးပွားရေးသမားတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သာ ရှိတော့သည့် ကုန်သွယ်ရေးဇုန်အတွင်း ပုဂ္ဂလိကသိုလှောင်ရုံများမှအပ ကျန်ရှိသည့် လုပ်ငန်းအားလုံး ရပ်ဆိုင်းနေသည်ဟုလည်း ၎င်းတို့က ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်သည် မြဝတီမြို့မှ အနောက်ဘက် ၆ မိုင်ကျော်အကွာ ရွာသစ်ရွာနှင့် မဲကနယ်ရွာအကြား တည်ရှိသည်။ ထိုဇုန်တွင် ကုန်ပစ္စည်းသယ်ယာဉ်များကို စစ်ဆေးသည့် ကားဝင်း၊ နယ်စပ်ကုန်သွယ်ရေးရုံးတို့ကို ၂၀၀၈ မှစ၍ ထူထောင်လုပ်ကိုင်နေခြင်းဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေရာတွင် နိုင်ငံတောင်ပိုင်းမှ ဝါရင့်တိုင်ရင်းသားတော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းရုံး (KNU) အခြေစိုက်နယ်မြေအတွင်းရှိ မြဝတီမြို့နှင့် အနီးတစ်ဝိုက်ဒေသများလည်း အပါအဝင်ဖြစ်သည်။
စစ်ကောင်စီ တပ်ဖွဲ့များ၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ ခြေရှုပ်လေ့ရှိသည့် မြဝတီမြို့ရှိ အစိုးရနှင့် လုံခြုံရေးဆိုင်ရာရုံးဌာနများကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုန်းကြဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုများ ယခုနှစ်အတွင်း မကြာခဏဖြစ်ပွားပြီးနောက်တွင် ထိုမြို့ရှိ နယ်စပ်ကုန်သွယ်ရေးရုံးကို နေရာပြောင်းရွှေ့ခြင်းဖြစ်သည်။
“တိုက်ပွဲတွေဘာတွေဖြစ်တော့ အခြေအနေလည်း မကောင်းတာနဲ့ ပြောင်းတယ်ထင်တာပဲ။ ကုန်သွယ်ရေးဇုန်မှာလည်း တစ်ခါတလေ (တော်လှန်ရေးအဖွဲ့က) ဒရုန်းတွေဘာတွေ (ဗုံးတွေ) လာချတယ်။ အမြဲတမ်းတော့မဟုတ်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
နယ်စပ်ကုန်သွယ်ရေးရုံးပြောင်းရွှေ့သော နေရာသည် လုံခြုံရေးအရ မည်သို့ပို၍ ကောင်းမွန်သည်ကိုမူ တိကျစွာမသိရသေးပေ။ စစ်ကောင်စီက ကုန်သွယ်ရေးရုံးကို ထိုသို့ ပြောင်းရွှေ့လုပ်ဆောင်နေသော်လည်း မြဝတီမြို့အနောက်ဘက် ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဘားအံ-မြဝတီ အာရှလမ်းမကြီးကို အသုံးပြုနိုင်ခြင်းမရှိ၍ ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေသည်။
မတ်လ ၂၅ ရက်ကပင် KNLA ၊ PDF ပူးပေါင်းအဖွဲ့တို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြဝတီကုန်သွယ်ရေးဇုန် ပစ်ခတ်တိုက်ခိုက်မှုခံရကာ ရဲတပ်ဖွဲ့သုံးဦးနှင့် အကောက်ခွန်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ဖူးသည်။
ထို့အတူ စက်တင်ဘာလဆန်းက မြဝတီမြို့ပေါ်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် ၅ ဦး သေပြီး၊ ဒဏ်ရာပြင်းထန်သူ ၅ ဦး ရှိခဲ့သည်။
ထိုသို့ လုံခြုံရေးအခြေအနေများကြောင့် စစ်ကောင်စီ၏ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး အရပ်ဝတ်ဖြင့်သာ အလှည့်ကျစနစ်ဖြင့် ရုံးတက်နေသည်ကို တွေ့မြင်ရကြောင်း မြဝတီမြို့ခံ အမျိုးသားနောက်တစ်ဦးကလည်း ပြောသည်။
အဆိုပါ ကုန်သွယ်ရေးရုံးတွင် တာဝန်ထမ်းဆောင်ဖူးသည့် အမျိုးသားဝန်ထမ်းတစ်ဦးက “စစ်သားတွေက သူတို့တောင်သူတို့မကာကွယ်နိုင်တာ၊ ကျတော်တို့ကို ကာကွယ်ပေးမဲ့ စိတ်ရော၊ အခြေအနေရော ရှိမနေကြဘူး။ (ဝန်ထမ်း) အားလုံးက ငွေရလို့သာ အသက်နဲ့ ရင်းပြီး နေနေကြတာ” ဟု ဆိုသည်။
မြဝတီကုန်သွယ်ရေးဇုန် ရုံးလုပ်ငန်းများ နေရာပြောင်းရွှေ့ခြင်းနှင့် ပက်သက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ နာရေးတစ်ခုသို့ ရောက်နေ၍ မဖြေဆိုနိုင်ကြောင်း ပြောသည်။
လတ်တလောတွင် ဘားအံ၊ မြဝတီတို့ကို ဖြတ်သန်းသွားသည့် ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲဆက်တိုက်ဖြစ်နေသဖြင့် မြဝတီနှင့် ကော့ကရိတ်ကဲ့သို့ နိုင်ငံတောင်ဘက်ပိုင်း မြို့ကြီးများမှ ဒေသခံများသည်ပင်လျှင် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု စုံစမ်းသိရှိရသည်။
“တတ်နိုင်တဲ့သူက (မြဝတီမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ) မဲဆောက်ဘက်ကို သွားနေကြပြီ။ သာမန်လူတန်းစားကတော့ ဒီအတိုင်း မြဝတီမှာ ရှိကြပါသေးတယ်” ဟု မြဝတီမြို့မှ စီးပွားရေးသမားတစ်ဦးကပြောသည်။
မြဝတီနယ်စပ်မှ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုကို ၁၉၉၆ ခု ဩဂုတ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်မှုတိုးမြှင့်ရန်ရည်ရွယ်ချက်ဖြင့် ၂၀၀၆ တွင် မြဝတီကုန်သွယ်ရေးဇုန်ကို တည်ဆောက်ခဲ့သည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ မှတ်တမ်းများတွင် တွေ့ရသည်။
မြဝတီမြို့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် သောင်ရင်းမြစ်သာ ခြားပြီး နယ်စပ်ကုန်သွယ်ရေးအတွက် ချစ်ကြည်ရေးတံတားအမှတ် (၁) နှင့် (၂) တို့ကို အသုံးပြု၍ ကုန်သွယ်နေသည်။
ထိုင်းနိုင်ငံမှ ချုပ်ပြီးအထည်၊ ကြက်သွန်နီ၊ ငရုတ်သီး (စိမ်း)(အစို)၊ ရော်ဘာ၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်တို့ တင်ပို့ပြီး ချည်ထည်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များကို မြဝတီမှတစ်ဆင့် တင်သွင်းလေ့ရှိသည်။
မြဝတီကုန်သွယ်ရေးလမ်းကြောင်းသည် အဘက်ဘက်မှ ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းတစ်ခုဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် အရေးပါပြီး ယခုဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာထိ အမေရိကန်ဒေါ်လာ ၈၇၃ သန်းကုန်သွယ်ထားကြောင်း စီးပွားကူးသန်းက ထုတ်ပြန်သည့် မှတ်တမ်းတွင် တွေ့ရသည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာတွင် တရုတ်၊ ထိုင်းတို့နှင့် ကုန်သွယ်သည့် အဓိကစီးပွားရေးဇုန်တချို့ကို စစ်ကောင်စီ လက်လွတ်ဆုံးရှုံးနေရသည်။ အောက်တိုဘာလကုန်ပိုင်းမှ ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မူဆယ် ၁၀၅ မိုင်၊ ချင်းပြည်နယ်မှ ရိခေါရ်ဒါတို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထားကြသည်။