သတင်း

လောက်ကိုင်ကို စစ်ကောင်စီက အချိန်မရွေးဗုံးကြဲနိုင်ဟု MNDAA သတိပေး

တရုတ်၏ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားသည်ဟုဆိုသော်လည်း လောက်ကိုင်ကို စစ်ကောင်စီက အချိန်မရွေးဗုံးကြဲနိုင်သည်ဟု MNDAA အရာရှိများက သတိပေးလိုက်သည်။

တရုတ်၏ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားသည်ဟုဆိုသော်လည်း လောက်ကိုင်ကို စစ်ကောင်စီက အချိန်မရွေးဗုံးကြဲနိုင်သည်ဟု MNDAA အရာရှိများက သတိပေးလိုက်သည်။

လောက်ကိုင်အနီးမှ BP 125 စစ်ဘေးရှောင်စခန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ သွားရောက်ခဲ့သည့် MNDAA၏ ကိုးကန့်ခရိုင်အထွေထွေအတွင်း‌ရေးမှူးက ယင်းကဲ့သို့သတိပေးခဲ့ခြင်းဖြစ်ကြောင်း MNDAA သတင်းဌာန The Kokang က ယမန်နေ့ (ဒီဇင်ဘာ ၁၈) က သတင်းထုတ်ပြန်ခဲ့သည်။

“…ဗမာလူမျိုးကြီးဝါဒကိုင်‌‌ဆောင်ထားသည့် စစ်ကောင်စီတို့အနေဖြင့် ‌လောက်ကိုင်မြို့နယ်ကို အချိန်မရွေး လာရောက်ဗုံးကြဲတိုက်ခိုက်နိုင်ပါသည်” ဟု MNDAA ၏ ကိုးကန့်ခရိုင်အထွေထွေအတွင်း‌ရေးမှူး မစ္စတာကျိုးက ထိုတွေ့ဆုံပွဲတွင် စစ်ပွဲအခြေအနေကို ပြောကြားခဲ့သည်ဟု The Kokang က ရေးသားသည်။

လောက်ကိုင်မြို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒအရ ပေါ်ပေါက်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်မြို့များအနက် အစည်ကားဆုံးနှင့် အဖွံ့ဖြိုးဆုံးမြို့လည်းဖြစ်သည်။

မြို့တွင်းတွင် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ရုံးထိုင်ပြီး စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နှင့် ကိုးကန့်ပြည်သူ့စစ်များလည်း ရှိကြသည်။ တရုတ်အစိုးရက လောက်ကိုင်သည် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများ၏ ဇာစ်မြစ်ဒေသအဖြစ် သတ်မှတ်ထားသည်။

လောက်ကိုင်အနီးမှ BP 125 စစ်ဘေးရှောင်စခန်းတွင် တွေ့ရသည့် MNDAA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – The Kokang) 

လောက်ကိုင်အနီး တိုက်ပွဲများငြိမ်သက်နေသော်လည်း မြို့တွင်းနှင့် မြို့ပြင်တစ်ဝိုက်တွင် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသည်ပြီး တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

ကိုးကန့် MNDAA တပ်များက လောက်ကိုင်နှင့် အနီးစပ်ဆုံးနေရာများကို တဖြည်းဖြည်းတိုးဝင်ပြီး နေရာယူထားပြီး လောက်ကိုင်နှင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ ဆက်သွယ်ထားသည့် ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ဝင်ရောက်နေရာယူလိုက်ကြသည်။

ထိုဂိတ်ပေါက်သည် လောက်ကိုင်နှင့် ၃ မိုင်ခန့်သာ ကွာဝေးပြီး တရုတ်ဘက်ခြမ်း နမ်ဆန် နယ်စပ်ဂိတ်နှင့် ချိတ်ဆက်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်တစ်ခုဖြစ်သည်။

အလားတူ BP 125 ဟု ခေါ်ကြသည့် လောက်ကိုင်မြို့အထွက်မှ နယ်ခြားမှတ်တိုင် ၁၂၅ စီးပွားရေးဇုန်ကိုလည်း ဒီဇင်ဘာ ၁၆ မှစပြီး ၎င်းတို့သိမ်းပိုက်ထားနိုင်သည်ဟု MNDAA က ယမန်နေ့က ကြေညာထားသည်။

BP 125 စီးပွားရေးဇုန်သည် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကဲ့သို့ တည်ထောင်ရန် ရည်ရွယ်ထားသည့် နေရာဖြစ်ပြီး ရန်လုံကျိုင်း၊ BP 125 နှင့် လောက်ကိုင်မြို့တို့သည် တြိဂံပုံစံရှိသည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးအတွက် BP 125 တွင် အကောက်ခွန်အပါအဝင် ရုံးလုပ်ငန်းများ၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ရန် ရည်ရွယ်ပြီး ထိုမှတစ်ဆင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်ပေါက်ကို ဖြတ်ကာ ကုန်သွယ်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် BP 125 စစ်ဘေးဒုက္ခသည် ၃ သောင်းကျော် ခိုလှုံနေသည်ဟု စစ်တပ်ခန့်ထားသည့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာထားသည်။

ရန်လုံကျိုင်းနယ်စပ်ဂိတ် (ဓာတ်ပုံ – ကိုးကန့်စစ်ကောင်စီ)

ကိုးကန့်မြို့တော် လောက်ကိုင်မှ ကားဖြင့် သွားပါက မိနစ် ၂၀ ခန့် ခရီးတွင်ရှိသည့် ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို MNDAA က ယမန်နေ့နံနက်ပိုင်းက စတင်ထိန်းချုပ်ထားသော်လည်း တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းတော့ မရှိသေးပါ။

လူမှုကွန်ရက်များတွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်များတွင် ရန်လုံကျိုင်းဂိတ်နှင့် ထိုဂိတ်အနီးရှိ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးရုံးတွင် လွှင့်ထူထားသည့် ဝါစိမ်းနီ သုံးရောင်ခြယ်အလံကို ဖြုတ်ချပြီး၊ အနီရောင်အောက်ခံတွင် ကြယ်ဝါနှင့်စက်ဝိုင်း ၇ ခုပါ MNDAA ၏ အလံကို လွှင့်ထူနေသည်ကို တွေ့ရသည်။

ထိုဂိတ်ပေါက်သည် တရုတ်အစိုးရနှင့် လောက်ကိုင်တွင် ရုံးထိုင်သည့် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့အကြား တရားဝင်ကူးလူးဆက်သွယ်သည့် ဂိတ်ပေါက်လည်းဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်းက လောက်ကိုင်ထဲ ရောက်နေသည့် ကျားဖြန့်ဂိုဏ်းဝင်သံသယရှိသူများနှင့် တရုတ်က အလိုရှိသူများကို စစ်ကောင်စီက ဖမ်းဆီးပြီး ပြန်ပို့ရာတွင် ရန်လုံကျိုင်းဂိတ်ကို အသုံးပြုခဲ့သည်။

ထိုဂိတ်ပေါက်ကို နိုဝင်ဘာ ၁၆ ရက်နေ့အထိ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခဲ့သည်။

MNDAA သည် ကိုးကန့်နယ်ထဲမှ အရေးပါသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါက်များဖြစ်သည့် ချင်းရွှေဟော်၊ ပန်ဆိုင်း (ကြူကုတ်) နှင့် မုံးကိုးနယ်စပ်ဂိတ်တို့ကို ထိန်းချုပ်ထားရာ ရန်လုံကျိုင်းဂိတ်သည် လေးခုမြောက်ဖြစ်လာသည်။

ထိုဂိတ်ပေါက်များထဲမှ ချင်းရွှေဟော်သည် မူဆယ်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇၀၃ သန်းနီးပါးဖိုး ကုန်သွယ်မှုရှိသည်ဟု စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။

Show More

Related Articles

Back to top button