
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ Facebook တွင် သတင်းမှားထုတ်လွှင့်နေသည့် စာမျက် နှာ ၅၀ ခန့်ကို ဖော်ထုတ်ရရှိသော်လည်း ကာယကံရှင်၏ ညွှန်ကြားချက်အရ အရေးယူမည်မဟုတ်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။
“သူ့အနေနဲ့ကတော့ သတင်းမှားဖြန့်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အရေးမယူလိုပါဘူး။ သတင်းမှားတင်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အများသိအောင်ဆောင်ရွက်ပေးဖို့၊ ဒီလုပ်ဆောင်ချက်နှစ်ခုနဲ့တင် လုံလောက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ကြောင်း ယနေ့ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။
သမ္မတရုံးက ထုတ်ပြန်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် သတင်းမှားထုတ်လွှင့်သူများစာရင်းတွင် တပ်မတော်အရာရှိဟောင်းအချို့၊ တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမှတ်တံဆိပ် အသုံးပြုထားသည့် Facebook အကောင့်အချို့ ပါဝင်နေသည်။
အဆိုပါ သတင်းမှားလွှင့်သူများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုဗစ်ပိုးတွေ့ပြီ၊ လူစားထိုး၍ နိုင်ငံ့တာဝန်များထမ်းဆောင်နေသည် စသဖြင့် သတင်းမှားများ၊ ပုံဖျက်သတင်းများကို Facebook တွင် ထုတ်လွှင့်နေခြင်းဖြစ်သည်။
အဆိုပါသတင်းမှားထုတ်လွှင့်သူများတွင် အသက် ၇၇ နှစ်ရှိပြီဖြစ်သည့် အငြိမ်းစားသံအမတ်ကြီးတစ်ဦးပါဝင်ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ် ၇ ကျောင်းဆင်းဖြစ်သည့် ၎င်းသည် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ထုတ်ဖော်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သည့် အင်တာနက်လူမှုကွန်ရက် Facebook တွင် သတင်းမှားဖြန့်ဝေနေသော ထိုအကောင့်တုများ၊ နိုင်ငံ့အနှံ့ရှိ အဖွဲ့အစည်းများ၏ တည်နေရာ၊ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်များကို စိစစ်ရရှိပြီးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်က အရေးယူလိုခြင်းမရှိဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ကိုဗစ်နိုင်တင်းနှင့်ပတ်သက်၍ သတင်းမှားများ ထုတ်လွှင့်နေသည့် နိုင်ငံရေးပါတီအချို့၏ ဥက္ကဋ္ဌများကိုမူ အရေးယူရန်ရှိသည်ဟု ဦးဇော်ဌေးက ဆိုသည်။
“ဘေးထိုင်ဘုပြောပေါ့နော်။ ဘေးထိုင်တယ်၊ ဘုပြောတယ်၊ ပြီးရင် မဟုတ်မမှန်သတင်းတွေနဲ့ လုပ်ကြံပြီးတော့ ပြောကြားတယ်” ဟု ဦးဇော်ဌေးကဆိုသော်လည်း မည်သည့်နိုင်ငံရေးပါတီဥက္ကဋ္ဌများဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
Myanmar Now ၏ မှတ်တမ်းများအရ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ၎င်း၏ Nay Zin Latt Facebook စာမျက်နှာတွင် ကိုဗစ်နိုင်တင်းနှင့်ပတ်သက်၍ သတင်းမှားအချို့ ဖော်ပြခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဒေါက်တာနေဇင်လတ်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ဒေါက်တာနေဇင်လတ်၏ Facebook စာမျက်နှာသည် ကိုဗစ်နိုင်တင်း (Covid-19) နှင့် ပတ်သက်သည့် သတင်းမှား ၄ ခုထက်မနည်း တင်ခဲ့ပြီး အောက်တိုဘာ ၆ ရက်တွင် “ပြောခဲ့သားပဲ လမ်းတွေအိမ်တွေမှာ လိုက်ကောက်လိုက်သိမ်းရလိမ့်မယ်လို့။ ဒါ ဘာဟုတ်သေးလဲ နောက်တလဆက်သာကြည့်လိုက်” ဟု ရေးသားဖော်ပြထားသည့် သတင်းတုကို တင်ခဲ့သည်။
အဆိုပါသတင်းနှင့် အောက်တိုဘာ ၅ ရက်တွင် ရေးတင်ခဲ့သည့် “Medical fall down ဖြစ်ရင် လမ်းတွေ၊ အိမ်တွေမှာ အလောင်းလိုက်ကောက်ရတဲ့အဖြစ် ရောက်လိမ့်မယ်လို့ ရေးခဲ့ပါတယ်နော်” ဆိုသော သတင်းတုတို့သည် Facebook တွင် ပျံ့နှံ့မှုအားကောင်းခဲ့သည်။
အဆိုပါ သတင်းတုများတွင် အသုံးပြုထားသည့် ဓာတ်ပုံများသည် Covid 19 ကြောင့် သေဆုံးနေသူများမဟုတ်ဘဲ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ သတိလစ်နေသူတစ်ဦး၏ ဓာတ်ပုံနှင့် အရက်အလွန်အကျွံသောက်ပြီး လမ်းဘေးမှာ သေဆုံးနေသူတစ်ဦးကို PPE ဝတ်ဆင်ထားသူ ၂ ဦးက လာရောက်သယ်ယူနေသော ဓာတ်ပုံများကို အသုံးပြုကာ သတင်းတုဖန်တီးထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဒေါက်တာနေဇင်လတ်၏ အကောင့်ကို Facebook တွင် မတွေ့ရတော့ပေ။

မည်သူဟု အတိအကျပြောဆိုခြင်း မရှိသော်လည်း ကိုဗစ်နိုင်တင်းနှင့်ပတ်သက်၍ သတင်းမှားဖြန့်ဝေသည့် နိုင်ငံရေးပါတီဥက္ကဋ္ဌကို အရေးယူရန် အထောက်အထားအခိုင်အလုံရထားပြီးဖြစ်သော်လည်း Facebook အကောင့်ဖျက်ပြေးသည့်အတွက် အခက်တွေ့နေရသည်ဟု ဦးဇော်ဌေးက ဆိုသည်။
“တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့်နော်။ ပါတီခေါင်းဆောင်တွေလုပ်နေပြီးတော့ ဒီလိုလုပ်ရပ်တော့ မလုပ်နဲ့ပေါ့။ သတင်းမှားတွေတင်တယ်။ ဝိုင်းပြီးပြောတဲ့အချိန်မှာတော့ အကောင့်ငုတ်(Disable)သွားတယ်။ ဒါတွေက ပြောရရင် ရှက်စရာကောင်းတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
နိုင်ငံတော်အကြီးအကဲများနှင့်ပတ်သက်၍ သတင်းမှားထုတ်လွှင့်မှုများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်နှင့် စက်တင်ဘာလများအတွင်း သုံးကြိမ်တိုင် ပြောကြားခဲ့သည်။