အဂတိစွပ်စွဲချက်များဖြင့် ထောင် ၅ နှစ် ကျခံနေရသည့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် အမှု၏ နောက်ဆက်တွဲအဖြစ် ရဲမှူးကြီးကျော်သီဟကို ရဲဘက်တရားရုံးက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထောင် ၃ နှစ် ချမှတ်လိုက်ကြောင်း ရဲသတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်ဟောင်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် စက်တင်ဘာလကုန်ပိုင်း ကတည်းက ရာထူးမှ အနားပေးခံရပြီး နိုဝင်ဘာ ၁၀ ရက်တွင် စစ်တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
နောက်တစ်ရက်အကြာ နိုဝင်ဘာ ၁၁ တွင် အမှုတွဲအဖြစ် ဝန်ကြီးဟောင်း၏ သားတစ်ဦးနှင့် ရဲမှူးကြီးကျော်သီဟ ဖမ်းခံခဲ့ရသည်။ ရဲမှူးကြီးကျော်သီဟသည် ရဲတပ်ဖွဲ့ စီမံရေးရာဌာနဌာနမှူးနှင့် ပြည်ထဲရေး၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည်။
အဖမ်းခံရပြီး တစ်လနီးပါးအကြာတွင် ရဲမှူးကြီးကျော်သီဟကို ထောင်ချခဲ့ခြင်းဖြစ်ပြီး နေပြည်တော်အနီးရှိ ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရဲအရာရှိသည် စီးပွားရေးလုပ်ငန်းရှင်များထံမှ လာဘ်ယူခြင်း၊ ဌာန၏ ရန်ပုံငွေနှင့် အလှူငွေများကို အလွဲသုံးစားလုပ်ခြင်း၊ နိုင်ငံကူးလတ်မှတ်များကို အဂတိလိုက်စား၍ ထုတ်ပေးခြင်း စသည့် စွပ်စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရသည်ဟုလည်း ထိုသတင်းအရင်းအမြစ်က ဆိုသည်။
ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အရေးယူကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင်လည်း အလားတူစွပ်စွဲချက်များ ပါရှိခဲ့သည်။
ရဲမှူးကြီးကျော်သီဟသည် ဝန်ကြီးဟောင်း၏ဇနီး ဒေါ်နီလာစိန်စီစဉ်သည့် ပွဲလမ်းသဘင်များကို ဌာနဘတ်ဂျက်ဖြင့် ကျင်းပခြင်း၊ နိုင်ငံကူးလတ်မှတ်များကို ဘုရားဖူးခေါင်းစဉ်ဖြင့် အခကြေးငွေယူထုတ်ပေးခြင်း၊ လုပ်ငန်းရှင်များထံမှ ရသည့်နည်းဖြင့် ငွေတောင်းခံခိုင်းခြင်းကို တာဝန်ယူဆောင်ရွက်ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်က ဆိုသည်။
ရဲမှူးကြီးကျော်သီဟမှာ တပ်မတော်မှ ဒုဗိုလ်မှူးကြီး ရာထူးဖြင့် ၂၀၁၉ အောက်တိုဘာလက ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ သူသည် စစ်တပ်ထဲတွင် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) မှ ဖြစ်ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည်လည်း စရဖ ခေါင်းဆောင်အဖြစ် တပ်ထဲတွင် အမှုထမ်းနေရာမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်ဖြင့် ၂၀၂၀ ဖေဖော်ဝါရီလအတွင်းက ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည်။
မိသားစုစီးပွားရေးလုပ်ငန်းအများအပြား တည်ထောင်ထားသည့် စစ်ခေါင်းဆောင်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှစပြီး NLD အစိုးရအရာရှိများအပါအဝင် ၎င်းနှင့် သဘောထားမတိုက်ဆိုင်သူများကို အဂတိမှုကျူးလွန်ကြောင်း တံဆိပ်ကပ်ကာ ထောင်ဒဏ်နှစ်ရှည် ချမှတ်နေသည်။ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုလည်း စစ်ခေါင်းဆောင်သည် အောက်တိုဘာလအတွင်းက ထောင်ဒဏ်နှစ် ၂၀ နှင့် ညီမျှသည့် ထောင်တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့သေးသည်။