သတင်း

အဝင်အထွက်ပိတ်ထားသည့် စစ်တွေတွင် ဆီစျေး ပိုတက်နေ

စစ်ကောင်စီက စက်သုံးဆီကို လုံလောက်စွာ တင်သွင်းဖြန့်ဖြူးပေးနိုင်ခြင်းမရှိသဖြင့် မြို့ကြီးများ အပါအဝင် နိုင်ငံအနှံ့ စက်သုံးဆီရှားပါးပြတ်လပ်မှု တစ်နေ့တခြား ဆိုးရွားလာနေရာ ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် စက်သုံးဆီဈေးများ ဆယ်ဆနီးပါး မြင့်တက်သွားကြောင်း မြို့ခံများထံမှ သိရသည်။

စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားသော စစ်တွေမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၁ ရက်အထိ ပြင်ပပေါက်ဈေးအရ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂၅၀၀၀ မှ ကျပ် ၃၀၀၀၀ အထိ ရှိလာကြောင်း ဒေသခံများက ဆိုသည်။

“ဆီစျေး တစ်သောင်းကျော်နေကတည်းက ဆိုင်ကယ်မစီးတော့ဘူး။ စက်ဘီးအဟောင်းကို ပြန်ပြင်ပြီး ရုံးတက်တော့တယ်။ အခု ဆီတစ်လီတာကို သုံးသောင်းအထိ ရောင်းနေပေမဲ့ ဆီမသန့်ဘူးလို့ ပြောကြတယ်” ဟု ပုဂ္ဂလိကဝန်ထမ်းတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ကတည်းမှ စတင်၍ ဒေသတစ်ခုလုံးကို စစ်ကောင်စီက အဝင်အထွက်ပိတ်ဆို့ထားခြင်းဖြစ်ရာ အခြားဒေသများထက် ဈေးနှုန်းများ ပိုမိုမြင့်မားလာနေခြင်း ဖြစ်သည်။

စက်သုံးဆီ 92,95 များ တစ်လီတာလျှင် ကျပ် နှစ်သောင်းကျော် ပေါက်ဈေးရှိပြီး ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၂၀၀၀ ပေါက်ဈေးရှိကြောင်း စစ်တွေမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

“၂၃၀၀၀ တို့ ၂၀၀၀၀ တို့ ရောင်းကြတယ်တဲ့၊ ဒီနေ့ သိပ်မဝယ်ကြတော့လို့ နည်းနည်းပြန်ကျတဲ့ပုံပဲ။ တကယ် ထွက်ဝယ်ရင်လည်း ရှာမရပြန်ဘူး။ ၂၀၀၀၀ အထက်ပဲ၊ တစ်နေရာနဲ့ တစ်နေရာ စျေးကတော့ မတူပြန်ဘူး” ဟု ထိုအမျိုးသားက ဆိုသည်။

ပုဂ္ဂလိကဆီဆိုင်တချို့က သုံးဘီးဆိုင်ကယ် (ဘေးတွဲ) နှင့် ဆိုင်ကယ်များကို တစ်လီတာလျှင် ကျပ် ၈၀၀၀ ဖြင့် ရောင်းချပေးနေသည့်အတွက် စစ်တွေမြို့ ပုသိမ်ကျောင်းရှေ့တွင် တန်းစီဝယ်ယူနေရကြောင်း သိရသည်။

“ဆီတစ်လီတာကို လေးကြောင်းသာ မောင်းရတဲ့ခရီးကို ၅၀၀၀ ကျပ် မတောင်းရင် မကိုက်တော့ဘူး။ လူတွေက ၅၀၀၀ တောင်းရင် မစီးတော့ဘူး။ စက်ဘီး စီးလာကြတယ်။ အခု တစ်လီတာ ၈၀၀၀ နဲ့ ရောင်းပေးတော့ တန်းစီရပေမဲ့ ခရီးသည် ဆွဲလို့ ရသေးတယ်” ဟု အထက်ပါနေရာ၌ ဆီဝယ်ယူရန် စောင့်ဆိုင်းနေသည့် ဘေးတွဲတပ်ဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။

တိုက်ပွဲများမရှိသည့် ရခိုင်တောင်ပိုင်း ဂွ၊ သံတွဲ၊ တောင်ကုတ် မြို့နယ်တို့တွင်လည်း ဆီဆိုင်များ ပိတ်ထားသဖြင့် ပြင်ပ လမ်းဘေးဆီဆိုင်များတွင် တစ်လီတာ ကျပ် ၂၀၀၀၀ အထိ မြင့်တက်နေကြောင်း သိရသည်။

ရခိုင်တောင်ပိုင်းတွင် ဆီတန်းစီဝယ်ယူနေသည်ကို နိုဝင်ဘာ တတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ- U Thaung Tun)

နိုင်ငံခြားသုံးငွေ ရှားပါးပြတ်လပ်လာခြင်းကြောင့် ဒေါ်လာဖြင့် ဝယ်ယူရသည့် စက်သုံးဆီကို လုံလောက်စွာ မပေးနိုင်သောကြောင့် ယခုလဆန်းမှစ၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။

ရန်ကုန်မြို့၊ မန္တလေးမြို့ရှိ လက်လီဆိုင်များတွင် ဒီဇယ်တစ်လီတာ ၂,၂၀၀ ကျော် ဈေးရှိပြီး 92 တစ်လီတာ ၂၅၀၀ ကျော်  ပေါက်ဈေးရှိကြောင်း သိရသည်။

စစ်ကောင်စီဘက်က စက်သုံးဆီပြတ်လပ်မှုသည် ကောလာဟလ သတင်းမှားများသာ ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်ထုတ်သတင်းစာတွင် စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဆိုသူက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာ ၁ ရက်မှ ၈ ရက်အထိ 92 Ron ဂါလန် ၆ သန်း ၇ သိန်းနီးပါး၊ 95 Ron ဂါလန် ၁ သန်း ၇ သိန်းခန့်၊ HSD ဂါလန် ၆ သန်းကျော် ဖြန့်ဖြူးခဲ့ကြောင်း ပြောထားသည်။

စက်သုံးဆီစျေး မြင့်တက်သွားသည့်အတွက် စစ်တွေမြို့တွင် စက်ဘီး၊ ဆိုက်ကားကဲ့သို့ အနှေးယာဉ်များ ပိုအသုံးပြုလာကြကြောင်း၊ စီးသူ နည်းပါးသွားသည့်အတွက် သုံးဘီးအငှားယာဉ်များ ရပ်နားထားရကြောင်းလည်း အငှားယာဉ် သုံးဘီးကား (ဒေသအခေါ် တုတ်တုတ်) မောင်းနှင်သူတစ်ဦးက ပြောသည်။

“ဆေးရုံသွားမယ့်သူ၊ အရေးကြီးကိစ္စသွားမဲ့သူလောက်သာ သုံးဘီးခေါ်တော့တယ်။ အရင် မန်ကျည်းမြိုင်ကနေ စျေးကို ၄၀၀၀ နဲ့ ပို့လို့ရပေမဲ့ အခု ဆီစျေးနှုန်းနဲ့ ဘယ်လိုမှ မကိုက်တော့ဘူး” ဟု ထိုသူက ဆိုသည်။

“စျေးပိုတောင်းရင်လည်း စီးမဲ့သူ မရှိတော့ သုံးဘီးကို နားထားရတယ်။ အလုပ်မရှိတော့ ဝင်ငွေမရှိတော့ဘူး။ ဒီလောက် ကုန်စျေးနှုန်း တက်နေတာ ကြာရင် ငတ်တော့မယ်”

အလားတူ ဘေးတွဲမောင်းနှင်သူများမှာလည်း စီးနင်းသူ မရှိသလောက် ဖြစ်သွားသည့်အတွက် ဝင်ငွေနည်းပါးကာ အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။

“ကျွန်တော်က အရင် ဆိုက်ကားမောင်းတယ်။ ဆိုက်ကားကို လူတွေ မစီးကြတဲ့အခါကျတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ဘေးတွဲ မောင်းတယ်။ ပုံမှန်ဝင်ငွေ တစ်သောင်းခွဲလောက်ရလို့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်ခဲ့တယ်။ ဆီစျေးတက်တော့ ဘေးတွဲခ ပိုတောင်းရတယ်။ နယ်ကလူတွေလည်း အဝင်မရှိတော့ စီးမဲ့သူ မရှိတော့ဘူး။ အခုဆို ဝင်ငွေမရှိသလောက်ဖြစ်နေပြီ။ ဝင်ငွေ မရှာနိုင်တော့ စားစရာမရှိ ဖြစ်လာပြီ။ အခု ဆိုက်ကား ပြန်နင်းနေပြီ” ဟု ဘေးတွဲယာဉ်မောင်းသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်သို့ ပို့ကုန်အဝင် လုံးဝမရှိတော့သည့်အတွက် စားသောက်ကုန်စျေးနှုန်းများ တစ်နေ့ထက် တစ်နေ့ မြင့်တက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေ၌ စားသုံးဆီတစ်ပိသာလျှင် ကျပ် ၁၃၀၀၀ ဝန်းကျင်၊ ရိုးရိုးဆန်တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ ၊ ကြက်သွန်နီတစ်ပိသာ ကျပ် ၂၈၀၀၀၊ ကြက်သွန်ဖြူတစ်ပိသာလျှင် ကျပ် ၂၀၀၀၀ ဝန်းကျင်၊ ငရုတ်သီးစိမ်း တစ်ပိသာ ကျပ် ၅၀၀၀၀ ၊ ငရုတ်သီးခြောက် တစ်ပိသာ ၄၅၀၀၀ ၊ ကြက်ဥတစ်လုံး ကျပ် ၇၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။

စစ်တွေတွင် စက်သုံးဆီ စံချိန်တင်မြင့်တက်နေချိန် စက်ဘီးဝယ်ယူသူ များပြားလာသည့်အတွက် တစ်ပတ်ရစ် ဂျပန်စက်ဘီးအရောင်းဆိုင်များတွင် ရောင်းမည့်စက်ဘီး ပြတ်လပ်သွားကြောင်း၊ စျေးကွက်တွင် စက်ဘီးစျေးလည်း ၂ ဆ ဖြစ်သွားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ တွင် “လိုင်စင် ရယူရန် လိုအပ်သည့် လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားသည်။

စက်သုံးဆီကို လိုင်စင်မဲ့ သယ်ယူပို့ဆောင်၊ သိုလှောင် ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အနည်းဆုံးဒဏ်ငွေ ကျပ်သုံးသိန်းမှ အများဆုံးဒဏ်ငွေ ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် ပြစ်ဒဏ်နှစ်ရပ်လုံး စီရင်ခြင်းခံရမည့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button