စစ်ကောင်စီ၏ လက်ကိုင်တုတ် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်လုပ်နေသော ရာဇဝင်လူဆိုးလူမိုက် ကျော်ဝင်းစိန်ကို ပြီးခဲ့သည့် သောကြာညက သတ်ဖြတ်ခဲ့သည့် လူဆိုးလူမိုက်များမှာလည်း စစ်တပ်က မွေးထားသော ကြည့်မြင်တိုင်မြို့နယ်အခြေစိုက် ပျူစောထီးအဖွဲ့ဝင်များပင်ဖြစ်ကြောင်း သိရှိရသည်။
ရာဇဝတ်မှုမျိုးစုံဖြင့် နှစ်ရှည်ထောင်ကျနေသော်လည်း ယမန်နှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်လာခဲ့သူ ကျော်ဝင်းစိန်သည် ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် နေထိုင်ကာ စစ်တပ်က ဖွဲ့ပေးထားသော အင်အားငါးဆယ်ခန့်ရှိသော ရွှေပြည်သာပျူစောထီး သို့မဟုတ် ပြည်သူ့စစ်အဖွဲ့ကို ၎င်းက ဦးဆောင်လှုပ်ရှားနေခဲ့သည်။
ဒီဇင်ဘာ ၈ ရက် ညပိုင်းက ရွှေပြည်သာမှ ကြည့်မြင်တိုင်သို့ ပျူစောထီးလူမိုက်အဖော်တချို့ဖြင့် ၎င်းရောက်ရှိနေချိန်တွင် နယ်မြေကျော်လာသည်ဆိုပြီး မကျေနပ်သည့် ကြည့်မြင့်တိုင်ပျူစောထီး လူမိုက်အဖွဲ့က ၎င်းကို သတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၀ ကျော်အရွယ်ရှိသော ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်းရှိ ဓမ္မာရုံတွင် အခြေချပြီး၊ ၎င်းတို့အဖွဲ့၏ အဓိကလှုပ်ရှားမှုသည် စစ်တပ်အတွက် လျှို့ဝှက်သတင်းပေးလုပ်ခြင်း၊ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများ၊ အုပ်ချုပ်ရေးအဖွဲ့များကို အကူအညီပေးခြင်းတို့ ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
“ဒီလူဆိုးလူမိုက်တွေကို အဓိက တပ်ကမွေးပြီး ကိုင်တွယ်နေတာပဲ” ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။
ဒီဇင်ဘာ ၈ ရက် ညသန်းခေါင်ယံအချိန်က ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်းပေါ်တွင် အင်အား တစ်ဒါဇင်နီးပါးရှိသည့် လူဆိုးလူမိုက်များက ကျော်ဝင်းစိန်ကို ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်ပြီး မသေမရှင်ဖြစ်နေချိန် လမ်းပေါ် တရွတ်တိုက်ဆွဲပြီးမှ ဓားဖြင့် ထိုးသတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
ပျံ့နှံ့လာသည့် ရုပ်သံဖိုင်အရ လမ်းပေါ် လဲကျနေသည့် ကျော်ဝင်းစိန်၏ ဦးခေါင်းပိုင်းကို ကြည့်မြင်တိုင်လူမိုက်အဖွဲ့က ကတ္တရာလမ်းပေါ်တွင် တရွတ်တိုက်ဆွဲသွားချိန်တွင် “တော်ပြီ၊ ငါက မင်းတို့ရဲ့ ရန်သူမဟုတ်ဘူး…အား တော်ပါပြီကွ၊ မင်းတို့ကလည်း” စသဖြင့် အော်ဟစ်ညဉ်းညူသံကို ကြားရသည်။
ပေ ၁၅၀ ခန့်အကွာ တရွတ်တိုက်ဆွဲခေါ်ပြီးနောက် ကြည့်မြင်တိုင် ပျူစောထီး လူဆိုးလူမိုက်အဖွဲ့ထဲမှ လူမိုက်တစ်ဦးက ဓားဖြင့် ထိုးသတ်ထားခဲ့သည်ကို တွေ့ရသည်။
ကျောင်းကြီးလမ်းရှိ တိုက်ခန်းခေါင်မိုးများပေါ်အထိ တက်ပြေးသည့် ကျော်ဝင်းစိန်နှင့်အဖွဲ့ကို ကြည့်မြင်တိုင် ပျူစောထီးအဖွဲ့ လူမိုက်အဖွဲ့က အက်ရှင်ဆန်ဆန် ဓားဖြင့် လိုက်ခုတ်ခဲ့ကြောင်း၊ ကျော်ဝင်းစိန်၏တပည့် ပျူစောထီးတချို့ လွတ်မြောက်သွားကြောင်း သိရသည်။
ကျော်ဝင်းစိန်နှင့် ၁၉၉၆ ခုနှစ်များက လုယက်မှုတွင် အတူတူကျူးလွန်ခဲ့ပြီးနောက်ပိုင်း ထောင်မှ ပြန်လွတ်မြောက်လာသည့်အခါ ရာဇဝတ်လောကကို ကျောခိုင်းပြီး စာရေးခြင်းဖြင့် အသက်မွေးနေသူ ကိုအောင်စိုး ခေါ် အင်းစိန်အောင်စိုးက ယခုအမှုသည် ရာဇဝတ်သားချင်း ပြဿနာတက်သဖြင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျော်ဝင်းစိန်ကို ရှင်းလိုက်တဲ့ ကြည့်မြင်တိုင်အုပ်စုကလည်း ပျူစောထီးအုပ်စုပဲလို့ ကြားတယ်။ ဒီကောင်တွေက အဲ့ဒီမှာ အုပ်စုဖွဲ့ပြီး ရပ်တည်နေတဲ့ အဖွဲ့တွေပေါ့နော်။ ကျော်ဝင်းစိန်တို့ကလည်း ရွှေပြည်သာမှာ အုပ်စုဖွဲ့ပြီး ရပ်တည်နေတာပဲ။ နှစ်ဖွဲ့လုံးက စစ်တပ်ရဲ့ အသုံးချခံ ပျူစောထီး လူဆိုးလူမိုက်တွေပဲ ဖြစ်တယ်” ဟု အင်းစိန်အောင်စိုးက ပြောသည်။
လူဆိုးလူမိုက်တို့၏ ဂုဏ်သိက္ခာအရ ကျော်ဝင်းစိန်၏တပည့် ပျူစောထီး လူဆိုးလူမိုက်များနှင့် ကြည့်မြင်တိုင်ပျူစောထီးလူမိုက်အဖွဲ့တို့ အင်အားကြီးအုပ်စုနှစ်ခုကြားတွင် အပြန်အလှန်သတ်ဖြတ်မှုများ ဆက်ဖြစ်လာနိုင်ပြီး ထိုအခြေအနေကို စစ်တပ်က ဖမ်းဆီး၊ အရေးယူမည်မဟုတ်ဘဲ ၎င်းတို့အကျိုးအတွက် လူမိုက်များကို ဆက်လက်အသုံးချလိမ့်မည်ဟု အင်းစိန်အောင်စိုးက ဆိုသည်။
အင်းစိန်အောင်စိုးနှင့် ကျော်ဝင်းစိန်သည် လွန်ခဲ့သော ၁၉၉၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ဆုံစည်းပြီး လုယက်မှုပေါင်း ၈ မှုကို အခြားသောလူဆိုးလူမိုက်များနှင့်အတူ ကျူးလွန်ခဲ့ကြပြီးနောက် ၁၉၉၆ နှစ်ကုန်ပိုင်းတွင် ၎င်းတို့နှစ်ဦး၊ အခြားသော လူမိုက်သုံးဦးတို့ အတူဖမ်းဆီးခံခဲ့ရကာ မြို့နယ်တရားရုံး လေးခုက ၎င်းတို့ကို စုစုပေါင်း ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခဲ့သည်။
“သူ (ကျော်ဝင်းစိန်) က ကားမောင်းကျွမ်းကျင်တယ်ဆိုတော့ သူ့ကို ကားသမားအဖြစ် ခေါ်ပြီးတော့ လုယက်ဖို့အတွက် တိုင်ပင်ကြတာပေါ့။ ကျွန်တော်က သူ့ကို အတူအလုပ်တွဲလုပ်စဉ်ကတည်းက မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာ သူက ငွေရရင် ဘာမဆိုလုပ်မယ့် အမျိုးအစားထဲမှာ ပါတယ်။ ကျွန်တော်က အဲ့ဒါ လက်မခံဘူး” ဟု ကျော်ဝင်းစိန်၏ စရိုက်လက္ခဏာနှင့် ပတ်သက်ပြီး အင်းစိန်အောင်စိုးက ပြောပြသည်။
ထောင်နှစ်ရှည်ကျပြီး ပြန်လွတ်လာချိန်တွင် အင်းစိန်အောင်စိုးသည် ယခင်က လုပ်ကိုင်ခဲ့သော ခိုးဆိုးလုယက်မှုများကို စွန့်လွှတ်ကာ အင်းစိန်တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ပြီး ကောင်းမွန်စွာ နေထိုင်ခဲ့သည်။ လက်ရှိတွင်လည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် အင်အားစုများအတွက် ငွေကြေးရန်ပုံငွေ ရှာဖွေ၊ ထောက်ပံ့ပေးနေသည်။
ကျော်ဝင်းစိန်မှာမူ ၂၀၁၀ နောက်ပိုင်းတွင် ရဲဘက်အကျဉ်းစခန်းတစ်ခုမှ ထွက်ပြေးလွတ်မြောက်လာကာ ရွှေပြည်သာမြို့နယ်တွင် ထင်ထင်ရှားရှား ပြန်လည်နေထိုင်ခဲ့သည်။
၎င်း၏သားသမီးများမွေးနေ့ပွဲသို့လည်း ရန်ကုန်ရှိ နာမည်ကျော်အနုပညာသည်များ သွားရောက်ခဲ့ရသည်အထိ ၎င်းသည် လူမိုက်လောကတွင် အရှိန်အဝါကြီးခဲ့သည်။
သို့ရာတွင် ၂၀၁၆ ခုနှစ်၌ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ၎င်းကို မူးယစ်ဆေးဝါးမှု၊ အမျိုးသမီးငယ်များကို အိမ်အကူအဖြစ် ခေါ်ကာ ချုပ်နှောင် အဓမ္မမုဒိမ်းကျင့်မှု၊ ဓားကိုင်ဆောင်မှုတို့ဖြင့် ရန်ကုန်တွင် အင်အားသုံးဖမ်းဆီးခဲ့ပြီး၊ အင်းစိန်မြို့နယ်တရားရုံးက ၎င်းကို ယခင်အမှုဟောင်းများနှင့် အမှုသစ်များအတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။
ထိုသို့ အလီအလီအခါခါ ရာဇဝတ်မှုများကျူးလွန်ခဲ့သူ ရာဇဝင်လူမိုက်ကျော်ဝင်းစိန်ကို စစ်တပ်အရာရှိများနှင့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ စီမံသော ပြည်သူ့စစ်ခေါ် ပျူစောထီးတပ်ဖွဲ့များတွင် အသုံးချရန် လွတ်ငြိမ်းချမ်းသာခေါင်းစဉ်ဖြင့် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးအင်အားစုများကို နှိပ်ကွပ်ရန် စစ်တပ်က ရန်ကုန်တိုင်းတွင် ပျူစောထီးများကို အသုံးပြုနေကြောင်း ပြီးခဲ့သည့်နှစ် နှစ်လယ်ပိုင်းတွင် Myanmar Now က သတင်းဆောင်းပါး ဖော်ပြခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် စစ်တပ်က ရန်ကုန်တိုင်းအတွင်းရှိ လူဆိုးလူမိုက်များကို ၎င်းတို့ သတင်းပေးအဖြစ် မွေးမြူကာ ပျူစောထီးအဖြစ် အသုံးချကြောင်း အင်းစိန်အောင်စိုးက ပြောသည်။
“ထောင်ထွက်လူဆိုးလူမိုက်တွေကို စစ်တပ်က ပျူစောထီးအဖြစ် မွေးမြူပြီးတော့ တော်လှန်ရေးလူငယ်တွေရဲ့ သတင်းတွေကို စုံစမ်းခိုင်းတယ်၊ ဝိုင်းဝန်း ဖမ်းဆီးတဲ့နေရာမှာ ပါဝင်တယ်။ ဒါတွေက နေ့စဉ်၊ လစဉ် ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်မှန်တွေ ဖြစ်တယ်။ ကျနော်တို့ သိထားတာတွေ အများကြီး ရှိတယ်” ဟု အင်းစိန်အောင်စိုးက ပြောလိုက်သည်။