အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ လျှို့ဝှက်စီစဉ်သည့် မဲခေါင်ဒေသအစည်းအဝေး တရုတ်နှင့် ထိုင်းကို ဖိတ်ထား

လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံမှ ဝန်ကြီးများနှင့် အစည်းအဝေးပြုလုပ်ရန် စစ်ကောင်စီက လျှို့ဝှက်စီစဉ်လျက်ရှိပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဘဏ္ဍာရေးဝန်ကြီးများကို ဖိတ်ကြားထားသည်။

နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် GMS (Greater Mekong Subregion) ၏ ဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးအတွက် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်စီစဉ်နေခြင်းဖြစ်ကာ လုပ်ငန်းစီမံချက်ဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းများကို Myanmar Now က ရရှိထားသည်။

လျှို့ဝှက်ဖြန့်ဝေထားသည့် ထိုစီမံချက်အရ အစည်းအဝေးကျင်းပနိုင်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားပြီး ဖိတ်ကြားရေး၊ ဧည့်သည်များ ကြိုဆိုနေရာချထားရေး၊ သယ်ယူပို့ဆောင်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ လုံခြုံရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းများအတွက် တာဝန်အသီးသီးခွဲပေးထားသည်။

နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် ထိုအစည်းအဝေးကို စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်မည်ဖြစ်သည်။ နံနက်ပိုင်းတွင် အလွတ်သဘောစည်းဝေးပွဲနှင့် မွန်းလွဲပိုင်းတွင် မျက်နှာစုံညီအစည်းအဝေးပြုလုပ်မည်ဖြစ်သည်။​

တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဘဏ္ဍာရေးဝန်ကြီးများကို အစည်းအဝေးတက်ရောက်ရန် အထူးဖိတ်ကြားထားပြီး ရန်ကုန်-နေပြည်တော်အသွားအပြန် လေယာဉ်လက်မှတ် အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ နေထိုင်စရိတ်များကိုပါ ကျခံမည်ဟု ဆိုသည်။​

ထို့ပြင် မဲခေါင်အင်စတီကျူ့မှ အမှုဆောင်ဒါရိုက်တာ Suriyan Vichitlekarm နှင့် ထိုင်းနိုင်ငံမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ အထွေထွေအတွင်းရေးမှူး Danucha Pichayanan တို့ကိုလည်း ဖိတ်ကြားထားသည်ကို တွေ့ရသည်။

အစည်းအဝေးသို့ မဲခေါင်းဒေသတွင်းနိုင်ငံများမှ မည်သည့်ဝန်ကြီးများ တက်ရောက်မည်ကို မသိရသော်လည်း အာရှဖွံ့ဖြိုးရေးဘဏ်က အွန်လိုင်းမှ တက်ရောက်မည်ဟု စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြားစာအရ သိရသည်။

အစည်းအဝေးတက်ရောက်ရန် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများအပြင် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် မဲခေါင်သိပ္ပံမှ ကိုယ်စားလှယ်များကို ဖိတ်ကြားမည်ဖြစ်သည်။

လွန်ခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက လာအိုနိုင်ငံတွင် ပြုလုပ်သည့် ၂၅ ကြိမ်မြောက် မဲခေါင်ဒေသခွဲ ဝန်ကြီးအဆင့် အစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားပြုအနေဖြင့် ရင်းနှီးမြှုပ်နှံနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဒုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်တက်ရောက်ခဲ့သည်ဟု တွေ့ရသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button