သတင်း

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကင်းစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မြောက်ဘက် မိုင်ဝက်ခန့်အကွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရှေ့ထွက်ကင်းစခန်းတစ်ခုကို ဒီဇင်ဘာ ၄ ရက်နေ့ ညသန်းခေါင်ယံတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မုံရွာ-ဘုတလင်လမ်းမပေါ်တွင် အင်အား ၁၅ ဦးနှင့် တပ်စွဲထားသည့် ထိုစခန်းကို ဒီပဲယင်းနှင့် ဘုတလင် အခြေစိုက် ဒေသကာကွယ်ရေးတပ်များက မိနစ် ၂၀ ခန့် တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စခန်းအတွင်း စစ်သားအလောင်းတစ်လောင်း ကျန်ရစ်ခဲ့ကာ MA 11 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည် ၅၀၀ ကျော်၊ ဗုံးသီး ၁၅ လုံး၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်များ၊ ဖုန်း၇ လုံး၊ ကျောပိုးအိတ်နှင့် ဆေးပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် Depeyin local Mobile Team တာဝန်ခံက ပြောသည်။

“ RPG (ပခုံးထမ်းလောင်ချာ) တစ်လုံး ပစ်လွှတ်တယ်၊။ xx တွေနေတဲ့ အဆောက်အအုံကို မှန်ပြီး မကွဲတော့ အသိပေးလိုက်သလိုဖြစ်ပြီး ထွက်ပြေးတယ်။ နောက်တစ်လုံး ပစ်တော့ ကွဲသွားတာ။ ပစ်ရှင်းပြီး အတင်းဝင်လုံးတာ” ဟု ၎င်းက ပြောသည်။

မုံရွာမြို့အနီးမှ စစ်စခန်းကို သိမ်းပိုက်ပြီး ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာချိန်အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထံမှ စစ်ကူ၊ ပစ်ကူ ရောက်လာခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။

မုံရွာမြို့မြောက်ဘက် ကပ်လျက် မုံရွာ-ဘုတလင်-ရေဦးအဝေးပြေးလမ်းမအနီးရှိ နမခသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ ဒေသများအတွင်း စစ်ဆင်ရေး တာဝန်ယူဆောင်ရွက်နေသည့်တပ်ဖြစ်သည်။ လက်ရှိတိုင်းမှူးမှာ ဗိုလ်ချုပ်သန်းထိုက် ဖြစ်သည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာ အောက်တိုဘာလကုန်ပိုင်းမှစ၍ တော်လှန်ရေးအင်အားစုများက နိုင်ငံအနှံ့ ထိုးစစ်ဆင်နေရာ မြို့၊ စစ်စခန်း၊ ရဲစခန်းတချို့ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးနေရသည်။

တရုတ်၊ ထိုင်း၊ အိန္ဒိယတို့နှင့် ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ တောင်းပိုင်းမှ လမ်းပိုင်းများကိုလည်း တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားကြသည်။

တစ်လကျော်အတွင်း ရှမ်းပြည်မြောက်ပိုင်းမှ မြို့ ၅ မြို့၊ စစ်ကိုင်းတိုင်းမှ ၃ မြို့၊ ချင်းပြည်နယ်မှ မြို့ ၃ မြို့တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီးဖြစ်သည်။

Show More

Related Articles

Back to top button