သတင်း

ကျောက်မဲနှင့် နမ့်ခမ်းရှိ စစ်တပ်စခန်း နှစ်ခုကို TNLA သိမ်းပိုက်

ရှမ်းမြောက်သို့ တက်ရာ အဓိကလမ်းကြောင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယမန်နေ့ တစ်ရက်အတွင်း TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများရရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ  မိုင်းလုံတပ်စခန်းနှင့် နမ့်ခမ်းမြို့နယ် မိုင်းဝီးတပ်စခန်းတို့ကို ယမန်နေ့ (ဒီဇင်ဘာ ၅) ညပိုင်းတွင် တိုက်ခိုက်သိမ်းယူခဲ့ကြောင်း တအာင်းတပ်မတော် (PSLF/TNLA) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကျောက်မဲ – မိုးကုတ်ကားလမ်းပေါ်ရှိ မိုင်းလုံတပ်စခန်းကို ယမန်နေ့ နံနက် ၅ နာရီခွဲခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီခန့်တွင် သိမ်းယူနိုင်ခဲ့ကြောင်း၊ ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးအပါအဝင်၊ သေနတ် ၁၃ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

“မိုင်းလုံတပ်စခန်းကတော့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး ကျောက်မဲဘက်ကနေ (လက်နက်ကြီး) တစ်နေကုန်နီးပါး ပစ်ခတ်တယ်…. ညရောက်မှ‌ ဝင်ရောက် ရှင်းလင်းနိုင်ခဲ့တယ်၊ အလောင်းတချို့လည်း တွေ့ရမြင်ရတာ ဖြစ်တယ်၊ ဘယ်လောက်ရှိတယ် မသိရသေးဘူး” ဟု TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

အဆိုပါ မိုင်းလုံးစခန်းသိမ်းတိုက်ပွဲတွင် အခြားမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

အလားတူ နမ့်ခမ်းမြို့နယ် မိုင်းဝီးတပ်စခန်းကို ၄ ရက်ကြာ တိုက်ခိုက်ပြီးနောက် ယမန်နေ့ ညသန်းခေါင်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နမ်းခမ်းမြို့အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိသည့် အဆိုတပ်စခန်းသည် စစ်ကောင်စီ မဆုတ်တမ်းခံစစ်စခန်းဖြစ်ပြီး ၆၀ မမ လက်နက်ကြီးအပါအဝင် သေနတ် ၁၀ လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်များ ရရှိခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

“မိုင်းဝီးတပ်စခန်းကတော့ စကခ ၁၆ လက်အောက်ခံ နည်းဗျူဟာ (၂) ထိုင်တဲ့နေရာဖြစ်တယ်။ မနေ့ ည ၁၂ လောက်မှာ ဝင်ရောက်ရှင်းလင်းလိုက်တာပဲဖြစ်တယ်”

သိမ်းပိုက်လိုက်သော လပခ လက်အောက်ခံ မိုင်းလုံမဆုတ်တမ်းခံစစ်စခန်း။ (ဓာတ်ပုံ – TNLA သတင်းနှင့် ပြန်ကြားရေးဌာန)

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းပေါ်ရှိ ကျောက်မဲ၊ သီပေါနှင့် အနီးတစ်ဝိုက်တွင်လည်း စစ်တပ်နှင့် TNLA တို့ စစ်ရေးပြင်းထန်နေပြီး ကျောက်မဲမှ သီပေါအဝင် ကျင်သီတံတား ချိုးခံထားရသလို ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် သီပေါ-လားရှိုးလမ်းမှ စဉ့်အင်တံတားလည်း ကျိုးသွားသောကြောင့် သီပေါနှင့် အနီးတစ်ဝိုက်တွင်လည်း စစ်ရေးအရှိန်တက်နေသည်။

အလားတူ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအနီး ယနေ့ တိုက်ပွဲဖြစ်နေပြီး TNLA နှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) လည်း ပါဝင်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင်လည်း ရှမ်းမြောက်သို့ စစ်ကူလာသော စစ်ယာဉ်တန်းများ ရောက်ရှိနေရာ ကျောက်မဲနှင့် သီပေါမြို့အကြား တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နိုဝင်ဘာ ၂၇ တွင် ကျောက်မဲမြို့ ခြေမြန်တပ်ရင်း အမှတ် (၅၀၂) တပ်စခန်းဝင်းသို့ ပြန်ဆုတ်ခွာသွားသည်။

တိုက်ပွဲဖြစ်ပွားမှုအပြီး ည ၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ မြို့အထွက် တိုးဂိတ်အဆောက်အအုံ၊ ဂိတ်အနီးရှိ ကုန်ကား ၃ စီး၊ ပန့်စက်သုံးဆီဆိုင် တစ်ဆိုင်တို့ မီးလောင် ပျက်စီးခဲ့ပြီး ရုပ်အလောင်း ၄ လောင်းကို ဒေသခံများ တွေ့ရှိခဲ့ရသည်။ သေဆုံးသူတို့ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။

ထို့ပြင် နိုဝင်ဘာ ၁၇ ရက်နေ့ကတည်းက သိမ်းယူရန် ကြိုးစားနေသည့် နမ်းခမ်းမြို့ အရှေ့ဘက် ကပ်လျက် စခန်းသစ်စခန်းကုန်းကိုလည်း TNLA က ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ရာ ယမန်နေ့နေ့က လေကြောင်းမှ ၁၆ ကြိမ်ခန့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့သိမ်းယူခဲ့သည့် စခန်းနှစ်ခုအပါအဝင်  “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ စစ်ကောင်စီတပ်စခန်း ၅၃ ခုကို ရှင်းလင်းသိမ်းပိုက်ရမိပြီး ဖြစ်သည်ဟု TNLA က ယနေ့ ထုတ်ပြန်သည်။

“၁၀၂၇” စစ်ဆင်ရေး ရက် ၄၀ ပြည့်သည့် ယနေ့တွင် ရှမ်းမြောက်ဒေသအတွင်းရှိ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါနှင့် ကျောက်မဲမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံတိုက်ခိုက်ခဲ့သည်ဟု TNLA က ဆိုသည်။ 

ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ နမ့်ဖတ်ကာတပ်စခန်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အထိုင်စခန်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သလို မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က အထက်ညောင်ကုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၂၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA ထံမှ သိရသည်။

စခန်းရာချီ စွန့်လွှတ်လိုက်ရသည့် တရုတ်နယ်စပ်သို့ စစ်ကောင်စီ စစ်ကူပို့ရ ခက်ခဲနေရခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် TNLA က တံတားတချို့ကို ဖျက်ဆီးပြီး လမ်းကြောင်းပိတ်ထားခြင်းလည်း ပါဝင်သည်။

စစ်ကောင်စီက တိုက်ပွဲသတင်းအနှစ်ချုပ် ထုတ်ပြန်နေသော်လည်း ပြီးခဲ့သည့် ၅ ရက်အတွင်း TNLA နှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသေးပေ။

နိုဝင်ဘာ ၃၀ ရက်နေ့ စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ညီနောင်အဖွဲ့များ သေဆုံးမှု များပြားနေသည်၊ ကျောက်မဲမြို့ဒေသခံတို့က ရုပ်အလောင်းအများအပြား တွေ့ရှိသည့်အထဲတွင် TNLA လက်နက်ကိုင်တို့၏ ရုပ်အလောင်းများလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။

ဒေသခံတို့ကမူ ထိုဖြစ်ရပ် ၎င်းတို့မသိဟု ဆိုကြသည်။

ယမန်နေ့တစ်ရက်အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော ရက္ခိုင့်တပ်တော် (AA) ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်ဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သလို ကိုးကန့်တပ်မတော် (MNDAA) က လောက်ကိုင်မြို့အဝင် တုံချိန်ရပ်ကွက်အနီး စစ်တပ်၏ လေးမျက်နှာစေတီကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

ဒီဇင်ဘာ ၅ ရက်က TNLA သိမ်းပိုက်ခဲ့သော စစ်တပ်စခန်းကုန်းနေရာ ၂ ခုပြမြေပုံ။

Show More

Related Articles

Back to top button