သတင်း

စစ်ရေးပြင်းထန်လာသောကြောင့် စစ်တွေဒေသခံများ ထွက်ပြေးတိမ်းရှောင်

ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲများဖြစ်နေသလို ကပ်လျက် ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေရာ ထိုနေရာနှစ်ခုနှင့် အနီးဆုံးဖြစ်သော မြို့တော်စစ်တွေမှ ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဆက်ဖြစ်နေသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရာ ပြည်နယ်မြို့တော် စစ်တွေတွင် နေထိုင်သူများလည်း ပါဝင်သည်ဟု သိရသည်။

စစ်တွေအနီးတစ်ဝိုက် ကျေးရွာများ မီးရှို့ခံရနေသည့်အပြင် တစ်နာရီခရီးသာ ဝေးသည့် ပေါက်တောမြို့တွင်လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း၊ စစ်တွေမြို့ပေါ်၌ အချိန်မရွေးစစ်ဆေးခြင်း၊ မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့ခံများက ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့မြောက်ဘက်ရှိ ဆတ်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ)၊ ရွှေမင်းဂံရပ်ကွက်၊ သုံးဆောင်၊ ဇော်မဒတ် စသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေသည်ဟု ဆတ်ရိုးကျရပ်ကွက်မှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ရဲရိုးပြင်၊ ခမောင်းတောဘက်တွေမှာ မီးရှို့ပစ်လို့ ကြောက်လို့ ထွက်ပြေးလာတာ။ ကြောက်လို့ ရှောင်ပြေးလာသူလည်း ရှိသလို မရှောင်ဘဲ ကျန်လိုက်တဲ့သူတွေလည်း ရှိပါတယ်”

“(စစ်သားတွေ) ကိုယ့်ရွာကို လာပြီး အနှောင့်အယှက်ပေးမလား၊ အိမ်တွေကို မီးရှို့မလားဆိုပြီး ကြောက်လို့ … ထွက်ပြေးကြတယ်” ဟုလည်း ယင်းအမျိုးသားက ပြောသည်။

ဆတ်ရိုးကျရပ်ကွက်တွင် အိမ်ခြေ ၁၀၀၀ ကျော်ခန့်ရှိပြီး လက်ရှိတွင် လေးပုံတစ်ပုံခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု သိရသည်။

“အုတ်တံတိုင်းတွေနဲ့ အိမ်တွေလည်း မရှိဘူး။ သွပ်မိုးပြီး ပျဉ်စီထားတဲ့အိမ်တွေ၊ ဝါးနဲ့ဆောက်ထားတဲ့ အိမ်….အုတ်ထရံနဲ့အိမ်တွေက မရှိ။ ဆိုတော့ မလုံခြုံသလို တွေ့တယ်။ အပေါ်ကလည်း လက်နက်ကြီးကျည် သွားနေတယ်။ ဂျိမ်း–ဂျိမ်းလို့ လက်နက်ကြီးကျည် သွားနေတော့ လုံခြုံမှုမရှိ” ဟု ဆတ်ရိုးကျရပ်ကွက်မှ အမျိုးသားက ပြောသည်။

အိမ်ခြေ ၉၀ ခန့်ရှိ သုံးဆောင်ရွာတွင်လည်း လူဦးရေအများအပြား ထွက်ပြေးသွားပြီဖြစ်ကာ အနည်းငယ်သာ အိမ်စောင့် ကျန်ရှိလိုက်တော့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“လူတိုင်းပြေးတာတော့ မဟုတ်ဘူး။ ကိုယ့်မှာက ကြိုတင်ပြင်ဆင်ထားတာ။ ဖြစ်လာတယ်ဆိုရင် မလွယ်ဘူး။ မဖြစ်ခင်ကပင် ကြိုရှောင်ထားတာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့တွင်း၌ စစ်တပ်က လှည့်လည်စစ်ဆေးနေပြီး ဧည့်စာရင်း မကြာခဏစစ်ကြောင်း၊ ပြည်နယ်အစိုးရရုံးတစ်ဝိုက်ကို လုံခြုံရေးထူထပ်စွာ ချထားပြီး လောကနန္ဒာစေတီမီးပွိုင့်မှ မြို့တွင်းနာရီစင်အထိ မေယုလမ်းကိုလည်း ပိတ်ထားကြောင်း ဒေသခံများက ဆိုသည်။

တိမ်းရှောင်လာသော ပေါက်တောဒေသခံတချို့ကို နိုဝင်ဘာ ၁၇ က တွေ့ရစဉ်။ (ဓာတ်ပုံ- Western News)

“လက်နက်ကြီးပစ်သံတို့၊ သေနတ်ပစ်သံတို့တော့ ကြားပါတယ်။ အခု ဒီတစ်ရက်နှစ်ရက်တော့ သိပ်မကြားရဘူး။ ဟိုးရက်ပိုင်းကတော့ လက်နက်ကြီးပစ်သံ ကြားလို့ ကြောက်လို့ ညဉ့်တောင် မအိပ်ရဲတာတွေရှိတယ်” ဟု စစ်တွေမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလ ၃ ရက်နေ့ ညနေပိုင်းက စစ်တွေနှင့် သုံးမိုင်ခန့်သာ ဝေးသည့် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာတို့ကို စစ်တပ်က မီးရှို့ကာ ပစ်ခတ်မှုများပြုလုပ်သဖြင့် နေအိမ်များ မီးလောင်ခဲ့သည်။

ရဲရိုးပြင်ရွာတွင် မီးရှို့ခံရ၍ နေအိမ် ၁၄၀ ခန့် မီးလောင်ပြာကျသွားပြီး ခမောင်းတောရွာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ နေအိမ်ငါးလုံး ပျက်စီးသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်းတွင် ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာကို ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် နေအိမ်များမီးလောင်လျက်ရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနက် ၁၀ နာရီကလည်း နေဗီကနေ စက်သေနတ်နဲ့ ပစ်ခဲ့တယ်။ အဲဒီတော့ ရွာကလူတွေ ထွက်ပြေးသွားကြတယ်။ အခြေအနေအရ ရွာကို ပြန်မလားလို့ ကြည့်နေကြတယ်။ အဲဒီကြားထဲမှာ နေ့လယ် ၁ နာရီလောက်မှာ ဂျိမ်း–ဂျိမ်း ဆိုပြီး ပစ်တယ်။ လက်နက်ကြီးက အများကြီးပစ်ခဲ့တယ်။ သေနတ်တွေနဲ့လည်း ပစ်တယ်။ ရွာထဲကို ပစ်တယ်။ တောင်ကိုလည်း ပစ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပေါက်တောမြို့တွင် စစ်တပ်နှင့် AA တို့ ရှိနေပြီး နှစ်ဖက်ပစ်ခတ်မှုများလည်း ရှိကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် နေအိမ်အများအပြား မီးလောင်သွားကြောင်း သိရသည်။

စစ်တပ်က AA နှင့် တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်ကပင် ပြည်နယ်တွင်း တစ်မြို့နှင့် တစ်မြို့သာမက ပြည်နယ​်ပြင်ပနှင့်ပါ အဆက်အသွယ်ဖြတ်တောက်ထားသည်။

ရခိုင်အခြေစိုက်မီဒီယာများသည် လူမျိုးရေး၊ စစ်ရေး ပဋိပက္ခများဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားဖြင့် လှုံ့ဆော်နေသည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

ထိုမီဒီယာများတွင် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ ကော်ပီယူ၍ ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေသူများကို အရေးယူရန် စာရင်းပြုစုနေကြောင်း၊ ပြည်ပ၌ နေထိုင်နေသူများဖြစ်လျှင် ဗီဇာသက်တမ်းတိုးချိန်တွင် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီ၏ ပြည်နယ်အစိုးရအဖွဲ့ ထိန်းချုပ်ထားသည့် “ရခိုင်နေ့စဉ်” လူမှုကွန်ရက်စာမျက်နှာတွင် ခြိမ်းခြောက်ရေးသားထားသည်။

ထို့ပြင် ပြည်နယ်အတွင်း လူမျိုးရေး၊ စစ်ရေး ပဋိပက္ခများဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လူမှုကွန်ရက်ပေါ်တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် မဟုတ်မမှန်သတင်းများ ရေးသည်ဟုဆိုကာ ယမန်နေ့ (ဒီဇင်ဘာ ၄) တွင် စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်မှ ကိုကျော်နိုင်လင်းနှင့် ရဲနွယ်စုရပ်ကွက်မှ စောခင်အေး (ခ) အဘု တို့ကို ဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု ဖော်ပြထားသည်။

ယင်းမတိုင်မီ ဒီဇင်ဘာ ၁ ရက်ကလည်း မြို့သူကြီးရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ လူငယ် ၁၀ ဦး၊ နိုဝင်ဘာ ၃၀ ရက်က မင်းဂံ ကယ်ဆယ်ရေးရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင်လည်း လူငယ် ၁၁ ဦးကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ထို့အတွက် စစ်တွေမြို့မှ လူငယ်အများအပြား တိမ်းရှောင်နေရပြီး လမ်းသွားလမ်းလာများ ယခင်ကထက် နည်းပါးသွားသည်ဟု မြို့ခံများက ဆိုသည်။

“လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တွေ အဖမ်းခံရတယ်။ လမ်းသွားရင်း စစ်ကောင်စီကားနဲ့ တွေ့လို့ အဖမ်းခံရတယ်။ အဲလို အမျိုးမျိုးကြားနေတော့ ကလေးတွေကို စိုးရိမ်တယ်။ ဒါကြောင့် သားတွေကို အပြင်မထွက်ခိုင်းတော့ဘူး။ မိဘတချို့က သူတို့သားတွေကို စိတ်ပူလို့ တခြားနေရာတွေကို ပို့လိုက်ကြတာရှိတယ်” ဟု စစ်တွေမြို့ခံ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ တက်ကြွလှုပ်ရှားသူများ၊ ပရဟိတလုပ်သူများလည်း တိမ်းရှောင်နေကြရပြီး စစ်တွေမြို့ အပါအဝင် ရခိုင်ဒေသမြို့နယ်များတွင် ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရသည်။

ရခိုင်ဒေသတွင်း စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် အရပ်သားပြည်သူ ၁၀၀ နီးပါး စစ်ကောင်စီ၏ အင်အားသုံးဖမ်းဆီးခြင်းခံရသည်ဟု နိုဝင်ဘာလကုန်ပိုင်းတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button