ပလက်ဝမြို့နယ်မှ ချင်းတိုင်းရင်းသားတစ်ဦး အပါအဝင် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားသူ ၂၁ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ယနေ့ (အောက်တိုဘာ ၆) တွင် တောင်းဆိုလိုက်သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်၏ အဆိုအရ ၂၀၁၅ မှ ယနေ့အထိ AA ၏ ဖမ်းဆီးခံရသူ ပလက်ဝဒေသ ခံ စုစုပေါင်း ၂၀၀ ကျော်အနက် ၁၈၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့ပြီး အများစုမှာ ၂၀၁၉ နှင့် ၂၀၂၀ အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရထားသူအများစုမှာ ပလက်ဝမြို့နယ်အတွင်းရှိ လေးမြို့ချောင်း၊ ပီချောင်းနှင့် ကုလားတန်မြစ်ဝှမ်းတစ်လျှောက်ရှိ ကျေးရွာများမှဖြစ်ပြီး ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များနှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စျေးဝယ်ပြီး ပြန်လာသည့် အသက် ၃၁ နှစ်အရွယ် ဆလိုင်းအောင်စိုး အပါအဝင် လူငယ် ၄ ဦးကို ဇူလိုင် ၂၉ က ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် ငသရိုင်းရွာအနီးတွင် AA အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဦးစိုးထက်က ဆိုသည်။
၎င်းတို့ကို တစ်လခန့်ကြာ ဖမ်းဆီးထားပြီးနောက် လူငယ်သုံးဦးကို ဩဂုတ် ၂၅ တွင် ပြန်လွှတ်ပေးလိုက်သော်လည်း ဆလိုင်းအောင်စိုးကိုမူ စစ်ဆေးမေးမြန်းခြင်းမပြီးသေးဟုဆိုကာ ဆက်လက်ဖမ်းဆီးထားခဲ့သည်ဟု ၎င်းက ပြောသည်။
ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ AA ၏ စက်တင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်တွင် ပျောက်ဆုံးနေသည့် ပလက်ဝဒေသခံများမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ပျောက်ဆုံးနေသည့် ပလက်ဝဒေသခံများကို ထိန်းသိမ်းထားခြင်းမရှိကြောင်း၊ အခြေအနေအရ ခေါ်ယူစစ်ဆေးခဲ့သည့် ဒေသခံများကိုလည်း အပြစ်မရှိပါက နှိပ်စက်၊သတ်ဖြတ်ခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်က ဆိုသည်။
AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က “သူတို့ (AA) က သူတို့ဆီမှာ မရှိတော့ဘူးပြောနေတော့ မရှိတော့ဘူးဆိုရင် ဒီလူတွေက ဘယ်ရောက်သွားတာလဲ။ သတ်ပစ်လိုက်တာလား၊ ဘယ်လိုပုံစံမျိုး မရှိတော့ဘူး ပြောတာလဲ။ သူတို့ထုတ်ပြန်ချက်တွေက အပေါ်နဲ့အောက် ကွဲလွဲချက်တွေရှိတယ်” ဟု ပြောသည်။
ဆလိုင်းအောင်စိုး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။
ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် ဗဟိုချင်းလူငယ်အဖွဲ့အစည်းကလည်း အောက်တိုဘာ ၃ တွင် ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်။
ဆလိုင်းအောင်စိုးသည် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း၊ ၎င်းကို ဖမ်းဆီးရသည့် အကြောင်း ရင်းနှင့် ကျန်းမာရေးအခြေအနေကို အမြန်ဆုံး အသိပေးစေလိုကြောင်း ဗဟိုချင်းလူငယ်အဖွဲ့အစည်းဥက္ကဋ္ဌ ဦးနိုးဘိခ်ထန်က ပြောသည်။
“သူက လူငယ်လှုပ်ရှားမှုတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီတာပဲရှိတယ်။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမရှိဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ပလက်ဝမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်မောင်ကို ပလက်ဝမြို့ရှိ ၎င်း၏နေအိမ်၌ ဧပြီ ၁၂ တွင် AA က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဝန်ကြီးဦးစိုးထက်က ပြောသည်။