သတင်း

ပဲခူးတိုင်း၊ မုန်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အတွင်းရှိ မုန်းမြို့ကို သိမ်းယူနိုင်ရန် ဒေသအခြေစိုက် စစ်ကောင်စီ တပ်ရင်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ (ဒီဇင်ဘာ ၄) တွင် ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်​နေသည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များက မုန်းမြို့ကို ဒီဇင်ဘာ ၂ ရက်နေ့ ညပိုင်းမှ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။

မုန်းမြို့၏ တောင်ဘက်နှင့် အရှေ့ဘက်တို့တွင် အထိုင်ချထားသည့် ခြေလျင်တပ်ရင်း (ခမရ) နှစ်ခု၏ စခန်းများကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု NUG လက်အောက်ရှိ အမှတ် (၂) စစ်ဒေသခွဲမှ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ဆိုသည်။

“ခမရ ၅၉၉ နဲ့ ခမရ ၅၉၀ ကိုလည်း ကျွန်တော်တို့ ကောင်းကောင်းထိန်းချုပ်နိုင်ပါပြီ။ ရှင်းလင်းရေးတွေက ဆောင်ရွက်ဆဲပါပဲ။ အခုချိန်အထိကတော့ တိုက်ပွဲပြင်းထန်နေပါတယ်” ဟု ပြောသည်။

ထိုဒေသတွင် စစ်ကောင်စီ တပ်ရင်းဌာနချုပ်များ တိုက်ခိုက်ခံနေရပြီး မုန်းမြို့ပေါ်ရှိ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရကြောင်းကို စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၄ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွင် ထည့်သွင်းပြောဆိုထားသည်။

“အဲ့ဒီမှာ ရှိခဲ့တဲ့ ကျွန်တော်တို့ တပ်ရင်းနှစ်ရင်း၊ ပြီးရင် ဖြူးဘက်ကနေ မုန်းဘက်ကို ဝင်တဲ့ တံတားဂိတ်နဲ့ ရဲစခန်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ရဲစခန်းမှာ လူအင်အားနည်းတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေအနေနဲ့ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ခဲ့ရတာ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

KNLA ၏ ယမန့်နေ့ (ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်ချက်တွင် မုန်းမြို့ကို ပူးပေါင်းစစ်ကြောင်း ၅ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေသည်၊ စစ်ကောင်စီကလည်း ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

NUG ၏ အမှတ် (၂) စစ်ဒေသခွဲမှ ရဲဘော်တင်ဦးက တိုင်းရင်းသားမဟာမိတ်များနှင့် လက်တွဲပြီး စစ်ဆင်ရေးစီမံချက်အတိုင်း မြို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မုန်းမြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ ထိန်းချုပ်ထားပါပြီ။ မုန်းမြို့ကို ရှင်းလင်းရေးကတော့ ဆောင်ရွက်ဆဲပါပဲ”

ကျောက်ကြီးမြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်တွင် တည်ရှိသည့် မုန်းမြို့သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၀၀၀၀ ကျော်ခန့် နေထိုင်သည်။

မြို့၏အနောက်ဘက်တွင် စစ်တောင်းမြစ်၊ တောင်ဘက်ခြမ်းရှိ တုံးတောရွာတွင် ခမရ- ၅၉၉ နှင့် မြို့အရှေ့ဘက်အခြမ်းရှိ ရေအိုးစဉ်ရွာတွင် ခမရ-၅၉၀ တပ်စွဲထားသည်။

KNU ၏ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်အရ ကျောက်ကြီးမြို့နယ်သည် တပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်တွင် ပါဝင်သည်။

Show More

Related Articles

Back to top button