ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အတွင်းရှိ မုန်းမြို့ကို သိမ်းယူနိုင်ရန် ဒေသအခြေစိုက် စစ်ကောင်စီ တပ်ရင်းတပ်ရင်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ (ဒီဇင်ဘာ ၄ ရက်) တွင် ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။ တိုင်းရင်းသားမဟာမိတ်များနှင့် လက်တွဲပြီး စစ်ဆင်ရေးစီမံချက်အတိုင်း မြို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့၏အချက်အချာကျသည့် နေရာများကို ထိန်းချုပ်ထားနိုင်ပြီဟု NUG လက်အောက်ရှိ အမှတ် (၂) စစ်ဒေသခွဲမှ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ဆိုသည်။ ကျောက်ကြီးမြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်တွင် တည်ရှိသည့် မုန်းမြို့သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၀၀၀၀ ကျော်ခန့် နေထိုင်သည်။ မြို့၏အနောက်ဘက်တွင် စစ်တောင်းမြစ်၊ တောင်ဘက်ခြမ်းရှိ တုံးတောရွာတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ- ၅၉၉ နှင့် မြို့အရှေ့ဘက်အခြမ်းရှိ ရေအိုးစဉ်ရွာတွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၅၉၀ တို့ နေရာယူ တပ်စွဲထားသည်။ မေးမြန်း၊ တည်းဖြတ် – လင်းထင်၊ ဟန်သစ်
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။