သတင်း

ရသေ့တောင်နှင့် မင်းပြားတွင် တိုက်ပွဲဖြစ်ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရ 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်များတွင် ယခု အောက်တိုဘာလဆန်းမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး အပြန်အလှန်ပစ်ခတ်မှုများကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ 

ယနေ့ (အောက်တိုဘာ ၅) နံနက် ၁၁ နာရီခန့်တွင် မယူမြစ်အတိုင်းတက်လာသည့် တပ်မတော်စစ်ရေယာဉ်တစ်စီးက ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် အနောက်မြောက်ဘက်ရှိ စဖိုကျွန်းကံပြင်‌ကျေးရွာတွင် ရောက်ရှိနေသည့် စစ်ရှောင်တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စစ်ရှောင်များအရေးကူညီပေးနေသည့် ရသေ့တောင်မြို့ခံ ကိုဘက္ကာက ပြောသည်။ 

အသက် ၇၃ နှစ်အရွယ် ထီးစွဲရွာသား ဦးသင်္ကြန်လုံးမှာ ကျည်ထိမှန်မှုကြောင့် ဘယ်ဘက်တင်ပါးတွင် ဒဏ်ရာရရှိခဲ့ပြီး မယူမြစ်အတွင်း သွားလာနေသည့် တပ်မတော်စစ်ရေယာဉ် ၆ စီးခန့်အနက် တစ်စီးမှ ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ကိုဘက္ကာက ဆိုသည်။ 

ဒဏ်ရာရရှိသူကို ယနေ့နေ့လယ်ပိုင်းတွင် စေတီပြင်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ဒဏ်ရာမှာ စိုးရိမ်ရသည့်အတွက် စစ်တွေဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရသည်ဟုလည်း ကိုဘက္ကာက ပြောသည်။ 

တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရသေ့‌တောင်မြို့အတွင်း ယနေ့မနက်တွင် လူအသွားအလာ ပြတ်တောက်နေပြီး စျေးဆိုင်များလည်း ပိတ်ထားကြသည်ဟု ၎င်းက ဆိုသည်။

“ပစ်တာတော့ အချက်ရေအများကြီးပဲ။ ရွာထဲကို ဘယ်နှချက်ကျလဲတော့ မသိဘူး။ ကျွန်တော်တို့လည်း ဝပ်နေရတာ” ဟု စစ်ရှောင်စခန်းတွင် ရောက်ရှိနေပြီး ပစ်ခတ်ခံရမှုကို မျက်မြင်တွေ့ရှိခဲ့သူ ထီးစွဲရွာသား ကိုကျော်တင်မောင်က Myanmar Now ကို ပြောသည်။

တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် ဧရိယာဖြစ်သော ရသေ့‌တောင်မြို့နယ် ကျောက်တန်းတိုက်နယ်အတွင်း အောက်တိုဘာ ၃ နှင့် ၄ တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

ရသေ့တောင်မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကျောက်တန်း၊ အောင်သာစည်၊ ထီးစွဲကျေးရွာများအနီးတွင် တိုက်ပွဲများ ယနေ့မနက်အထိ ဖြစ်ပွားနေကြောင်း၊ တပ်မတော်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲပိုင်း တစ်ကြိမ်၊ အောက်တိုဘာ ၄ ညပိုင်းတွင် တစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဦးခင်မောင်လတ်က ဆိုသည်။

“ဒီနေ့ (အောက်တိုဘာ ၅) လည်း ပစ်နေတာပဲ နေဗီ (ရေတပ်) ကလည်း ပစ်တယ်။ လက်နက်ကြီးတွေလည်း ပစ်နေတာပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရသေ့တောင်တိုက်ပွဲဧရိယာအတွင်းသို့ အောက်တိုဘာ ၄ ည ၉ နာရီခန့်တွင် ဘူးသီးတောင်မြို့အနောက်ဘက်တွင် နေရာယူထားသည့် တပ်မတော်က လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ပြောသည်။

ထီးစွဲကျေးရွာအတွင်း အခိုင်အမာခြေကုပ်ယူကာ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ကုန်းလမ်းနှင့် ရေလမ်းများကို နှောင့်ယှက်ပစ်ခတ်နေသော AA စခန်းတစ်ခုကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ရမိခဲ့ကြောင်း တပ်မတော်က ယမန်နေ့ (အောက်တိုဘာ ၄) တွင် ထုတ်ပြန်ခဲ့သည်။

AA အဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့်အတွက် တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar Now က AA ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

စက်တင်ဘာလမှစ၍ စစ်တွေ – မင်းပြား – အမ်း ပြည်ထောင်စုလမ်းကို လုံခြုံရေးယူနေသည့် တပ်ဖွဲ့များနှင့် AA တို့ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃ တွင် တောင်ဘုတ်ကေကျေးရွာအနီး၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။ 

မင်းပြားမြို့နယ်ရှိ ရာမောင်တံတားအနီးနှင့် မေလွန်းရွာအနီးတွင် စက်တင်ဘာ ၃၀ မှစ၍ တိုက်ပွဲများဖြစ်ပွားမှုကြောင့်လည်း မေလွန်းရွာသားများ ရက်အနည်းငယ်ကြာ စစ်ရှောင်နေခဲ့ရသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

အောက်တိုဘာ ၁ တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် ရာမောင်တံတား တစ်ဖက်ကမ်းရှိ သေကန်ရွာမှ အမျိုးသမီးတစ်ဦးမှာ ဘယ်ဘက်ခြေသလုံးတွင် သေနတ်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဒဏ်ရာရရှိသူမှာ ၅၃ နှစ်အရွယ် ဒေါ်သိန်းနုစိန်အမည်ရှိ အမျိုးသမီးဖြစ်ကြောင်း ဦးလှသိန်းအောင်က ပြောသည်။ 

ရသေ့တောင်နှင့် မင်းပြားမြို့နယ်များတွင် စခန်းချထားသည့် AA တပ်ဖွဲ့ဝင်များရှိရာကို တပ်မတော်က ထိုးစစ်ဆင်လာပြီး ရဟတ်ယာဉ်များနှင့်ပါ တိုက်ခိုက်သောကြောင့် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု AA က အောက်တိုဘာ ၃ တွင် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားမည့်ကာလကို အောက်တိုဘာလကုန်အထိ တိုးမြှင့်လိုက်ကြောင်း တပ်မတော်က စက်တင်ဘာ ၂၉ တွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့လှုပ်ရှားရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ မပါဝင်ပေ။  

စစ်ရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အောက်တိုဘာ ၁ ရက်နေ့အထိ အချက်အလက်များအရ ရခိုင်ပြည်နယ်တွင် စစ်ရှောင်အရေအတွက်စုစုပေါင်းမှာ ၂၂၆,၀၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။ 

Show More

Related Articles

Back to top button