
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် နေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိသဖြင့် မိသားစုဝင် ၃ ဦး သေဆုံးသွားကာ ၂ နှစ်အရွယ်ကလေး မိဘမဲ့အဖြစ် ကျန်ရစ်သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ည (နိုဝင်ဘာ ၂၈) ၁၀ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ် စစ်ကောင်စီဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာ တုံဆင်လုံရွာတွင် ရှိသည့် ဦးနော်ခမ်း၏ နေအိမ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုကြောင့် ၃၅ နှစ်အရွယ် ဒေါ်အမ်ပူး ဦးခေါင်းကြေမွဒဏ်ရာ၊ ၇ နှစ်သမီး လွေးအမ်ကြာ ရင်ဘတ်တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
၄၅ နှစ်အရွယ် ဦးနော်ခမ်းလည်း ခန္တာကိုယ်ညာဘက်တစ်ခြမ်းလုံး ထိခိုက်ဒဏ်ရာရပြီး ကွတ်ခိုင်ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လက်နက်ကြီးက ပစ်ထည့်လိုက်တာ၊ အဲဒီအိမ်က မိသားစုတွေ တန်းစီပြီးမှ အိပ်နေတဲ့အချိန်မှာ အမျိုးသမီးရဲ့ ခေါင်းတည့်တည့်ကို ထိသွားပြီးတော့ ခေါင်းပျောက်သွားတယ်၊ အမျိုးသားကလည်း လက်တစ်ဖက်ပျောက်သွားတယ်၊ အမေနဲ့အတူ ကလေးမတစ်ယောက်က ဆုံးသွားတယ်” ဟု ဒေသခံက ပြောသည်။
တစ်ဦးတည်း ရှင်သန်ကျန်ရစ်သူ ၂ နှစ်သား မိုင်းအိုက်နွေသည်လည်း ခြေထောက်တွင် လက်နက်ကြီးစများ ထိမှန်ပြီး ကွတ်ခိုင်မြို့ဆေးရုံတွင် ရှိနေသည်။
မိဘများမရှိတော့သည့် ထိုကလေးငယ် ဆေးကုသမှုခံယူရန် ရပ်ဆွေရပ်မျိုးများက လတ်တလော တာဝန်ယူထားသည်ဟုလည်း အထက်ပါ ဒေသခံက ပြောသည်။

ဒဏ်ရာရ သားအဖကို ကွတ်ခိုင်ဆေးရုံသို့ ကားဖြင့် ပို့ဆောင်စဉ် ဆေးရုံအရှေ့ဘက်ရှိ မီးသတ်စခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ အမျိုးသမီးက ပြောသည်။
“လက်နက်နဲ့ လှမ်းပစ်တော့ ကားက ဘီးလည်း ပေါက်သွားတယ်၊ ကားလည်း ဘေးဘောင်တွေ တော်တော်လေး ပျက်စီးသွားတယ်။ လက်နက်ရာတွေအများကြီးပဲ၊ လူမထိတာ ကံကောင်းတယ်” ဟု ပြောသည်။
ဆေးရုံတွင် သေဆုံးသွားသည့် အသက် ၄၅ နှစ်အရွယ် ဦးနော်ခမ်း၏ အလောင်းကို စစ်ကောင်စီတပ်က ရွာသို့ ပြန်လည်သယ်ယူခွင့် မပြုသည့်အတွက် ဆေးရုံရှိ မီးသင်္ဂြိုဟ်စက်တွင် ယနေ့နံနက်ပိုင်းက သင်္ဂြိုဟ်လိုက်ရသည်၊ ရွာတွင် ကျန်ရှိသည့် မိသားစုဝင် ၂ ဦးကိုလည်း ယနေ့တွင်ပင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က တစ်နေကုန်နီးပါး ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီဗျူဟာစခန်း၏ လက်နက်ကြီးပစ်ခတ်သံများကို ညသန်းခေါင်ယံအထိ ကြားနေရသည်ဟု မြို့ခံတချို့က ပြောသည်။ မြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်က ထိုသို့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံတချို့ကဆိုသည်။
လတ်တလော ကွတ်ခိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ဆက်လက်တပ်စွဲထားဆဲဖြစ်သည်၊ မြို့အထွက်လမ်းတချို့ကို တိုင်းရင်းသားလက်နက်ကိုင်များက ပိတ်ဆို့ထားသည့်အတွက် မြို့တွင်း၌ ရွှေ့ပြောင်းအလုပ်သမားတချို့ ပိတ်မိနေကာ လူခြေတိတ်လျက်ရှိသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ကွတ်ခိုင်မြို့၏ ပတ်လည်တွင် ရှိသည့် စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ပြီး မြို့တောင်ဘက်တွင် ရှိသည့် သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားကြသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ ပန်ဆိုင်း၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံမြို့တို့ကိုလည်း ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်အဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ထားသည်၊ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၇၈ ခုကို တိုက်ခိုက်သိမ်းယူထားသည်ဟု MNDAA က ယမန်နေ့ (နိုဝင်ဘာ ၂၈) ရက်တွင် ထုတ်ပြန်ထားသည်။