
၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်အင်အားစုက စစ်ကောင်စီတပ်စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအနှံ့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
နိုဝင်ဘာ ၂၆ နှင့် ၂၇ရက်နေ့တို့တွင် ကိုးကန့်ဒေသ၊ လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ မူဆယ် မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများစွာကို တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့မှ စခန်းတစ်ခုနှင့် ကိုးကန့်ဒေသမှ စခန်းတစ်ခုတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီခန့်က ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းကို တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့ ပူးပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ စခန်းကို ဒရုန်းများဖြင့် ဦးစွာဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်တပ်များက မိနစ် ၃၀ ခန့် ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု TNLA ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

“ကျောက်မဲမြို့နယ်ထဲမှာရှိတဲ့ ပန်ဆန်တပ်စခန်းပေါ့၊ ဒေသအခေါ်ကတော့ မန်စံခေါ်တာပေါ့။ အဲဒီပန်ဆန်တပ်စခန်းလည်း ကျွန်တော်တို့ ဝင်ရောက် ရှင်းလင်းသိမ်းပိုက်နိုင်တာရှိတယ်၊ နောက်တစ်နေရာကတော့ လားရှိုးမြို့နယ် ဟိုဟတ်ရွာနားမှာလည်း တိုက်ပွဲဖြစ်ပွားတာရှိတယ်” ဟု တာအိုက်ကျော်က ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်းမူဆယ်မြို့နယ် နမ့်ပေါ်တံတားတိုက်ပွဲ၊ လားရှိုးနှင့် သိန္နီမြို့ကြားရှိ မိုင်းလီရွာတိုက်ပွဲ၊ ကျောက်မဲမြို့နယ် နားခေါရွာနှင့် ကောင်းမှုလိန်ရွာတိုက်ပွဲ၊ လားရှိုးမြို့နယ် ဟိုဟတ်ရွာတိုက်ပွဲတို့ ဖြစ်ပွားခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းကလည်း ကျောက်မဲမြို့အထွက်ရှိ Asia World တိုးဂိတ်ရှိ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သူက ပြောသည်။
“မနေ့က ညနေမှာတော့ ကျောက်မဲဘက်က Asia World တိုးဂိတ်နားက သူတို့ရဲ့ ယာယီစခန်းပေါ့၊ အဲဒီစခန်းကိုတော့ သွားရောက်ရှင်းလင်းတိုက်ခိုက်တာရှိတယ်၊ အဲဒီမှာ လက်နက်တွေ အလောင်းတွေ သိမ်းဆည်းရမိတာရှိတယ်” ဟု ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် တိုးဂိတ်နှင့် စက်သုံးဆီဆိုင်အနီး ရပ်ထားသည့် တွဲကားနှစ်စီး မီးလောင်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျေးရွာအချို့ရှိ နေအိမ်များပျက်စီးခဲ့သလို ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
မူဆယ်မြို့နယ်အနီးတွင်လည်း နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ၁၀၅ မိုင်ဘုရားကုန်း အနောက်ဘက်ရှိ စစ်ကောင်စီတပ်၏တပ်စခန်းက လက်နက်ကြီးများအပြင် ဒရုန်းများနှင့်ပါ ပစ်ခတ်နေရာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးတွင်လည်း လက်နက်ကြီးများ မကြာခဏ ကျရောက်ပေါက်ကွဲနေသည်။
“၁၀၅ မိုင် ဘုရားကုန်းအနောက်ခြမ်းမှာ နေပြီးမှ လက်နက်ကြီးရော ဒရုန်းတွေနဲ့ (ပစ်ချတဲ့) Drop ဗုံးတွေရော၊ လေယာဉ်နဲ့ရော ၁၀၅ မိုင်တစ်ဝိုက်ကတော့ မနေ့က တောက်လျှောက်ပစ်နေတာ” ဟု တာအိုက်ကျော်က ပြောသည်။
စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ယမန်နေ့ ညနေပိုင်းက မူဆယ်မြို့ နွားခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇ နှစ်နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသည်ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မူဆယ် ၁၀၅ မိုင် ကားဝင်းအတွင်းရှိ ယာဉ်မောင်းတစ်ဦးလည်း ရင်ဘတ်တွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့နံနက်တွင်လည်း မူဆယ်မြို့ရှိ ပြည်ထောင်စုအားကစားကွင်းအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို စုပေါင်းရုံးအတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စစ်အင်အားလည်း ထပ်တိုးထားဖွယ်ရှိသည်ဟု အထက်ပါ ဒေသခံက ပြောသည်။
“လူအင်အား လက်နက်အင်အား တိုးတယ်လို့ထင်တယ်ဗျ၊ ဘာလို့လဲဆိုတော့ အရင်ရက်ကလည်း ဘောလုံးကွင်းထဲကို ဟတ်စကီးချတယ်လို့ သိရတယ်ဗျ၊ ဘာတွေချလည်းတော့ မသိရဘူး။ လူလည်းချတယ်၊ ရိက္ခာတွေလည်းချတယ်၊ လက်နက်တွေလည်းချတယ်လို့ ခန့်မှန်းလို့ရပါတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
မူဆယ်မြို့တိုက်ပွဲများတွင် TNLA တပ်များအပြင် MNDAA တပ်များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး မူဆယ်ရှိ စစ်ကောင်စီတပ်များနှင့် မုံးကိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လုံခမ်းစခန်းကို တိုက်ခိုက်နေသည်။

ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်နေသည်၊ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက တုန်းရှမ်းဒေသ ဓာတ်အားပေးစက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး အဆိုပါ နေရာကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးရတိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် MNDAA ပြောခွင့်ရ လီကျားဝင်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် အခြားဒေသများက တိုက်ပွဲများအကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ မူဆယ်တိုက်ပွဲအကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ထိတွေ့တိုက်ပွဲအနေနဲ့ မနေ့ညဘက်ကတော့ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။ တပ်မတော်အနေနဲ့ တိကျစွာနှိမ်နင်းခဲ့တဲ့အတွက် ဒီမနက်ပိုင်းမှာတော့ အဲဒီဘက်မှာ ထိတွေ့တိုက်ပွဲ မရှိခဲ့ပါဘူး။ ရန်သူအနေနဲ့ အထိအခိုက်အကျအဆုံးများစွာရှိတယ်ဆိုတာ သိရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် မုံးစီးမြို့နယ်၊ ကုန်းကြမ်းမြို့တို့ရှိ စစ်ကောင်စီစခန်းများ Drop ဗုံးများကြဲခံရပြီး ကရင်နီပြည်နယ်၊ ချင်းပြည်နယ်ရှိ ပလက်ဝဒေသ ထရွန်အိုင်နှင့် နုန်းဘူးတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၇ ရက်မှစတင်ကာ ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်း ၂၂၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် မြို့နယ်အချို့ကို ဝိုင်းပတ်ပိတ်ဆို့ကာ ထိန်းချုပ်ထားသည်။
ချင်းရွှေဟော်၊ ကွမ်းလုံ၊ ပန်ဆိုင်း (ကြူကုတ်)နှင့် မုံးကိုးမြို့နယ်တို့ကို အပြည့်အဝထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေသည်။