
ထားဝယ်မြို့၊ ဟိန္ဒားသတ္ထုတွင်းဒေသတွင် ယနေ့ (နိုဝင်ဘာ ၂၃) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ သားအမိနှစ်ဦး လက်နက်ကြီးကျည်စထိပြီး သေဆုံးခဲ့ရကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ပြောသည်။
နံနက် ၅ နာရီခန့်က ကျောက်မဲတောင်ရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်းချိန်တွင် ထိုစခန်းနှင့် ၃ မိုင်ခန့် ဝေးသည့်နေရာမှ မိုင်းတွင်းစောင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်၊ ရဲစခန်းအနီးမှ လူနေအိမ်ကို ထိမှန်ခဲ့ရာမှ အသက် ၈ နှစ်အရွယ် ကလေးငယ်နှင့် သူ၏ ၄၆ နှစ်အရွယ် မိခင် ဒေါ်မိပုတို့ သေဆုံးခဲ့သည်ဟု ထားဝယ်ခရိုင် ပ.က.ဖ တာဝန်ခံ ရဲဘော်ဇီဝကထံမှ သိရသည်။
“ဟိန္ဒားမှာ လက်နက်ကြီးအထိုင်ရှိတယ်။ အဲဒီက ပစ်တယ်လို့ သိရတယ်။ တပ်တော့ မဟုတ်လောက်ဘူး။ ရှေ့တန်းစခန်း၊ လုံခြုံရေးယူထားတဲ့ စခန်းပေါ့။ သတ္တုမိုင်းအတွက် လုံခြုံရေး ယူပေးထားတာ ဖြစ်မယ်” ဟု သူက ပြောသည်။
တိုက်ပွဲသည် နေ့လယ် ၁၁ နာရီခန့်အထိ ဖြစ်ပွားခဲ့ပြီး သတ္ထုမိုင်းကို လုံခြုံရေးယူပေးထားသည့် စစ်တပ်အပြင် မိုင်းတွင်းအနီးရှိ မေတ္တာမြို့ အခြေစိုက် ခမရ (၄၃၃) တပ်တို့ကလည်း လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ကျောက်မဲတောင်ရွာနှင့် ကပ်လျက် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် တောင်သုံးလုံးရွာသို့လည်း ကျည်ဆန်များ ကျရောက်ခဲ့ပြီး ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု တောင်သုံးလုံးရွာခံ အမျိုးသားက ပြောသည်။
နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ထဲမှ ဟိန္ဒား၊ ကျောက်မဲတောင်နှင့် တောင်သုံးလုံးကျေးရွာတို့သည် ခဲမဖြူထွက်ရှိသည့် နေရာများဖြစ်သည်။
ထိုင်းပိုင် မြန်မာပွန်ပီပက် (Myanmar Pongpipat) ကုမ္ပဏီက ကာလရှည် သတ္တုတူးဖော်ခဲ့ရာမှ ၂၀၂၀ တွင် စီမံကိန်းမှ ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီက သတ္တုမိုင်းကို ၎င်းတို့အစီအစဉ်ဖြင့် ပြန်လည်တူးဖော်ရန် စီစဉ်နေကြောင်း ဒေသတွင်းသတင်းဌာန Dawei Watch က ရေးသားသည်။
ဟိန္ဒားရွာထိပ်ရှိ မြန်မာပွန်ပီပက် ရုံးခန်းဟောင်းနေရာတွင် စစ်ကောင်စီတပ်စွဲထားပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ပျူစောထီးပြည်သူ့စစ်တစ်ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု Dawei Watch က ရေးသားသည်။

တနင်္သာရီတိုင်းသည် မြန်မာ-ထိုင်း အဓိက ကုန်သွယ်ရေးအချက်အချာလမ်းမကြီးဖြစ်သည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး တည်ရှိပြီး စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဒေသဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်း ၅ ရင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄)၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တနင်္သာရီတိုင်းတွင် နယ်မြေစိုးမိုးမှု အားကောင်းသည်ဟု သိရသည်။