သတင်း

တိုက်ပွဲများကြောင့် ရေတာရှည် ဒေသခံ ၄၀၀၀ ကျော် စစ်ရှောင်ရ

တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများရှိသော ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် ကျေးရွာ ၈ ရွာခန့်မှ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရသည်။

နိုဝင်ဘာ ဒုတိယအပတ်မှစ၍ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ တိုက်ပွဲများဖြစ်နေရာ အင်ကြီးပေါက်၊ ရေတာရှည်လေး၊ စီပိုင်း၊ ကျွန်းကုန်း၊ နကျပ်၊ အင်းတိုင်တော၊ ဆယ်ဝတော၊ ပိတောက်ကုန်းကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးနေရခြင်း ဖြစ်သည်။

အထူးသဖြင့် နကျပ်၊ အင်ကြီးပေါက်နှင့် စည်ပိုင်း ကျေးရွာတို့မှာ ရွာလုံးကျွတ် ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု စစ်ရှောင်အရေးကူညီနေသူတချို့နှင့် ဒေသခံများက ပြောသည်။

“အိမ်တွေက မီးရှို့ခံရ၊ လက်နက်ကြီးနဲ့ ပစ်တော့ ရွာတွေက ပျက်စီးနေပြီ။ နေလို့လည်း မရတော့ဘူး၊ ရွာလုံးကျွတ်တွေ ပြောင်းတဲ့ရွာတွေလည်း ရှိတယ်၊ မနေရဲလို့ ရှောင်ကြတဲ့သူတွေလည်း ရှိတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နေပြည်တော်နှင့် မိုင် ၅၀ ခန့်အကွာတွင် ရှိသော ရေတာရှည်မြို့၏ အရှေ့ဘက်ရှိ ထိုရွာများတွင် ထောင်နှင့်ချီသော ဒေသခံတို့မှာ နီးစပ်ရာရွာများ၊ ရေတာရှည်မြို့နှင့် ဆွာမြို့ပေါ်များသို့ ထွက်ပြေးခိုလှုံနေကြရသည်။

“ထွက်ပြေးတဲ့သူတွေက နီးစပ်ရာ ရွာက အမျိုးတွေဆီမှာ နေတယ်၊ ဘုန်းကြီးကျောင်းတွေမှာ နေတယ်၊ လက်လုပ်လက်စားနဲ့ တစ်နေ့လုပ်တစ်နေ့စားတွေပဲ ကြောက်ကြောက်နဲ့ ကျန်ခဲ့တာ” ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ဆိုသည်။

နိုဝင်ဘာ ၁၇ ရက်က ဆွာမြို့အခြေစိုက် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအရှေ့ဘက်ခြမ်းတွင် ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ ၀န်းကျင် ဦးသိန်းဝင်း၊ ၃၀ ကျော်အရွယ် ကိုကြီးကျော်ဆိုသူတို့ ဒဏ်ရာရရှိခဲ့သည်ဟု တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင်လည်း လေတပ်၏ ဗုံးကြဲမှုကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ပိတောက်ကုန်းကျေးရွာအတွင်း ဒေသခံနေအိမ်တချို့ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်သား ၁၅၀ ခန့်နှင့် PDF စစ်ကြောင်းများဖြစ်သော ပုဝါနီ၊ ကီကူး၊ နေပြည်တော်ရိုးမ၊ အမှတ် (၃၅၀၁) တပ်ရင်း၊ သံတောင်မြောက်ပိုင်းအထူးဒေသစစ်ကြောင်းတို့ နိုဝင်ဘာ ၁၆ ရက်က ပိတောက်ကုန်းကျေးရွာအနီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ ဆယ်ချီ သေဆုံးသလို PDF ဘက်မှလည်း ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သည်။

ပုဝါနီစစ်ကြောင်းမှ PDF ရဲဘော်များဖြစ်သော ဒေဝ၊ ဦးကျော်၊ အကြီးကောင်တို့၏ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သော ပုဝါနီစစ်ကြောင်းမှ ရဲဘော် ၃ ဦး၏ ဈာပနကို နိုဝင်ဘာ ၁၈ က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ – ပုဝါနီစစ်ကြောင်း)

ပိတောက်ကုန်းကျေးရွာအနီးတိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးလှမျိုးသူ အပါအဝင် ၄၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်သည့် နေရာဝန်းကျင်ကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်သည့်အပြင် လေကြောင်းမှလည်း တိုက်ခိုက်ကြောင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားတတ်ကြောင်း စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ဒေသခံများက ပြောသည်။

“ရဟတ်ယာဉ်က ပျံတာ အုန်းပင်အမြင့်လောက်ပဲ ရှိတယ်။ အဒီအပေါ်ကနေ ဗုံးလည်းကြဲတယ်၊ သေနတ်နဲ့လည်း တောက်လျှောက်ပစ်တယ်။ PDF တွေကလည်း အောက်ကနေ သေနတ်နဲ့ ပြန်ပစ်တာပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက မြင်တွေ့ရပုံကို ပြောသည်။

ထိုသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် စစ်တောင်းမြစ်အရှေ့ဘက်သို့ ကူးသန်းသွားလာနိုင်သည့် မြစ်ဆိပ်များကိုလည်း ပိတ်ပင်ထားပြီး ဒေသခံတို့ကို အထူးတင်းကျပ်စွာ စစ်ဆေးလေ့ရှိကြောင်း ၎င်းက ဆိုသည်။

“မြစ်ဆိပ်တွေက မြို့ပေါ်တွေကို PDF တွေ မလာနိုင်အောင်၊ ဆန်ဆီနဲ့ အစားအသောက်တွေကို အများကြီး သယ်ခွင့်မပေးဘူး။ အဲဒါမျိုးတွေပြီးရင် ဒေသခံတွေဆီက ပိုက်ဆံတောင်းတာမျိုးတွေ လုပ်တယ်” ဟု ယင်းအမျိုးသားက ဆက်ပြောသည်။

ရိက္ခာသယ်ယူမှု ကန့်သတ်သည်၊ ငွေတောင်းသည်၊ အိမ်မီးရှို့သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်းတောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်အချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ယူနိုင်ရန် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြသည်။

ရေတာရှည် မြစ်အရှေ့ခြမ်းကျေးရွာများမှ လက်နက်ကြီးထိမှန်သော နေအိမ်တစ်လုံး။ (ဓာတ်ပုံ-MOD)

Show More

Related Articles

Back to top button