
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးခဲ့သည့် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့ (စက်တင်ဘာ ၂၈) ညနေပိုင်းတွင် ဆေးရုံသို့ သွားရောက်ယူဆောင်ခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ကိုအေးကျော်သည် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးဖြစ်ပြီး စက်တင်ဘာ ၂၇ တွင် လက်ကျိုးနေသည့် ခရီးသည်အဘွားအိုတစ်ဦးကို ဆေးကုသရန် ပို့ဆောင်ပေးစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ယောက္ခမ ဦးမောင်နုက ပြောသည်။
တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သောကြောင့် တပ်မတော်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူပေးရန်လည်း ဦးမောင်နုက တောင်းဆိုထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ (စက်တင် ဘာ ၂၉) နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ရာ ကိုအေးကျော်သည် ရက္ခိုင့်တပ်တော် (AA) တွင် ကိုယ်ပိုင်အမှတ် AA-၃၂၅၆ ဖြင့် တပ်ကြပ်ကြီး အဆင့်ရှိဖြစ်ကြောင်း၊ စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတိုသေနတ်ကို လုယူကာ မိမိကိုယ်ကို ပစ်ခတ်ခဲ့ရာတွင် ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြောက်ဦးတပ်နယ်မှ တပ်သားတစ်ဦးကို ဖမ်းဆီးခြင်းနှင့် ဇူလိုင်လအတွင်းက တပ်နယ်မိသားစုဝင် အရပ်သားလူငယ်ခုနစ်ဦးကို ဖမ်းဆီးခြင်းများကို ဦးဆောင်ဆောင်ရွက်ခဲ့ကြောင်း ကိုအေးကျော်က ဝန်ခံခဲ့သည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။
ကိုအေးကျော်သည် တပ်မတော်က ထုတ်ပြန်သကဲ့သို့ AA တွင် တပ်ကြပ် ဟုတ်မဟုတ် မသိရှိရသော်လည်း ယင်းထုတ် ပြန်ချက်ကို အယုံအကြည်မရှိကြောင်း ဦးမောင်နုက ပြောသည်။
မြို့နှင့် နှစ်မိုင်ခန့်အကွာရှိ နထင်ကျေးရွာသို့ ခရီးသည်အဘွားအိုကို သွားရောက်ပို့ဆောင်စဉ် လမ်းရှိ တပ်မတော် တပ်ရင်း ၃၇၇ က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုအေးကျော်နှင့် တွေ့ခွင့်ရရန် မိသားစုဝင်များက သွားရောက်ခဲ့ရာတွင် တွေ့ခွင့်မရရှိခဲ့ဘဲ ဖမ်းဆီးထားခြင်းမရှိကြောင်း တပ်ရင်း ၃၇၇ သို့တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟုလည်း ဦးမောင်နုက ပြောသည်။
“(အဘွားအို) ကို လိုက်ပို့တာလည်း လေးကြိမ်၊ ငါးကြိမ်ရှိပြီ။ သွားတဲ့အခါ ၃၇၇ တပ်ကနေပြီးတော့ ရပ်တန့်ခိုင်းတယ်။ အဲဒီအဘွားအိုနဲ့ ကလေးကိုကျတော့ နောက်ကလာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ သွားခိုင်းလိုက်တယ်။ အေးကျော် ကျတော့ သူ့သုံးဘီးနဲ့ပဲ တပ်ထဲကို သွင်းလိုက်တယ်ပြောတယ်” ဟု ၎င်းက ပြောသည်။
တပ်ရင်း ၃၇၇ တွင် နာရေးတစ်ခုရှိသောကြောင့် သွားယူကြရန် မြောက်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယမန်နေ့ ညနေပိုင်းတွင် ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု မြောက်ဦးမြို့ ရတနာပါလနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“ရဲက ကျွန်တော်တို့ကို နာရေးတစ်ခု သယ်ဖို့၊ ၃၇၇ တပ်ရင်းကို သွားဖို့ အကူအညီတောင်းပါတယ်။ အဲဒါကြောင့် ကျွန်တော် တို့နဲ့အတူ ရဲ ၁၀ ဦးကျော် လိုက်ပါတယ်။ စစ်တပ်ထဲဝင်ပြီး အထဲက အလောင်းကိုယူပြီး ရဲနဲ့အတူ ပြန်လာတယ်။ ဆေးရုံရင်ခွဲခန်းမှာ ထားခဲ့တယ်” ဟု နာရေးကူညီမှုအသင်းတာဝန်ရှိသူက Myanmar Now ကို ပြောသည်။
တပ်မတော်၏ ထုတ်ပြန်ချက်မှာ ယုတ္တိမရှိဘဲ ‘ကြားနေကျဟာသ သတင်းထုတ်ပြန်မှု’ မျိုးသာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။
“တပ်မတော်ဖော်ပြချက်မှာ တစ်ရက်ကျော်ကျော် စစ်ပြီးမှ ပစ္စတိုကို လုလို့ရသွားတယ်ဆိုတာ ပစ္စတို ကိုင်ထားတဲ့သူက မပစ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုသတ်လို့ သေမှာလား။ အဲဒီလိုထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် အေးကျော်ကို တပ်က သေနတ်နဲ့ ပစ်သတ်တယ်ဆိုတာ အထင်အရှားကို မြင်စေတယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။
ကိုအေးကျော်သေဆုံးမှုနှင့် ပတ်သက်၍ မြောက်ဦးမြို့ရှိ ခမရ ၃၇၇ တပ်ရင်းကို တရားဥပဒေအရ အမြန်ဆုံးအရေးယူပေးရန်လည်း ANP က ယနေ့ ထုတ်ပြန်ကြေညာထားသည်။
ကိုအေးကျော် သေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကို ဆက်သွယ်မေး မြန်းရာတွင် “တစ်စုံတစ်ခု ပြစ်မှုကျူးလွန်ရင်လည်း တရားရုံးမှာ အမှုဖွင့်ပြီးတော့ တရားဥပဒေအရပဲ လုပ်သင့်တယ်။ တရားဥပဒေအရပဲ အရေးယူသင့်တယ်လို့ မြင်တယ်။ ခုလို တရားဥပဒေလမ်းကြောင်းက မဟုတ်ဘဲနဲ့ ဒီလိုမျိုး စစ်ကြောရေးနဲ့ သေဆုံးသွားတယ်ဆိုတာက ဥပဒေနည်းလမ်းမကျဘူးလို့ မြင်တယ်” ဟု ပြောသည်။