တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်တွင် ယနေ့ (နိုဝင်ဘာ ၂၂) နံနက်ပိုင်းက ကားတစ်စီးကို လက်နက်ကြီးထိမှန်ပြီး အရပ်သား ၁၀ ဦး သေဆုံးသွားသည်ဟု သိရသည်။
ကားပေါ် လိုက်ပါလာသူများမှာ လောက်ကိုင်မြို့တွင်းမှ ထွက်ခွာရန် ကြိုးစားနေသည့် အရပ်သားများဖြစ်ကြောင်း၊ လက်နက်ကြီးပစ်ခတ်သံ ကြားရသဖြင့် မြို့တွင်း ပြန်ဝင်လာစဉ် တိုက်ရိုက်ထိမှန်ခြင်း ဖြစ်ကြောင်း အသက် ၂၀ ကျော်အရွယ် လောက်ကိုင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
“ဒဏ်ရာရသူတွေလည်း များပါတယ်။ တုံချိန်အထွက်နား ဖရဲသီးဆိုင်အနီးမှာ ဖြစ်သွားတာပါ” ဟု ၎င်းက ပြောသည်။
သေဆုံးသူအရေအတွက် အပါအဝင် ဒဏ်ရာရသူများနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေ မသိရသေးဘဲ မြို့တွင်း၌ လက်နက်ကြီးသံများ အဆက်မပြတ် ကြားနေရသည်ဟု လောက်ကိုင်ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးထံမှ သိရသည်။
“မြို့ထဲကို လာကျတာ အဲဒီကားက ပြန်မယ်ဆိုပြီးမှ လမ်းအခြေအနေမကောင်းလို့၊ လက်နက်ကြီးသံ ကြားလို့ ပြန်လှည့်လာတာကို ရှော့တိုက်ဒုံး လာမှန်တာ၊ ကိုးကန့်ဘက်က ပစ်တာ။ စစ်တပ်က မြို့ထဲကို မပစ်သေးဘူး၊ စစ်တပ်ကို ကျော်ပြီးမှ ဒီဘက်ကို လာကျတာ” ဟု ၎င်းက ဆိုသည်။
ထိုပြောဆိုချက်နှင့် ပတ်သက်၍ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက စစ်တပ်က ပစ်ခတ်သည့် လက်နက်သာဖြစ်သည်ဟု တုံ့ပြန်သည်။
“လောက်ကိုင်ဒကစ ကနေ ပစ်ထုတ်လိုက်တဲ့ဗုံးက စစ်ဘေးရှောင်ရဲ့ကားကို သွားထိမှန်တယ်ဗျ။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ဒီတစ်ရက်နှစ်ရက်က စစ်ကောင်စီရဲ့ ဒကစကနေ လောက်ကိုင်ပတ်လည်တစ်ဝိုက်ကို လက်နက်ကြီးနဲ့ ထုနေတာ နေ့တိုင်းလိုလို” ဟု ၎င်းက ပြောသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) သည် လောက်ကိုင်မြို့မြောက်ဘက်တွင် အခြေစိုက်သည်။
လောက်ကိုင်မြို့တွင် ယနေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
အရပ်သားများ လိုက်ပါလာသည့် ကားကို ထိမှန်သည်မှာ ရှော့တိုက်ဒုံး ဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်ပေ။
ယခုလ ၁၁ ရက်နေ့ လောက်ကိုင်မှ ထွက်ခွာရန် လောက်ကိုင်မြို့နှင့် ပါစင်ကျော်ရွာအကြား တန်းစီးနေသည့် ထောင်နှင့်ချီသော လူတန်းကြီးပေါ်သို့ လောက်ကိုင်မြို့တွင်းရှိ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ဒေသခံ ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TLNA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က အောက်တိုဘာ ၂၇ ရက်နေ့တွင် “၁၀၂၇” စစ်ဆင်ရေး စတင်ပြီးနောက် စစ်တပ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်နေသည်။
စစ်ကောင်စီဘက်မှ မြို့တချို့နှင့် စစ်စခန်းအများအပြား လက်လွတ်ဆုံးရှုံးသည့်အပြင် တပ်ရင်းလိုက် လက်နက်ချခြင်းများလည်း ရှိနေသည်။
လက်ရှိတွင် လောက်ကိုင်မြို့မှ ၇ မိုင်ခန့်အကွာရှိ ပါစင်ကျော်ရွာအနီးတွင် MNDAA က နေရာယူ ပိတ်ဆို့ထားရာ မြို့ပေါ်၌ အခြေခံစားသောက်ကုန်များနှင့် လျှပ်စစ်မီးပါ ပြတ်တောက်နေပြီး ထောင်နှင့်ချီသည့် ဒေသခံများ အလုံးအရင်းဖြင့် ထွက်ခွာနေကြသည်။
နိုဝင်ဘာ ၁၈ တွင် MNDAA က တရုတ်ဘာသာဖြင့် သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံသားများအနေဖြင့် မိမိနိုင်ငံ အမြန်ဆုံးပြန်ကြရန်၊ ကျန်အရပ်သားများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာနနှင့် တပ်စခန်းများမှ ဝေးကွာစွာနေရန် ဖော်ပြထားသည်။
လောက်ကိုင်ဒေသရှိ မြို့နယ်များအနက် ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်များက သိမ်းယူထားသည်။