
တော်လှန်ရေးအင်အားစုများ၏ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲများကြောင့် ဒေသအချို့တွင် ဘဏ်များပိတ်သိမ်းနေရချိန် မြို့ကြီးများတွင် လူအများ ဘဏ်မှ ငွေထုတ်များနေချိန် ငွေထုတ်များသူများကို စောင့်ကြည့်အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သော ကမ္ဘောဇဘဏ်သည် တိုက်ပွဲပြင်းထန်နေသည့် ကယားပြည်နယ်တွင် ဘဏ်ခွဲအားလုံးပိတ်ထားကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ နောင်ချို၊ ကွတ်ခိုင်၊ လားရှိုးနှင့် ရှမ်းအရှေ့ပိုင်း ကျိုင်းတုံမြို့တို့ရှိ ဘဏ်ခွဲများ ပိတ်ထားသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
အလားတူပင် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် အခြားပုဂ္ဂလိကဘဏ်များလည်း တိုက်ပွဲဖြစ်ရာဒေသများ၌ ဘဏ်လုပ်ငန်းရပ်နားထားသည်ဟု သိရသည်။
ရှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့တွင် “၁၀၂၇” စစ်ဆင်ရေး စတင်လိုက်ပြီးနောက် နိုင်ငံတစ်ဝန်းတွင် စစ်ရေးအရှိန် မြင့်တက်လာကာ စစ်ကောင်စီဘက်မှ စစ်စခန်းများအပြင် မြို့အချို့ပါ လက်လွတ်ဆုံးရှုံးခဲ့သည်။
ထိုအချိန်တွင် လူထုက စိုးရိမ်စိတ်ဖြင့် ဘဏ်အပ်နှံငွေများ ထုတ်ယူလာကြသည်။
ငွေထုတ်များသူများကို ဗဟိုဘဏ်အနှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) တို့က အနီးကပ်စောင့်ကြည့်နေပြီး ထိရောက်စွာ အရေးယူသွားမည်ဟု စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၂၀) ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်သည်။
ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေကျပ်သန်း ၁၀၀ အထက် ထုတ်ယူသူများနှင့် ပတ်သက်၍ FIU ကို အကြောင်းကြားရမည်ဖြစ်ကာ ငွေထုတ်ရန် ဆော်ဩနေသူများကိုလည်း ဖော်ထုတ်အရေးယူမည်ဟု စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်ဒုဥက္ကဋ္ ဌဒေါက်တာလင်းအောင်က ပြောဆိုသည်။
ငွေများများထုတ်ယူပါက လုယက်၊ ဓားပြတိုက်ခံရနိုင်သည်ဟုလည်း စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ခြိမ်းခြောက်ပြောဆိုထားသည်။
မည်သည့်ပုဒ်ဖြင့် အရေးယူမည်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။
ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီး ဘဏ်အပ်ငွေများ ဆုံးရှုံးမရှိရန် အာမခံကြောင်း၊ မီဒီယာများက ငွေကြေးစနစ် မတည်ငြိမ်ရန် လှုံ့ဆော်နေခြင်းသာဖြစ်သည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌက စွပ်စွဲသည်။
အခြေအနေတစ်ရပ်ကြောင့် နယ်ဘဏ်ခွဲတချို့ လုပ်ငန်းရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်ကာ လိုအပ်သည်ထက် ဘဏ်မှ ငွေထုတ်ယူနေခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နိုဝင်ဘာ ၁၈ တွင် ထုတ်ဖော် ပြောဆိုထားသည်။
ငွေအပ်သလောက် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီဘက်က ရဲရဲတောက်အာမခံနေသော်လည်း အထူးဘဏ်စာရင်း (Special Account) များသည်ပင် လိုသလောက် ထုတ်မရနိုင်ဘဲ ဘဏ်ကို ကြိုတင်အကြောင်းကြားမှသာ အဆင်ပြေနိုင်သည်ဟု ဒေါက်တာလင်းအောင်က ဝန်ခံသည်။
“ငွေထုတ်ယူသူများရင် ဘဏ်အနေနဲ့ ၎င်းတို့ရဲ့ ငွေသိုလှောင်ခန်းအကျယ်အဝန်းအပေါ် မူတည်ပြီး ငွေသားများထားရှိရတဲ့အတွက် ထုတ်ပေးဖို့ငွေပမာဏကို စီစဉ်ဖို့ လိုအပ်တာကြောင့် မိမိငွေထုတ်ယူလိုတဲ့ ပမာဏကို ဘဏ်ကို ကြိုတင်အသိပေးအကြောင်းကြားထားရင် အဆင်ပြေမှာပါ”
အထူးဘဏ်စာရင်းဖွင့်လှစ်ပါက ငွေကြိုက်သလောက်ထုတ်နိုင်ပြီဟု ပုဂ္ဂလိကဘဏ်များက အပြိုင်အဆိုင် ဆွဲဆောင်စည်းရုံးခဲ့သော်လည်း အရေးကြုံလာချိန် အလုံးစုံအဆင်မပြေဟု သွင်းကုန်များတင်သွင်းရောင်းချသည့် ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က စောင့်ကြည့်အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းကြောင့် ဘဏ်အပ်ငွေ ထုတ်ယူမှု ရပ်မသွားသည့်အပြင် ပိုများလာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
မန္တလေးမြို့မှ အမည်မဖော်လိုသည့် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးကလည်း ဘဏ်စာရင်းအချင်းချင်း ငွေကြေးလွှဲပြောင်းမှုကို ပြုလုပ်ပေးသော်လည်း ငွေသားထုတ်ယူခွင့်ပမာဏကို ပုဂ္ဂလိကဘဏ်များက အထူးဘဏ်စာရင်းနှင့် ရိုးရိုးဘဏ်စာရင်းမခွဲဘဲ ကန့်သတ်နေသည်ဟု ပြောသည်။
အထူးဘဏ်စာရင်းဖွင့်ပေးစက ကုမ္ပဏီအတွက် ငွေကျပ်သိန်း ၂၀ အထိ ပေးခဲ့ရပြီး ရှိသည့်ငွေပမာဏကို အကန့်အသတ်မထားဘဲ ထုတ်ပေးမည်ဟု အာမခံထားသော်လည်း ယခုအခါ တစ်ရက်လျှင် ကျပ်သိန်း ၃၀ သာ ထုတ်ပေးသည်ဟု သိရသည်။
“Special Account ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တစ်ရက်ကို သိန်း ၃၀ ပဲ ထုတ်ပေးမှာ။ တကယ်လို့ ၆၀ လွှဲရင် ကျွန်မတို့ကို မှတ်ပုံတင်၊ လူနှစ်ယောက်နာမည်နဲ့ ခွဲလွှဲခိုင်းတယ်။ အဲ့လိုဆိုရင်တော့ ၆၀ ထုတ်လို့ရမှာပေါ့။ ကျွန်မတို့က သွားထုတ်ရင် လူနှစ်ယောက်နာမည်နဲ့ ထုတ်လို့ရမှာ”
အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ကမောက်ကမအခြေအနေများထဲတွင် ဘဏ်လုပ်ငန်းလည်း ပါဝင်ပြီး ၂၀၂၁ ခုနှစ်အတွင်းက စစ်ကောင်စီကို မယုံကြည်၍ ဘဏ်များတွင် ငွေသားလျော့သည်အထိ အပ်နှံငွေများထုတ်ယူကြရာ ငွေထုတ်ယူခွင့် အကြီးအကျယ်ကန့်သတ်ခံရသည်။
ငွေသားလိုအပ်သူများ၊ ဘဏ်အပ်ငွေဆုံးရှုံးမည်ကို စိုးရိမ်သူများက ဘဏ်များနှင့် ATM စက်များတွင် နေ့စဉ်နှင့်အမျှ တန်းစီပြီး ငွေထုတ်ရန် ကြိုးစားခဲ့ကြရသည်အထိ အခြေအနေဆိုးရွားခဲ့သည်။
ထိုစဉ်က အပ်နှံငွေမဆုံးရှုံးရန် အာမခံပြီး ၎င်းတို့ကို ယုံကြည်စိတ်ချရန် အလားတူ ပြောဆိုခဲ့သော်လည်း ဘဏ်အသုံးပြုသူများအနေဖြင့် ကိုယ့်ငွေကို ကြားပွဲစားမှတစ်ဆင့် ရာခိုင်နှုန်းဖြင့် အရှုံးခံပြန်ထုတ်ရခြင်း၊ ဘဏ်ဝန်ထမ်းတို့၏ မချေမငံဆက်ဆံခြင်းတို့ကို ရင်ဆိုင်ခဲ့ရဖူးသည်။
ယခုနှစ် အောက်တိုဘာလကုန်မှစတင်၍ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) တို့ပူးပေါင်းကာ နိုင်ငံအနှံ့တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာနိုင်သည့်အလျောက် ထိုဒေသရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်ခွဲတချို့ကို ထိန်းချုပ်ထားသည်။
တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းယူထားသည့် ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ သန်းပေါင်း ၉၀၀ ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၁၄ တွင် သတင်းထုတ်ပြန်သည်။
သိမ်းဆည်းထားသည့် ထိုငွေများကို NUG ၏ ကြားကာလဗဟိုဘဏ်က မှတ်တမ်းတင် စာရင်းပြုစုပြီး နိုင်ငံပိုင်ဘဏ္ဍာနှင့် ပြည်သူ့အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိရန် စီမံခန့်ခွဲသွားမည်ဟု NUG က ဆိုသည်။