
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က တစ်ရက်နီးပါး ထိန်းချုပ်ကာ တပ်ပြန်ဆုတ်သွားပြီးနောက်တွင် စစ်ကောင်စီတပ် ဝင်ရောက်လာပြီး မြို့ကို ပိတ်ဆို့ထား၍ ဒေသခံများ အခက်အခဲမျိုးစုံ ကြုံနေရသည်ဟု စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၀ နာရီကျော်တွင် မြို့လယ်ရှိ ပေါက်တောမြို့မရဲစခန်းနှင့် မြို့နယ်ရဲစခန်းတို့ကို AA က ဝင်ရောက်စီးနင်းရာ နောက်တစ်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းမှ ပြန်လည် တိုက်ခိုက်ခဲ့သည်။
ပစ်ခတ်မှုများကြောင့် ပေါက်တောမြို့ခံအများအပြား ထွက်ပြေးခဲ့ကြသည်။
နိုဝင်ဘာ ၁၆ ညနေ ၃ နာရီကျော်ခန့်တွင် စစ်တပ် ဝင်ရောက်လာသောကြောင့် မြို့ပေါ်ရှိ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအပါအဝင် လူပေါင်းထောင်နှင့်ချီ ထွက်လမ်းမရသေးဘဲ ပိတ်မိနေဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ထွက်မပြေးရသေးသူ၊ ပစ္စည်းဥစ္စာများကို စောင့်ရှောက်ရန် ကျန်ခဲ့သူ တစ်အိမ်တွင် အနည်းဆုံး တစ်ဦးစီ ကျန်ရှိနေသေးသဖြင့် ပိတ်မိနေသူ လူ ၁၀၀၀ နှင့်အထက် ရှိနိုင်ကြောင်း ဒေသခံများက ယူဆကြသည်။
“ကျွန်မတို့က ပိတ်မိနေတာ၊ အပြင်က အခြေအနေကို ဘာမှမသိဘူး။ အိမ်ထဲကနေ အိမ်ပြင်ကို လုံးဝမထွက်ရဲဘူး။ ကျွန်မတို့မှာ ကလေးက တစ်ယောက်၊ သက်ကြီးပိုင်းက နှစ်ယောက်သုံးယောက်၊ လူလတ်ပိုင်းက ငါးယောက်လောက်ပါ။ ညနေကတော့ ပစ်ခတ်သံတွေ ကြားရတယ်။ မနေ့ညက လုံးဝအိပ်လိုက်ရဘူး။ စိုးရိမ်တာကတော့ ပြောပြဖို့ မတတ်တော့ဘူး” ဟု ပိတ်မိနေသည့် အမျိုးသမီးတစ်ဦးက ယနေ့ မွန်းလွဲပိုင်းက ပြောသည်။
စစ်တပ် ဝင်ရောက်စဉ်ကပင် မြို့ပေါ်ဒေသခံများ သေနတ်ဖြင့် ပစ်ခတ်ခံရမှုရှိကြောင်း သိရသော်လည်း သေဆုံးဒဏ်ရာရသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။
လူအသေအပျောက် ရှိနေသည့် ပေါက်တောမြို့တွင် အရပ်သား ထောင်နှင့်ချီ ပိတ်မိနေရာ ကျန်းမာရေးမကောင်း၍ အရေးပေါ် ဆေးရုံပို့ဆောင်ရမည့်သူများလည်း ပါဝင်နေကြောင်း သိရသည်။
ပိတ်မိနေသူများတွင် အရေးပေါ်ဆေးကုသခံယူရမည့်သူများ ပါဝင်နေပြီး ဆေးကုသခွင့်ရရှိနိုင်ရေးအတွက် ကယ်ထုတ်ပေးရန် မိသားစုဝင်များက လူမှုကွန်ရက်စာမျက်နှာများတွင် ရေး၍ အကူအညီတောင်းခံနေကြသည်။
စစ်ကောင်စီတပ်သည် ပေါက်တောမြို့တစ်ခုလုံးကို မြင်နိုင်သည့် လောကထိပ်ပန်ဘုရားတော၊ ရဲစခန်းတို့တွင် နေရာယူထားသည်။
ပေါက်တောမြို့ လမ်းမပေါ်တွင် ထွက်လာသူများကို စစ်သားများက ဖမ်းဆီးတတ်ကြောင်း အဖမ်းခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ဒီနေ့ (စစ်သားတွေ) ကင်းလှည့်တာမှာ ကျွန်တော့်အမျိုးတစ်ယောက် အဖမ်းခံရတယ်။ သူက ဘုန်းကြီးကျောင်းတစ်ခုကို ခိုလှုံဖို့ သွားတာမှာ အဲဒါမှာ အဖမ်းခံရတာ။ သူတို့ (စစ်တပ်) လောကထိပ်ပန်မှာ အခြေချတယ်။ အမြောက်တပ်တွေလည်း ထောင်ထားတယ်။ ကြီးကြီးကျယ်ကျယ်အမြောက်တပ် မဟုတ်။ မြေထိုင်အမြောက် ထောင်ထားတယ်။ ပြီးရင် မြို့ကို ထိန်းချုပ်ထားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ပွဲဧရိယာထဲတွင် ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရေးအတွက် လူသားချင်းစာနာမှုများ လုပ်ကိုင်နေသော အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ကြားဝင် ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက တောင်းဆိုသည်။
“ICRC က အကူအညီပေးနိုင်ရင် ရပါတယ်။ မြို့ထဲမှာ ပိတ်မိနေသူတွေ အများကြီးပါ။ မြို့ထဲမှာ ပိတ်မိနေသူတွေကို ထွက်ဖို့အတွက် တစ်နာရီဆိုရင် တစ်နာရီအချိန်၊ နှစ်နာရီဆို နှစ်နာရီအချိန်ပေး။ အဲဒီအချိန်မှာ ထွက်ဖို့ခိုင်း။ အဲဒါကို ကျွန်တော်တို့လည်း မလုပ်နိုင်၊ ခင်ဗျားတို့လည်း မလုပ်နိုင်ဘူး။ ICRC လုပ်နိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ပေါက်တောဒေသခံတချို့သည် စစ်တပ်က လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်သဖြင့် မြို့နှင့်အနီးဆုံး ရွာများသို့ ထွက်ပြေးကြသည်။
သို့သော် လက်ရှိတွင် မြို့အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းမည်ဟု သိရသဖြင့် တောင်းဖူး၊ အဝကန်၊ သဝင်ချောင်း၊ တောင်ညို စသည့် ဒေသခံများပါ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးနေရသည်။
“ကလေးသူငယ်တွေနဲ့ မိုးရွာနေတာဆိုတော့ ခံစားရတာတွေက —။ ပြီးတော့ ထွက်ပြေးနေရင်း မိုးလည်း ရွာနေလို့ သေနတ်နဲ့ ပစ်မလား၊ လမ်းမှာ ခွေးတွေ (စစ်ကောင်စီတပ်) နဲ့ တွေ့မလား၊ အဲဒါတွေလည်း ကြောက်ရတယ်။ ထွက်တော့ ထွက်ပြေးနေကြတယ်” ဟု နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဧရိယာ စတုရန်းမိုင် ၀.၁၄ သာ ကျယ်ဝန်းသည့် ပေါက်တောမြို့သည် ပြည်နယ်မြို့တော် စစ်တွေနှင့် ရေမိုင် ၁၆ မိုင်ခန့် ဝေးကွာပြီး စက်လှေဖြင့် ၁ နာရီခန့် သွားရသည့်မြို့ဖြစ်သည်။ မြို့ပေါ်ရပ်ကွက် ၅ ခုရှိပြီး အိမ်ခြေ ၃၀၉၇ အိမ်ရှိပြီး လူပေါင်း နှစ်သောင်းနီးပါး နေထိုင်ကြသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရသည်။
ပေါက်တောမြို့မရဲစခန်းတစ်ခုလုံးကို စီးနင်းစဉ် AA က စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့သည်။

လက်နက်ချ အညံ့ခံသူများကို အသက်ချမ်းသာပေးပြီးနောက် တစ်ဦးလျှင် ခရီးစရိတ် ၁၀ သိန်းစီ ပေးပြီး ၎င်းတို့သွားလိုရာသို့ လုံခြုံစွာပို့ထားပြီးဖြစ်သည်ဟု AA က ယမန်နေ့က ထုတ်ပြန်သည်။
စစ်တပ်သည် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်၊ စစ်တပ် ပစ်သတ်၍ သေဆုံးခဲ့ရသော ပေါက်တောမြို့မှ အရပ်သားပြည်သူများအတွက် များစွာဝမ်းနည်းရပြီး အဆိုပါကိစ္စ ကျူးလွန်သောသူများကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ပေါက်တောကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေသဖြင့် AA ဆုတ်ခွာသွားပြီဖြစ်သလို မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။
ရက္ခိုင့်တပ်တော် (AA) သည် နိုဝင်ဘာ ၁၃ မှစတင်ကာ “၁၀၂၇” စစ်ဆင်ရေးကို ရခိုင်ဒေသတွင် စတင်လိုက်ပြီး ရသေ့တောင်မြို့နယ်မှ ဒုံးပိုက်နှင့် ချိန်ခါလီရဲစခန်းတို့ကို သိမ်းပိုက်ထားပြီး လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီကတည်းက တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ်၊ ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို ယနေ့ နိုဝင်ဘာလ ၁၇၊ နေ့လယ် ၁ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ယနေ့ ညနေတွင် ထုတ်ပြန်သည်။
လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာနေသည့်ကြားမှ စခန်းသိမ်းနိုင်ခြင်း ဖြစ်ပြီး သုံ့ပန်း ၁၈ ဦး၊ လက်နက် အလက် ၄၀၊ ရန်သူ့အလောင်းများစွာနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ဒဏ်ရာရသူတချို့ ရှိခဲ့ပြီး လက်နက်မချသော စခန်းများကို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။



