
ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ကပ်လျက်တည်ရှိသည့် ပေါက်တောမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက ထိုမြို့ကို လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် မြို့ခံများ ထွက်ပြေးနေရကြောင်း သိရသည်။
မြို့လယ်ရှိ ပေါက်တောမြို့မရဲစခန်းနှင့် မြို့နယ်ရဲစခန်းကို AA က ယမန်နေ့ (နိုဝင်ဘာ ၁၅ )၊ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အင်အားပေါင်းထားသော ရဲ ၇၀ ခန့် လက်နက်ချခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက်က ရဲစခန်းဘက်သို့ သွားရောက်ကြည့်ရှုရာတွင် AA တပ်ဖွဲ့ဝင်များ ရဲစခန်းအတွင်း ရှိနေသည်၊ စခန်းအတွင်း AA အလံ လွှင့်ထူထားသည်၊ မြို့နယ်ထွေအုပ်ရုံး၊ လဝကရုံးများ အပါအဝင် ဌာနဆိုင်ရာရုံးများ ပိတ်ထားသည်ကို တွေ့ရသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုတော့ စကစဘက်က လက်နက်ကိုင်တွေကို မတွေ့ရတော့ဘူး။ AA လက်နက်ကိုင်တွေကိုပဲ ကျွန်တော်တို့ တွေ့နေရပါတယ်။ (ဌာနဆိုင်ရာရုံးတွေ) အကုန်လုံး ပိတ်သွားကြပြီ” ဟု ၎င်းက ဆိုသည်။
ယနေ့ နံနက် ၉ နာရီခွဲခန့်က ရဟတ်ယာဉ်များ ရောက်လာပြီး ရဲစခန်းအနီးပတ်ဝန်းကျင်ကို ပစ်ခတ်ကြသည်၊ လူနေအိမ်တချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိခဲ့ဟု သိရသည်။
ယနေ့ ညနေ ၃ နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် စစ်ရေယာဉ်တစ်စီးသည် ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံရာ တောင်းဖူးရွာအနီး ကျောက်ချ၍ ပေါက်တောမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“လေယာဉ်လည်း တစ်စီး ဝဲနေတယ်။ နေဗီ (ရေတပ်) ကတော့ အခု စပစ်နေတယ်။ ၁၀ ချက်လောက် ရှိနေပြီ။ မြို့အလယ်မှာ မီးခိုးထွက်နေတယ်၊ မြင်နေရတယ်။ လက်နက်ကြီးကျလို့….လူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြတယ်” ဟု ၎င်းက ထွက်ပြေးရှောင်တိမ်းနေရင်း ပြောသည်။
ပေါက်တောမြို့နယ်သည် စစ်တပ်အထိုင်စခန်းများမရှိသော မြို့နယ်တစ်ခုဖြစ်ပြီး လက်နက်ကြီး ကျရောက်၍ ဒေသခံတချို့ ဒဏ်ရာရသည်ဟု သိရသည်။
ပေါက်တောမြို့ပေါ်မှ အမျိုးသမီးတစ်ဦးက နေအိမ်အောက်တွင်သာ ပုန်းခိုနေရသည်ဟု ယနေ့ မွန်းလွဲက ပြောသည်။
“လက်နက်ကြီးလက်နက်ငယ်တွေနဲ့ သိပ်ပစ်နေတယ်။ အသံတွေ သိပ်ကျယ်တယ်။ မြို့ထဲမှာ လူတွေ အများကြီးရှိသေးတယ်။ မပြေးနိုင်တဲ့လူတွေ အများကြီး။ မြို့ထဲမှာလည်း အပြန်အလှန်ပစ်နေသံ ကြားရတယ်။ လေယာဉ်တွေလည်း ခေါင်းပေါ်က သွားနေသလို ပေါက်တောမှာက စစ်ဖြစ်နေကျ မဟုတ်လို့ ဗုံးခိုကျင်းတွေမရှိတော့ အိမ်အောက်ထပ်မှာ ပုန်းနေရပါတယ်” ဟု သူက ပြောသည်။
ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေယာဉ်ဖြင့် လာရောက်ကာ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကြေးအားလုံးကို ယူဆောင်သွားကြသည်ဟု ဒေသခံများထံမှ သိရသည်။

ရဲများ လက်နက်ချသွားပြီဖြစ်သဖြင့် ပေါက်တောမြို့သည် AA ထိန်းချုပ်မှုအောက် ရောက်သွားပြီဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“ပေါက်တောမှာ စစ်တပ်က အထိုင်စခန်းတွေမရှိတဲ့အခါမှာ ရဲက လက်နက်ချလိုက်တယ်ဆိုရင် ပေါက်တောမြို့နယ်ဟာ ULA/AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ အဲဒီမှာ AA တပ်ဖွဲ့ဝင်တွေ တပ်စွဲသလား၊ မစွဲသလားဆိုတာ ကျွန်တော်တို့ မသိဘူး” ဟု ၎င်းက ဆိုသည်။
“အခုလည်းပဲ ULA/AA က ထိန်းချုပ်ထားတယ်။ ဌာနဆိုင်ရာအသီးသီးလည်း အလုပ်မလုပ်နိုင်တော့ဘူး။ သူတို့လည်း မထိန်းချုပ်နိုင်တော့ဘူးဆိုရင် သေချာပါတယ်၊ အဲဒီမြို့ကို သူတို့ ဒုက္ခပေးပါလိမ့်မယ်။ လေကြောင်းက ဒုက္ခပေးမလား ၊ ရေကြောင်းက ဒုက္ခပေးမလား။ ပြည်သူတွေ သေကျေဒဏ်ရာရအောင်တော့ သူတို့ ပစ်ခတ်မယ်ဆိုတာ ကျွန်တော်တို့ နားလည်ပြီးသားပါ”
ပေါက်တောမြို့ကို ဦးတည်၍ ပစ်ခတ်တိုက်ခိုက်နေခြင်းသည် စစ်တပ်၏ စစ်ဆင်ရေးနည်းဗျူဟာဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်တွင် “၁၀၂၇“ စစ်ဆင်ရေးအဖြစ် ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်ရဲစခန်း နှစ်ခုကို AA က သိမ်းပိုက်ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးခြင်း၊ AA ထံ လက်နက်ချခြင်းများ ရှိခဲ့ကာ ပေါက်တောမြို့နယ်တွင်လည်း စခန်းစွန့်ခွာထွက်ပြေးမှုရှိခဲ့သည်ဟု သိရသည်။
ထို့နောက်ပိုင်း ပေါက်တောမြို့နယ် ကျေးလက်ဒေသများရှိ စာသင်ကျောင်းများတွင် ရခိုင်အလံ လွှင့်ထူလာကြပြီးနောက် ရက်ပိုင်းအတွင်း AA က မြို့ပေါ်ကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း၊ လက်နက်ချ အညံ့မခံသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က ကြေညာထားသည်။
စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်အတွင်း ကြည်း၊ ရေ၊ လေ တပ်များဖြင့် ပြန်လည်တိုက်ခိုက်နေသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်သည်။
AA က ဖျက်ဆီးရေး လုပ်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ချက်တွင် ပြောထားသည်။
“ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကို တိုးတက်အောင် လုပ်ပေးမယ်ဆိုတဲ့ AA ကိုယ်တိုင် ဖျက်ဆီးပစ်နေတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။
ပေါက်တောမြို့သည် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံရတတ်သည့် ပင်လယ်ကမ်းရိုးတန်းဒေသတွင် ပါဝင်ပြီး ယခုနှစ်အတွင်း တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းတွင်လည်း အပျက်အစီးများပြားခဲ့သည့်မြို့ဖြစ်သည်။
