သတင်း

စစ်တွေနှင့် အနီးဆုံး မြို့တစ်မြို့ဖြစ်သော ပေါက်တောကို AA ထိန်းချုပ်

အင်အား ၇၀ ဝန်းကျင်ရှိ ပေါက်တောမြို့မရဲစခန်းကို ယမန်နေ့ ညတွင် AA က ဝင်ရောက်စီးနင်းစဉ် စခန်းမှူးက လက်နက်ချရန် ငြင်းဆန်သဖြင့် AA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ရဲအားလုံး လက်နက်ချသည်ဟု သိရသည်။​

ယမန်နေ့ (နိုဝင်ဘာ ၁၅) ညပိုင်းတွင် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေနှင့် အနီးဆုံးမြို့တစ်မြို့ဖြစ်သော ပေါက်တောရှိ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်စီးနင်းပြီးနောက် တစ်မြို့လုံးကို ထိန်းချုပ်လိုက်ပြီဟု သိရသည်။

အင်အား ၇၀ ဝန်းကျင်ရှိ ပေါက်တောမြို့မရဲစခန်းကို ယမန်နေ့ ည ၁၀ နာရီခန့်တွင် AA က ဝင်ရောက်စီးနင်းစဉ် စခန်းမှူးက လက်နက်ချရန် ငြင်းဆန်ခဲ့သဖြင့် AA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ရဲအားလုံး လက်နက်ချခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

“စခန်းမှူးတော့ လက်နက်ချဖို့ ငြင်းဆန်လို့ ညနေကတည်းက ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ အခုတော့ ရဲတပ်ဖွဲ့ဝင်တွေ AA ရုံးကို သွားပြီး လက်မှတ်ထိုးနေကြတယ်” ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။

မြို့တော်စစ်တွေ၏ အရှေ့ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ အမြန်ယာဉ်ဖြင့် တစ်နာရီခန့်သာ ဝေးသော ပေါက်တောမြို့တွင် ယနေ့ နံနက်ပိုင်း၌ စျေးဆိုင်များ ပိတ်ထားပြီး တိတ်ဆိတ်နေသည်ဟု သိရသည်။

ပေါက်တောမြို့မရဲစခန်းတွင် ထိုမြို့နယ်အတွင်းရှိ ရွာရဲစခန်းများမှ ရဲများစုပေါင်းကာ နေရာယူထားခြင်းဖြစ်သည်ဟုလည်း ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယနေ့ နံနက် ၉ နာရီ ခွဲခန့်တွင် ရဲစခန်းအနီးပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်လျက်ရှိကြောင်း၊ ၁၁ နာရီခန့်တွင် စစ်ရေယာဉ်များ မြို့အနီးသို့ ချဉ်းကပ်လာသည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

ပေါက်တောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကြေးအားလုံးကို စစ်တပ်က ယမန်နေ့ကတည်းက စစ်ရေယာဉ်ဖြင့် ယူဆောင်သွားကာ ရဲများကိုသာ မြို့ပေါ်၌ ချန်ထားခဲ့စဉ် စီးနင်းခံရခြင်းဖြစ်သည်။

ယနေ့ နံနက်က ပေါက်တောမြို့အနီးသို့ ချဉ်းကပ်လာသော စစ်ရေယာဉ်တစ်စီး။ (ဓာတ်ပုံ-Kyaw Zorr Tun)

နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်တွင် “၁၀၂၇” စစ်ဆင်ရေးအဖြစ် နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို AA က တိုက်ခိုက်စီးနင်းပြီးနောက် ရဲများနှင့် စစ်သားများ စခန်းစွန့်ခွာကာ အင်အားစုခြင်း၊ ရဲစခန်းလိုက် လက်နက်ချမှုများ ရှိနေသည်။

စစ်ဆင်ရေးစတင်သည့် ထိုနေ့မှာပင် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ ၅ ခုတွင် တိုက်ပွဲများဖြစ်ခဲ့ကာ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တွေအခြေစိုက်၊ ခမရ (၃၄၄) တပ်ရင်းမှ ဗိုလ်မှူးသန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ ဗိုလ်ကြီးဖြိုးဇေယျာလှိုင် (တပ်စုမှူး) တို့အပါအဝင် ၁၀ ဦးသည် စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခံရသည်။ 

ခြေလျင်တပ်ရင်း အမှတ် (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော မောင်တောမြို့မြောက်ပိုင်း၊ သင်္ဘောလှရွာအနီး တိုက်ပွဲတွင်လည်း သုံ့ပန်းတစ်ဦး ဖမ်းမိသလို ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင် အပါအဝင် ၁၄ ဦးခန့် သေဆုံးပြီး ထိုနေ့တိုက်ပွဲများတွင် ၎င်းတို့တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသည်ဟု AA က ထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ်တွင်းရှိ စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်နှင့် ရဲစခန်း စုစုပေါင်း ၄၀ ခန့် စခန်းစွန့်ကာ နီးစပ်ရာ စစ်စခန်းများတွင်လည်းကောင်း၊ ရဲစခန်း ၃ ခုကို တစ်ခုအဖြစ် စုပေါင်း၍ သွားရောက်ပူးပေါင်းသွားကြသည်ဟု AA က ဆိုသည်။

“အပေါက်ဝရဲစခန်း” မှ ရဲ ၂၂ ဦး လက်နက်ချသလို အခြားသော နေရာနှစ်ခုမှလည်း နောက်ထပ်ရဲ ၆ ဦးလည်း လက်နက်ချခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း၊ ​​လက်နက်ချ အညံ့မခံသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က ကြေညာထားသည်။

ရခိုင်ပြည်နယ်အတွင်း ကြည်း၊ ရေ၊ လေ တပ်များဖြင့် ပြန်လည်တိုက်ခိုက်နေသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button