ကိုးကန့်ဒေသ၏ သြဇာအကြီးဆုံးပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးပယ်စောက်ချိန်၏သား၊ ပယ်ရင်ချန်ကို စစ်ကောင်စီက ကျားဖြန့်သံသယဖြင့် ယနေ့(နိုဝင်ဘာ ၁၆) တွင် ဖမ်းဝရမ်း ထုတ်လိုက်သည်။
ပယ်ရင်ချန်သည် ဒေသဆိုင်ရာပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ သူ၏အစ်ကို ဦးခင်မောင်လွင်သည် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့၏ ထိပ်ပိုင်းအရာရှိလည်းဖြစ်သည်။
ပယ်ရင်ချန်သည် ပြီးခဲ့သည့်မတ်လအတွင်းက နေပြည်တော်တွင်ကျင်းပခဲ့သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ခွင့်ရခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့သည်အထိ ပေါက်ရောက်ခဲ့သူဖြစ်သည်။
ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှု၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှု စသည့် အမှုများ ကျူးလွန်ကြောင်း သံသယများဖြင့် စစ်ကောင်စီက ဝရမ်းထုတ်ထားသည်။
“ပယ်” မိသားစု
“ပယ်” မိသားစုသည် လွန်ခဲ့သည့် ၁၄နှစ် ၂၀၀၉ မှစတင်ပြီး မြန်မာစစ်တပ်၏ကျောထောက်နောက်ခံဖြင့် ကိုးကန့်ဒေသတွင် တန်ခိုးထွားလာကြသူများဖြစ်သည်။
အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ မြန်မာစစ်တပ်အောက်ဝင်ရောက်ရေးအစီအစဉ်ကို ဦးပယ်စောက်ချိန်က လက်ခံခဲ့သည်။ အပြန်အလှန်အားဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ န.အ.ဖ အစိုးရက ဦးပယ်စောက်ချိန်ကို ကိုးကန့်ဒေသယာယီဦးစီးကော်မတီတွင် ဥက္ကဋ္ဌ ရာထူးပေးခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဦးပယ်စောက်ချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရှမ်းပြည်နယ်လွှတ်တော်၊ လောက်ကိုင်အမတ်အဖြစ် ဝင်ပြိုင်ရာ ထိုမြို့တွင် ပြိုင်ဘက်မရှိ အနိုင်ရခဲ့သည်။
ထို့နောက်သမ္မတဦးသိန်းစိန်အစိုးရက ၂၀၁၁ မတ်လတွင် ဦးပယ်စောက်ချိန်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့၏ ခေါင်းဆောင်အဖြစ်ဆက်ခန့်ထားခဲ့သည်။
၂၀၁၅ နောက်ပိုင်းတွင် ဦးပယ်စောက်ချိန်သည် လွှတ်တော်နိုင်ငံရေးမှအနားယူသွားခဲ့ပြီး လက်နက်ကိုင်တပ်ကိုလည်း သားဖြစ်သူများဖြင့် လွှဲခဲ့ကာ နောက်ကွယ်ကသာ ပါဝင်ပတ်သက်ခဲ့သည်။
ဖခင်၏အရိုက်အရာကို ဆက်ခံသည့် ပယ်ရင်ချန်သည် ကိုးကန့်ဒေသတွင် ကျေးရွာအုပ်စုများ၏ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သည်။
ကိုးကန့်ဒေသမှ အခြားသောသြဇာကြီးသည့် ၂၀၁၀-၂၀၁၅ ပြည်နယ်လွှတ်တော် (လောက်ကိုင် – ၂) အမတ် ဦးမြီရှောက်ချန်း (၆၉ နှစ်)နှင့် သားဖြစ်သူ သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးမြီကော်ဖျင် (၄၂ နှစ်)၊ မြေးဖြစ်သူ မြီကျိန်ကျိန် (၂၇ နှစ်) တို့ကို စစ်ကောင်စီက ယနေ့တွင်ဖမ်းဆီးခဲ့သည်။
၎င်းတို့အားဖမ်းဆီးစဉ် ဦးမြီရှောက်ချမ်းသည် ပစ္စတိုသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပစ်ခတ်ကာ အဆုံးစီရင်သွားသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်သည်။
ထိုထုတ်ပြန်ချက်မတိုင်မီ စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းထုတ်ပြန်ချက်တွင် ဦးမြီရှောက်ချန်းနှင့် မိသားစုဝင်နှစ်ဦးကို လောက်ကိုင်တွင် ဖမ်းမိကြောင်းနှင့် တရုတ်ဘက်ပို့ရန်ပြင်ဆင်နေကြောင်း ဖော်ပြသော်လည်း ဦးမြီရှောက်ချန်း ဒဏ်ရာရခဲ့သည့်သတင်းမပါရှိခဲ့ပါ။
ကြံ့ခိုင်ရေးအမတ်ဟောင်းသေဆုံးမှုအတွက် အဆုံးစီရင်ခြင်းဖြစ်နိုင်သလို၊ နှုတ်ပိတ်ခံရခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသခံများကို ကိုးကားပြီး ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ရေးသားသည်။
ထိုသုံးဦးနှင့် ဦးမြီရှောက်ချန်း၏ သမီးဖြစ်သူ မြီကျူးလန့် (၄၂ နှစ်) တို့ကို တရုတ်နှင့်စစ်ကောင်စီ နှစ်ဖက်စလုံးက ကျားဖြန့်အပါအဝင် အခြားအမှုများတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲထားသည်။