
နေပြည်တော်ကောင်စီနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် ရပ်ထားသော ကားအနီးတွင် စက်တင်ဘာ ၁၉ရက်နေ့ ည ၁၀နာရီခန့်က အစိမ်းရောင်လက်ပစ်ဗုံးတစ်လုံး တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့များက စိစစ်ဆောင်ရွက်နေသည်။
“စိစစ်ဆဲဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီး ကျော်သီဟက Myanmar Now ကို ပြောသည်။
ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ထန်းတပင်ကွက်သစ်၊ မြရူပလမ်းနှင့် မြရွှေဝါ ၃ လမ်းထောင့်ရှိ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းထွေး၏ နေအိမ်တွင် ထိုသို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်ကလည်း Myanmar Now ကို အတည်ပြုသည်။
ကာယကံရှင်နှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို အသေးစိတ်အခြေအနေများမှာလည်း စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ကိုဗစ်နိုင်တင်းရောဂါကြောင့် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများ ခက်ခဲနေခြင်းအတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် စစ်ဗိုလ်ချုပ်ကြီးဟောင်းများဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီတချို့က ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားသည်။
သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသွားမည်မဟုတ်ကြောင်း ယမန်နေ့က သတင်းထောက်များနှင့် အွန်လိုင်းတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။