တိုင်းရင်းသား မဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့အပြား မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန်တွင် နိုင်ငံအနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်တွင်လည်း ယနေ့ (နိုဝင်ဘာ ၁၃ ရက်) တွင် တော်လှန်ရေးမီး စတင်တောက်လောင်လာသည်။
ပြည်နယ်မြို့တော် စစ်တွေ၏ တစ်ဖက်ကမ်း၊ ဘင်္ဂလားပင်လယ်အော်ကမ်းခြေရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နံနက် ၅ နာရီတွင် ရုတ်တရက် တိုက်ခိုက် သိမ်းပိုက်လိုက်ရာမှ နိုင်ငံအနှံ့အပြား ဖြစ်ပွားနေသည့် တော်လှန်ရေးစစ်ပွဲသည် ရခိုင်ပြည်နယ်သို့ပါ ရောက်ရှိလာခြင်း ဖြစ်သည်။
စစ်တွေမြို့ တစ်ဖက်ကမ်း ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ချိန်ခါလီရွာရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို တစ်ပြိုင်နက်တည်း စီးနင်းပြီး မင်းပြားမြို့နယ်တွင်လည်း စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်အရာရှိတချို့ကိုလည်း ဖမ်းမိထားသည်၊ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို ယနေ့ နံနက်ပိုင်းက အတည်ပြုသည်။
“ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေတာတော့ ရှိပါတယ်။ စခန်းတချို့ သိမ်းပိုက်ရရှိတာလည်း ရှိတယ်။ တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတုန်း ရှိပါတယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာရှိတယ်” ဟု ၎င်းက ပြောသည်။
ထိုနယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက် ရသေ့တောင်မြို့ပေါ်ရှိ အမှတ် ၅၃၆၊ ၅၃၇ ခြေလျင်တပ်ရင်းတို့က လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ နံနက်ပိုင်း တိုက်ပွဲများကြောင့် စစ်တပ်က ပြည်နယ်တွင်း သွားလာမှုကို ကန့်သတ်လိုက်ပြီး ပြည်နယ်၏ မြို့တော် စစ်တွေမြို့ အဝင်အထွက်လမ်းများကိုပါ စစ်ကောင်စီက ပိတ်ဆို့ထားသည်။
ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့တွင် စစ်ကောင်စီ၏ သံချပ်ကာကားများ လှည့်လှည်လျက်ရှိပြီး ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ရန် အမိန့်ထုတ်ပြန်ထားသည်။ စစ်တွေမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လမ်းဘေးစျေးဆိုင်များ ည ၈ နာရီခွဲ အပြီးပိတ်သိမ်းရန်၊ ပြည်သူများ ည ၉ နာရီ အပြင်မထွက်ရန် အမိန့်စာတွင် ဖော်ပြထားသည်။
၂၀၂၂ နိုဝင်ဘာတွင် အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော်ကြား သဘောတူထားသည့် ယာယီအပစ်ရပ်စာချုပ်မှာ တစ်နှစ်အကြာတွင် ပျက်ပြယ်သွားရာ ရခိုင်ပြည်နယ်တစ်ခုလုံး တော်လှန်ရေးမီး တောက်လောင်တော့မည်ဟု လေ့လာသူများက သုံးသပ်သည်။
ဝိုင်းပတ် စိုးမိုးထားသည့် ဗျူဟာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရဖွဲ့နိုင်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ခြေကုပ်ယူခဲ့သည့် ရက္ခိုင့်တပ်တော်သည် စစ်အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်က စတင်ပြီး စစ်တပ်နှင့် ရက္ခိုင့်တပ်တော်ကြား ၂ နှစ်ကျော်ကြာ စစ်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
ထို့နောက် ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား စသည့် မြို့ကြီးများ၏ အုပ်ချုပ်ရေးယန္တရားကို AA က စိုးမိုးနိုင်ခဲ့သည်။
AA က ယခု တစ်ကျော့ပြန်စစ်ပွဲများ မဖြစ်ပွားချိန်အထိ ပြည်နယ်၏ မြို့တော် စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး၏ အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ထားသည်၊ စစ်ရေးဗျူဟာအရလည်း မြို့ကြီးများကို ဝိုင်းပတ် စိုးမိုးထားနိုင်သည်ဟု ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက သုံးသပ်သည်။
“ပြဿနာတွေ ဘာတွေဖြစ်တာတို့ ဘာတို့ဆိုရင် AA ကပဲ ဝင်ပြီးတော့ ညှိနှိုင်းပေးတဲ့ သဘောမျိုးပါ။ တရားဥပဒေစိုးမိုးရေး အုပ်ချုပ်ရေးဆိုတာတွေက စစ်တပ်ဘက်က လုပ်တာမရှိပါဘူး။ ဒီဘက်ကပဲ လုပ်နေတာပဲ။ ပြည်သူတွေကလည်း သူတို့ကို အားမကိုးကြဘူး” ဟု ၎င်းက ပြောသည်။
“မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာလည်း ရခိုင်က ပါပြီးသားဆိုတော့ အခုတိုက်ပွဲကလည်း ရခိုင်မှာ စပြီးမှ သေနတ်ဖောက်သံတွေ ကြားရတာပေါ့နော်။ နောက်လည်း အများကြီးဖြစ်လာနိုင်တယ်”
ရက္ခိုင့်တပ်တော်ထံတွင် အညံ့ခံ
ဆန္ဒပြသူများကို ပစ်သတ်ရာမှ နိုင်ငံအနှံ့အပြား ရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်လာကြရာ ခုခံသူတို့ကို ၃ နှစ်ကြာ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် စိတ်ပိုင်း၊ ရုပ်ပိုင်း အဘက်ဘက်က ကျရှုံးနေပြီးဖြစ်သည်၊ အောက်တိုဘာ ၂၇ တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့်၊ အင်အားများပြားသည့်၊ ငယ်ရွယ်တက်ကြွသည့် တော်လှန်ရေးတပ်သားများကို ရင်ဆိုင်လိုက်ရသည့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ တပ်စခန်းများ စွန့်လွှတ်ကာ အညံ့ခံနေကြသည်။
AA အပါအဝင် ညီနောင်မဟာမိတ်များ ရှမ်းမြောက်တွင် ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီ၊ နမ့်ခမ်းမြို့များ အပါအဝင် စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။
တစ်ကျော့ပြန်စစ်ပွဲများ ပြန်ဖြစ်လာသည့် ရခိုင်ပြည်နယ်တွင်လည်း စစ်ပွဲစတင်သည့် ယနေ့ (နိုဝင်ဘာ ၁၃) တွင်ပင် ကျောက်တော်မြို့နယ်ရှိ ရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချ အညံ့ခံခဲ့သည်။
ကျောက်တော်မြို့တောင်ဘက် ၁၀ မိုင်အကွာ အပေါက်ဝရွာ ရဲစခန်းမှ ရဲ ၁၆ ဦးနှင့် မိသားစုဝင်များ လက်နက်ချ အညံ့ခံလိုက်သည်ဟု အပေါက်ဝဒေသခံ သတင်းရင်းမြစ်နှစ်ခုက ပြောသည်။
“အပေါက်ဝရဲစခန်းကတော့ လက်နက်ချ အညံ့ခံတယ်လို့ ပြောတာပဲ။ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီဘက်ကနေ ဝိုင်းလာတော့ သူတို့က လက်နက်ချ အညံ့ခံတာ” ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် အပေါက်ဝရဲစခန်းကို AA တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားပြီး လက်နက်ချသည့် ရဲနှင့် မိသားစု စုစုပေါင်း ၂၆ ဦးကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ပွဲနှင့် မုန်တိုင်းကြားက ရခိုင်ပြည်သူများ
၁၀၂၇ စစ်ဆင်ရေး မတိုင်မီကပင် စစ်ကောင်စီတပ်သည် AA ခြေကုပ်ယူထားသည့် ရခိုင်မြောက်ပိုင်းတွင် စစ်ပြင်လာသည်။ လက်နက်ကြီး စမ်းသပ်ပစ်ခတ်ခြင်း၊ ပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပိုလုပ်လာသည်။
စစ်ကောင်စီ၏ ခြေလှမ်းကို AA က စောင့်ကြည့်နေကြောင်းကို ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဆက်တိုက် ဖော်ပြလာရာ နိုဝင်ဘာ ၈ ရက်နေ့တွင် ပွင့်ပွင့်လင်းလင်း ထည့်သွင်းရေးသားလာသည်ကို တွေ့ရသည်။
“ရက္ခိုင်ဒေသတွင်း မြို့နယ်အချို့တွင် ရန်သူစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများမှ လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုများကို လစဉ်နီးပါး ဆက်တိုက်လုပ်ဆောင်လာနေသည်မှာလည်း ရက္ခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေး၏ အစဟုပင် ပြော၍ရပေသည်” ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤအခြေအနေတွင် ရခိုင်ပြည်သူအများအပြားသည် ရိက္ခာစုဆောင်းပြီး ဗုံးခိုကျင်းများတူးကာ တစ်ကျော့ပြန်စစ်မီးရန်မှ အကာအကွယ်ရရန် ကြိုးစားလာခဲ့ကြသည်။
သို့သော် တိုက်ပွဲသည် ၎င်းတို့ ထင်ထားသည့် အချိန်ထက် ပိုစောပြီး ဖြစ်လာရာ စိုက်ပျိုးထားသည့် သီးနှံများ မရိတ်သိမ်းရသေးသည့်အတွက် အခက်အခဲဖြစ်နေသည်ဟု ရသေ့တောင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ သိထားတာက စပါးတွေရိတ်ပြီးမှ ဖြစ်မယ်လို့ သိထားတယ်။ တိုက်ပွဲဆက်ပြင်းရင် သိပ်ဒုက္ခရောက်မယ်။ လယ်သမားတွေမှာ စပါးလုံးဝမရိတ်ရသေးဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ စစ်ပွဲများ စတင်ဖြစ်ပွားပြီး ချက်ချင်းဆိုသလို စစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ဖြတ်တောက်လိုက်ပြီး စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်နှင့် ကျောက်တန်းဂိတ်တို့ကိုပါ ပိတ်ဆို့ထားလိုက်သည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“တစ်မြို့မှ သွားလို့ မရတော့ဘူး။ ရေလမ်းမှာဆိုရင်လည်း ဘယ်မြို့ကိုမှ သွားလို့မရတော့ဘူး။ ကုန်းလမ်းဆိုရင်လည်း တစ်မြို့နဲ့ တစ်မြို့ကို ဘယ်လိုမှ သွားလို့မရတော့ဘူး။ စစ်တွေမှာဆိုရင် စစ်တွေမြို့ပြင် ကျေးရွာက လူတွေက စစ်တွေမြို့ထဲကို လာလို့ မရတော့ဘူး” ဟု ၎င်းက ပြောသည်။
စစ်တပ်၏ ပိတ်ဆို့မှုကြောင့် စစ်တွေတွင်လည်း ကုန်စျေးနှုန်းများ နာရီပိုင်းအတွင်း ခုန်တက်လာသည်၊ မိုခါမုန်တိုင်းဖြစ်သည့် ကာလကလည်း စားနပ်ရိက္ခာ ပြတ်လပ်သည့်ဒဏ်ကို ခံဖူးသည့် ဒေသခံများသည် ထိတ်လန့်နေကြပြီး ဆန်ဆိုင်၊ ဆီဆိုင်များတွင် ကြိတ်ကြိတ်တိုးနေကြသည်ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။
“ဒါကို သင်ခန်းစာယူပြီးတော့ အလုအယက်ကို ဝယ်နေကြတယ်။ ဆန်ဆိုင်တွေမှာဆို တိုးမပေါက်ဘူးဗျာ။ လူတွေကို တစ်ပုံကြီးပဲ။ ဆန်ဆိုင်တွေနဲ့ စားသောက်ကုန်ဆိုင်တွေမှာ လူတွေက အရမ်းပြည့်ကျပ်နေတာကို တွေ့ရတယ်” ဟု ပြောသည်။
ထိုသို့ ရခိုင်ပြည်သူများအနေဖြင့် မိုခါမုန်တိုင်း၊ စစ်ပွဲဒဏ်များကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသော်လည်း တစ်ဖက်တွင်လည်း အာဏာသိမ်းစစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းပြီး ရခိုင်ပြည်နယ် လွတ်မြောက်လိုသည့် စိတ်ထားမျိုးလည်း ရှိကြသည်ဟု ထိုမြို့ခံက ဆက်ပြောသည်။
“တစ်ဖက်မှာလည်း ခံရင်လည်း ခံရပါစေ၊ တောင့်ခံမယ်ပေါ့။ ဒီတစ်ခါ အောင်ပွဲရအောင် ဆင်နွှဲကြမယ်။ ပြည်သူတွေကြားမှာ စစ်ပွဲကို ဆင်နွှဲမယ်ဆိုတဲ့ သဘောထားမျိုးလဲ မြင်တွေ့နေရတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်သူများမှာ စစ်ပွဲဖြင့် ယဉ်ပါးနေပြီဖြစ်ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းသုံးတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်မှု နည်းပါးလာသည်ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုသည်။
“ထူးထူးထွေထွေတော့ ရခိုင်တွေက စိုးရိမ်ထိတ်လန့်တာတော့ သိပ်ရှိမယ်မထင်ဘူး။ ဒီလိုတိုက်ပွဲတွေ ရဟတ်ယာဉ်ပစ်တာ၊ လက်နက်ကြီးပစ်တာတွေကို အများကြီး ကြုံဖူးသွားပြီ” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)