သတင်း

နောင်ချို၊ သီပေါတို့တွင် စစ်တပ်က အမြောက်နှင့် လေတပ်ကို အားပြုနေ

မန္တလေးနှင့် ရှမ်းနယ်စပ်တွင် တိုက်ပွဲပြင်းထန်နေရာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူတို့ကို ပိုမိုရင်ဆိုင်နေရကြောင်း ထိုးစစ်ဆင်နေသည့် TNLA က ဆိုသည်။

မန္တလေးတိုင်းနှင့် ကပ်လျက် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် သီပေါမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများကို ပိုမို အားပြုနေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောသည်။

လဆန်းပိုင်းကတည်းက နောင်ချိုမြို့နယ် ဂုတ်ထိပ်တံတားအနီးနှင့် ဂုတ်တွင်းဒေသတို့ရှိ စစ်တပ်စခန်းများကို TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့က ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့ နံနက်တွင် TNLA က ကျောက်မဲနှင့် သီပေါအကြား ဘော်ကြိုရွာအနီး စစ်စခန်း၊ ထိုရွာဝန်းကျင် ကျင်သီတံတားကင်းစခန်းတို့ကို သိမ်းလိုက်သည်။

ထိုမြို့နယ်နှစ်ခုအတွင်း တိုက်ပွဲများတွင် အဝေးမှ တိုက်ခိုက်မှုကို ပိုမို ရင်ဆိုင်ရသည်ဟု TNLA ပြန်ကြားရေးရုံးအဖွဲ့ တာဝန်ခံက ပြောသည်။

“သုံးရက်လောက်အတွင်း တိုက်ပွဲတွေမှာတော့ စကစတပ်က မြေပြင်တပ်တွေ ဖြန့်ခွဲတိုက်ပွဲဝင်တာမျိုးထက် အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာ၊ အတွဲလိုက်ဒုံးကျည်တွေနဲ့ ပစ်တာတွေ ပိုလုပ်ပါတယ်။ လေယာဉ်နဲ့ လာပစ်တာလည်း နှစ်ရက်အတွင်းမှာ ၈ ကြိမ်ရှိပါတယ်” ဟု သူက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုမှာ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအနီး စခန်းသိမ်းတိုက်ပွဲတွင် ၃ ကြိမ်၊ ဂုတ်တွင်းစခန်း ထိုးစစ်ဆင်တိုက်ပွဲတွင် ၅ ကြိမ်အထိ လုပ်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် အတွဲလိုက်ပစ် ရော့ကတ်လောင်ချာဗုံးသီး အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ အတွဲလိုက်ဒုံး။ (ဓာတ်ပုံ-The Kokang)

ယခုရက်ပိုင်းအတွင်း နောင်ချိုနှင့် ကျောက်မဲမြို့ပေါ်မှ စစ်ကောင်စီစခန်းများ၊ သီပေါမြို့ရှိ အမှတ် ၂၃ ခြေလျင်တပ်ရင်း တပ်စခန်းတို့က တိုက်ပွဲဖြစ်ပွားသည့် နေရာများဘက်သို့ အမြောက်များ၊ လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်ခဲ့သည်ဟု TNLA က ဆိုသည်။

ကျောက်မဲမြို့ဘက်မှ လာပါက ဘော်ကြိုဘုရားမရောက်မီ မြစ်ငယ်မြစ်ကို ဖြတ်ကူးတည်ဆောက်ထားသည့်၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို ဆက်သွယ်ထားသည့် ကျင်သီတံတားကို TNLA က ဖောက်ခွဲခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ပြင်ဦးလွင်မြို့ဘက်မှ မန္တလေး-လားရှိုးလမ်းအတိုင်း ရှမ်းမြောက်ဒေသသို့ စစ်ကူပေးနိုင်ရေး ဦးတည်နေသည့် စစ်ကောင်စီယာဉ်တန်းမှာလည်း ရွှေညောင်ပင်ကျေးရွာအနီးတွင် ဖြတ်တောက် တိုက်ခိုက်ခံနေရသည်။

ယမန်နေ့ညအချိန်က မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက်အရ ချင်းရွှေဟော်၊ ပန်ဆိုင်း (ကြူကုတ်)၊ ဖောင်းဆိုင်၊ သိန္နီ၊ နမ့်ခမ်းမြို့တို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များ၊ ပြည်သူ့စစ်များကို တိုက်ထုတ်လိုက်သည်၊ ထိုမြို့များကို ထိန်းချုပ်ထားနိုင်သလို ၎င်းတို့၏ အုပ်ချုပ်ရေးများဖြင့် အစားထိုးလျက်ရှိကြောင်း ဖော်ပြထားသည်။

အလားတူ ကွမ်းလုံရှိ စစ်ကောင်စီ၏ တပ်စခန်း၊ ဌာနများအားလုံးကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့ကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ကွမ်းလုံတိုက်ခိုက်သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းအမြောက်အမြား၊ အတွဲလိုက်ဒုံးများ၊ သံချပ်ကာယာဉ်များပါ သိမ်းဆည်းရမိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button