
စစ်ရေးတင်းမာနေသော ရခိုင်ပြည်နယ်တွင် ယနေ့ (နိုဝင်ဘာ ၁၃) နံနက်အစောမှ စတင်၍ တိုက်ပွဲများဖြစ်နေပြီး အရာရှိတချို့ကို ဖမ်းဆီးရမိထားကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို အတည်ပြုသည်။
ယနေ့ နံနက် ၅ နာရီခန့်က ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နှင့် ချိန်ခါလီနယ်ခြားစောင့်ရဲစခန်း နှစ်ခုတို့ကို AA က တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သလို မင်းပြားမြို့နယ်တွင် စစ်ကား ၂ စီးကိုလည်း ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဒီမနက်မှာ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေဘက်မှာ တိုက်ပွဲဖြစ်နေတာတော့ ရှိပါတယ်။ စခန်းတချို့ သိမ်းပိုက်ရရှိတာလည်းရှိပါတယ်။ တချို့နေရာတွေမှာ တိုက်ပွဲတွေဆက်ပြီးတော့ ဖြစ်နေတုန်းရှိပါ တယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကတော့ ကျွန်တော့ဆီကို ရောက်လာတာ မရှိသေးဘူးဗျ။ အသေးစိတ်အချက်အလက်တွေ ရောက်လာပြီးမှပဲ ကျွန်တော်တို့ ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်” ဟု ဦးခိုင်သုခက ယနေ့ မွန်းတည့်ချိန်က အတည်ပြုသည်။
ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်း ကျသွားပြီဟု သိရကြောင်း ထိုနေရာအနီးအနားမှ ဒေသခံတစ်ဦးက ပြောသည်။
“ဒုံးပိုက်စခန်းကတော့ လုံးဝကျသွားပြီလို့ သိရပါတယ်။ ချိန်ခါလီစခန်းကတော့ တစ်ယောက် ခံပစ်နေသေးလို့ တိုက်ပွဲစဖြစ်တုန်းလို့ သိရပါတယ်။ ဒုံးပိုက်ကတော့ ပစ်ခတ်သံတွေ လုံးဝမကြားရတော့ဘူး” ဟု ထိုသူက ဆိုသည်။
အဆိုပါစခန်းနှစ်ခုသည် နယ်ခြားစောင့်ရဲစခန်းဆိုသော်လည်း စစ်သားများ ဝင်ရောက်နေရာယူထားသောကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်နိုင်သည်ဟု ယူဆရကြောင်း အခြားဒေသခံတစ်ဦးကလည်း ယနေ့ နံနက် ၈ နာရီခန့်က ပြောသည်။
“အဓိကတော့ အဲဒီစခန်းတွေက တိုက်ရတာက နယ်ခြားစောင့်ကိုထက် စစ်သားတွေ ခိုလှုံလာတာဖြစ်လို့ စစ်သားတွေကို ပစ်မှတ်လို့ ထင်ပါတယ်။ ရဲစခန်းတွေကို ပစ်မယ်ဆိုရင် အရင်ကတည်းက ပစ်လို့ရပါတယ်”
စခန်းတိုက်ခိုက်ခံရသည့် ပတ်ဝန်းကျင်အနီးသို့ ရသေ့တောင်မြို့ပေါ်ရှိ ခြေလျင်တပ်ရင်း (ခလရ) ၅၃၇ နှင့် ၅၃၆ တို့က နံနက် ၅ နာရီခန့်ကတည်း လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ဒုံးပိုက်နှင့် ချိန်ခါလီရွာကြားသို့ စစ်တပ် ဇက်ရေယာဉ်တစ်စီး ရောက်ရှိနေကြောင်း သိရသည်။
“အခုက အဲဒီရွာတွေကလူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီ။ ကျွန်တော်တို့လည်း ဗုံးခိုကျင်းကိုပဲ အားပြုနေရတယ်။ ရသေ့တောင်ဘက်က လက်နက်ကြီးတွေပစ်နေလို့ တခြားဘက်ကို ပြေးလို့မရဘူး” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

အလားတူ မင်းပြားမြို့နယ်၊ ဖေသာပြင်နှင့် ဖားပြို (ချင်း) ရွာအကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ယာဉ်နှစ်စီးကို ယနေ့ နံနက် ၈ နာရီခန့်တွင် AA က တိုက်ခိုက်ခဲ့သောကြောင့် ကားများမီးလောင်ပျက်စီးနေသည်ဟု ဖေသာပြင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“၈ နာရီလောက်ပတ်ဝန်းကျင်က ဖြစ်တာ။ အပြန်အလှန်တိုက်ခိုက်ကြတာပေါ့။ စစ်တပ်ကနေ အဖြတ်မှာ AA ဂိတ်ကို ကျော်တယ်ဆိုပြီး တိုက်တာလို့ သိရတယ်။ ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးဘူး။ ကားတွေ မီးလောင်တယ်လို့ သိရတယ်။ အခုထိ မီးခိုးတွေထွက်နေတာကို မြင်နေရတုန်းပါ” ဟု ၎င်းက ဆိုသည်။
ထို့နောက် မင်းပြားမြို့၊ ကျိန်းတောင်တွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အနီးဝန်းကျင်များသို့ ကျရောက်ပေါက်ကွဲလျက်ရှိနေပြီး ဖေသာပြင်ကျေးရွာမှ အသက် ၅၀ အရွယ် ဦးကျော်သိန်းဖြူဆိုသူသည် ရွာအပြင်ဘက် တောတောင်များတွင် စပါးရိတ်ရန် ပြင်ဆင်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နောက်ကျောနှင့် ခြေထောက်တို့တွင် ပြင်းထန်စွာဒဏ်ရာရရှိသွားသည်ဟု သိရသည်။
စစ်ကောင်စီတပ်က စစ်တွေမြို့အဝင်အထွက်ကို ပိတ်ထားလိုက်သောကြောင့် စိုးရိမ်ပူပန်ကာ ကုန်စည်ဝယ်ယူမှု များပြားနေကြောင်း စစ်တွေမြို့ခံတစ်ဦးက ယနေ့ မွန်းတည့်ချိန်က ပြောသည်။
“စျေးမှာတော့ ဝယ်သူများတယ်။ ကုန်ခြောက်တွေ၊ ဆန်တွေ ဝယ်သူများနေတယ်။ အမြန်ရေယာဉ်တွေပါ ရပ်နားထားပြီး ရောင်းပြီးသားလက်မှတ်တွေ ပြန်ပေးနေတယ်။ ဂိတ်တွေ ပိတ်ထားတော့ မြို့ပြင်ကလူတွေ အထဲဝင်မရသလို မြို့ထဲက လူတွေလည်း အပြင်ထွက်မရတော့ဘူး”
ရက်ကြာကြာ မြို့ကို ပိတ်ထားရင် စားနပ်ရိက္ခာ ဝယ်မရဖြစ်မှာကို စိုးရိမ်နေကြတယ်။ လမ်းတွေ ပိတ်ထားတော့ ခရီးသွားမဲ့သူတွေ၊ နေရပ်ပြန်မဲ့သူတွေ အခက်အခဲဖြစ်နေကြတယ်။ အခု စစ်တွေမှာ သင်တန်းလာတက်နေတဲ့ နယ်က ကျောင်းဆရာ၊ ဆရာမတွေ ရှိနေကြတယ်။ နောက်ပြီး အဝေးသင်ကျောင်းသားတွေ ရှိနေကြတယ်။ သူတို့ နေရပ်ပြန်မရမှာ စိုးရိမ်နေကြတယ်” ဟု ထိုမြို့ခံအမျိုးသားက ဆိုသည်။
AA စစ်ဦးစီးချုပ်က ဈေးတင်မရောင်းကြရန် ယနေ့ နံနက်က သတိပေးစကားတချို့ Facebook ပေါ်တွင် တင်ထားသည်ကို တွေ့ရသည်။
ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်မှ စတင်၍ စစ်ကောင်စီသည် ကချင်ပြည်နယ်၊ လိုင်ဇာ၊ မုန်လိုင်ခက်ပတ်ဝန်းကျင်များသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိသောကြောင့် အနီးအနားရှိ AA အခြေစိုက်ရာ တပ်စခန်းပတ်ဝန်းကျင်အတွင်းသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို AA တပ်စခန်းဝန်းကျင်သည် ယခင်က နှစ်ကြိမ်တိုက်ခိုက်ခံထားရပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦး၊ တပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်။
ယနေ့ နံနက်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခု တစ်ပြိုင်နက် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့် AA တို့ အကြား၂၀၂၂ နိုဝင်ဘာလအတွင်း ယာယီအပစ်ရပ်ထားသော သဘောတူညီမှုလည်း ပျက်ပြယ်သွားပြီ ဖြစ်သည်။
ယခုတိုက်ခိုက်မှုများမတိုင်မီ မြောက်ဦးမြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံရဲများကို နိုဝင်ဘာ ၇ ရက်၊ နေ့လယ်တွင် AA က မြို့ပေါ်တွင် ဖမ်းဆီးသွားမှု ဖြစ်ပွားထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစပြုသည့် “၁၀၂၇ “ စစ်ဆင်ရေးမတိုင်မီကပင် စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အတွင်း စစ်အင်အားများဖြည့်တင်းမှုရှိနေသောကြောင့် တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများ ယူဆကာ ကြိုတင်ပြင်ဆင်ထားသလို ဗုံးခိုကျင်းများ ကြိုတူးထားရန် AA/ULA မြေပြင်အရာရှိများက တိုက်တွန်းထားသည်။
ရခိုင်ပြည်အတွင်း စစ်ပွဲများ အစပြုလာနိုင်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် “ရက္ခိုင်ဒေသတွင်း မြို့နယ်တချို့တွင် ရန်သူ့စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများက လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုများကို လစဉ်နီးပါး ဆက်တိုက် လုပ်ဆောင်လာနေသည်မှာလည်း ရက္ခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေး၏ အစဟုပင် ပြော၍ရပေမည်” ဟု ဖော်ပြထားသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA သည် ကချင်နှင့် စစ်ကိုင်းအစပ် တိုက်ပွဲများ၊ ရှမ်းမြောက် “၁၀၂၇” စစ်ဆင်ရေးတွင်လည်း ပါဝင်တိုက်ခိုက်နေရာ စစ်ကောင်စီသည် မူလက AA အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း နောက်ပိုင်းတွင် AA ပါဝင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)