
စစ်ကိုင်းတိုင်း အစိုးရအမိန့်ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကျေးရွာမီးလင်းရေးကော်မတီကို အလိုမရှိဟု ကင်းရွာသား ၃၀၀ ခန့်က တိုင်းအစိုးရ ရုံးစိုက်ရာ မုံရွာမှ ၃၅ မိုင်ခန့်ဝေးသည့် မြောင်မြို့အဝင်လမ်းမတွင် ယနေ့နံနက်တွင် ဆန္ဒပြခဲ့ကြသည်။
သဘောထားကွဲလွဲနေသည့် မီးလင်းရေး ကော်မတီ နှစ်ခုလုံးကို ဖျက်သိမ်းခိုင်းပြီး အသစ်ပြန်လည်ဖွဲ့စည်းမည်ဟု တိုင်းအစိုးက အောက်တိုဘာလအတွင်း ကတိပေးခဲ့ကြောင်း၊ သို့သော်လည်း ဒီဇင်ဘာ ၄ ရက်တွင် လူထုထောက်ခံမှု နည်းသော မီးလင်းရေးကော်မတီကို တိုင်းအစိုးရက အသိအမှတ်ပြုခဲ့ကြောင်း ကင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆွေကပြောသည်။
“လူနည်းစုလေးကထောက်ခံတဲ့ အဖွဲ့ကိုလွှဲပြောင်းပေးရမယ်ဆိုပြီး တိုင်းဒေသကြီးအစိုးရရဲ့ ရည်ညွှန်းစာမှာပါလာတယ်။ လူများစုရဲ့ဆန္ဒကိုဘေးဖယ်ပြီး လူနည်းစုကိုဦးစားပေးလုပ်တာဟာ ဥပဒေနဲ့သွေဖည်တယ်။
ကျွန်တော်တို့ကိုအာဏာနဲ့ဖိအားပေးတယ်။ ဒါကိုမကျေနပ်လို့ ဆန္ဒပြရတာပါ” ဟု ဆန္ဒပြပွဲဦးဆောင်သူ
ဦးကြည်မောင်ကပြောသည်။