သတင်း

ကောလင်းသို့ သွားသည့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ

တော်လှန်ရေးအဖွဲ့များ သိမ်းထားသည့် ခရိုင်မြို့တော် ကောလင်းကို ထိုးစစ်ဆင်ရန် ကြိုးစားကြသော ပျူစောထီးစစ်ကြောင်း အထိနာသွားသည်ဟု NUG နှင့် ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ သိမ်းထားသော ကောလင်းမြို့ဘက်သို့ ချီတက်လာသည့် ပျူစောထီးအများစုပါဝင်သော စစ်ကြောင်း  ယနေ့ (နိုဝင်ဘာ ၁၀) နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခံရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ထံမှ သိရသည်။

အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းမှာ ကန့်ဘလူမြို့နယ် ချပ်သင်းရွာမှ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ကောလင်းမြို့သို့ ဦးတည် ချီတက်နေချိန် ယနေ့ နံနက် ၇ နာရီခန့်တွင် PDF ၏ ကန့်ဘလူခရိုင်တပ်ရင်း (၂) က တိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

သုံးနာရီကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကာ လက်နက်အမြောက်အမြားလည်း သိမ်းယူနိုင်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“နှစ်ကြောင်းခွဲ ထွက်လာတာ၊ တစ်ကြောင်းကို အပိုင်တိုက်လိုက်တာ။ လက်နက်မျိုးစုံ ၈၀ ကျော် ရတယ်။ ငါးကြင်းမြီး (စက်သေနတ်) RPG (ပခုံးထမ်းအမြောက်) အစုံပဲ” ဟု ၎င်းက ပြောသည်။

ကောလင်းမြို့ဆီ ဦးတည် ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်သည့်နေရာ။​

စစ်ကောင်စီတပ်က ရာနှင့်ချီသော ပျူစောထီး ခေါ် ပြည်သူ့စစ်များကို စုစည်းကာ ချပ်သင်းရွာမှ ထွက်လာကြခြင်း ဖြစ်သည်ဟု သတင်းရကြောင်း၊ အတိုက်ခံရသဖြင့် အထိနာသွားသည်ဟု သိရကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ဆိုသည်။

“ကောလင်းကို ထိုးစစ်ကြီးကြီးထိုးဖို့ ထင်တယ်၊ အင်အား ၃၀၀ လောက် ရှိမယ်။ ပျူတွေများတာ။ ကန့်ဘလူဘက်က စုပြီး ထိုးတက်သွားတာ။ နောက်ကျန်တဲ့အဖွဲ့ကို ဖြတ်တိုက်ကြတာ၊ အလောင်းတွေကတော့ ပုံနေတာပဲ ပြောတယ်” ဟု သူက ဆိုသည်။

ကန့်ဘလူမြို့နယ်ရှိ ရွာများတွင် ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီက တစ်ထောင့်ထိုးနှင့် ကာဘိုင်သေနတ်သာ တပ်ဆင်ပေးထားသော်လည်း စစ်သားများနှင့်အတူ တိုက်ခိုက်ရေး ထွက်ချိန်တွင် မောင်းပြန်ရိုင်ဖယ်များ ပေးသည်ဟု သိရသည်။

ပျူစောထီးအများစုပါဝင်သည့် စစ်ကြောင်းမှာ ယမန်နေ့ ညပိုင်းက ချပ်သင်းဘေးမဲ့သစ်တောကြိုးဝိုင်းတွင် ညအိပ် စခန်းချပြီးနောက် ယနေ့ နံနက်ပိုင်း ပြန်အထွက်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ချပ်သင်းပကဖ တာဝန်ရှိသူကလည်း ပြောသည်။

“ဒီနေ့မနက် အစောပိုင်းမှာ ကောလင်းနယ်ထဲ ဦးတည် စစ်ကြောင်းထိုးသွားတာ၊ ဆင်းဂေါင်းတောင်ဘက် မရောက်ခင်မှာ ပြန်လှည့်လာတာ၊ အဲဒီအချိန်မှာ တိုက်ပွဲစဖြစ်တာ။ တော်တော်များများ ကျတယ်ဗျ၊ အနည်းဆုံး ၅၀ နဲ့ ၇၀ ကြားထိ ကျသွားတာ” ဟု သူက နေ့လယ်ပိုင်းတွင် ပြောသည်။

ညနေပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်ပွဲသတင်းထုတ်ပြန်ရာ ၈၀ ခန့် သေဆုံးသည်ဟု ဖော်ပြထားသည်။

ထိုစစ်ကြောင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်း သီးသန့်ထုတ်ပြန်ခြင်း မရှိပေ။ ကောလင်းမြို့တွင်း တော်လှန်ရေးအဖွဲ့များ ဝင်သွားသည်ဟု စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ရှိ အနည်းငယ်သော ဒေသတချို့တွင် တိုက်ပွဲများ ဖြစ်နေသည်၊ လုံခြုံမှုရှိသည့်အခြေအနေရောက်ရန် ကြိုးစားမည်ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း မန္တလေး – မြစ်ကြီးနားမီးရထားလမ်းပေါ်ရှိ ခရိုင်မြို့ ကောလင်းကို လေးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကောလင်းကို သိမ်းပိုက်ပြီးနောက် အနီးတစ်ဝိုက်ရှိ မြို့များကို တော်လှန်ရေးအဖွဲ့များက ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး ဒေသခံအများအပြားမှာ ပိုမိုလုံခြုံမည်ဟု ယူဆရသည့် နေရာများသို့ တိမ်းရှောင်နေကြသည်၊ စစ်ကောင်စီကလည်း ရဲစခန်းတချို့ကို နေရာပြောင်းရွှေ့ထားသည်ဟု သိရသည်။

ကသာမြို့တွင် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြပြီး ထီးချိုင့်တွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်နေသည်။

နိုဝင်ဘာ ၂ ရက်နေ့က ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းရဲစခန်းကို တိုက်ခိုက်ပြီးနောက် တွေ့ရသည့် ကန့်ဘလူခရိုင် PDF တပ်ဖွဲ့ဝင်များ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button