သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ်ဖျက်သိမ်း

တရားဝင်မဲဆွယ်စည်းရုံးခွင့်ရရှိမည့် စက်တင်ဘာ ၈ နံနက် ၈နာရီတွင် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်လံလွှင့်ထူရန်စီစဉ်ထား သည့် ခရီးစဉ်ကိုဖျက်သိမ်းလိုက်ရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်တွင် ကိုဗစ်နိုင်တင်းရောဂါအတည်ပြုလူနာနှစ်ဦးတွင် ကော့မှူးဇာတိတစ်ဦးပါဝင်ကြောင်း ယမန်နေ့က သိရှိခဲ့ရပြီးနောက် ခရီးစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးက ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း NLD ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါသတင်းစကားကို ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ယနေ့နံနက် တိုက်ရိုက်ထုတ်လွှင့်နေသည့် ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသော စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကော့မှူးခရီးစဉ်အကြောင်းကို စက်တင်ဘာ ၅ရက်က Chair NLD ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတဆင့် အသိပေးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက ကိုဗစ်ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား ထည့်သွင်းပန်ကြားခဲ့ဖူးသည်။

ယင်းနေ့တွင် နေအိမ်၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ဆိုက်ကား စသည်တို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံများလွှင့်ထူမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ထည့်သွင်း မေတ္တာရပ်ခံခဲ့သည်။

တကယ်ပြည်သူလူထုက အင်တိုက်အားတိုက်လုပ်ရမယ့်အချိန်ကတော့ ရွေးကောက်ပွဲနေ့ ၁၁ လပိုင်း ၈ရက်နေ့ဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း ကျန်းကျန်းမာမာနဲ့ရှိနေကြအောင်လို့ အဲဒီအချိန်မှ ရွေးကောက်ပွဲ မဲထည့်ပေးနိုင်တဲ့ အခြေအနေဖြစ်အောင်လို့ အခုအချိန်မှာတော့ ထိန်းထိန်းသိမ်းသိမ်း နေကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟုလည်း အဆိုပါ ပန်ကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းတိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဖျက်သိမ်းလိုက်ရသည့် မူလအစီအစဉ်နှင့်ပတ်သက်၍ “အခုထိတော့ အစားထိုး ဆောင်ရွက်မယ့် အစီအစဉ်တွေဘာတွေမရှိသေးပါဘူး။ မဲဆွယ်စည်းရုံးမှုစတဲ့နေ့မှာ မူလအတိုင်း တစ်နိုင်ငံလုံးမှာ NLD အလံတွေလွှင့်ဖို့စတာတွေကတော့ ဒီအတိုင်းပဲရှိပါမယ်” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနှင့် အမတ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ နံနက် ၆နာရီမှ နိုဝင်ဘာ ၆ ည ၁၂ နာရီအထိ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားပြီးဖြစ်သည်။

Show More

Related Articles

Back to top button