သတင်း

ပြန်ကြားရေးဝန်ကြီးဟောင်း အဖမ်းခံရ

သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရအရာရှိ၊ ပြန်ကြားရေးဝန်ကြီးတာဝန်များယူခဲ့သူ ဒုဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်ကို ဖမ်းဆီးရန် ဝါဒဖြန့်သူများက အကြိမ်ကြိမ် လှုံ့ဆော်ခဲ့ကြသည်။

စစ်ကောင်စီကို ရည်ညွှန်းသည်ဟု ယူဆရသော ဝေဖန်ချက်များ ရေးသားလေ့ရှိသည့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက သတင်းထောက်များကို ပြောသည်။

“မဟုတ်မမှန်သတင်းများ” ရေးသားဖြန့်ဝေမှုဖြင့် ရန်ကုန်၊ အလုံမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ – ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း သတင်းထောက်များကို ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရအရာရှိ၊ ပြန်ကြားရေးဝန်ကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သူ အသက် ၆၄ နှစ်အရွယ် ဒုဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်၏ အွန်လိုင်းရေးသားမှုများအနက် မည်သည့်အချက်က မဟုတ်မမှန်သတင်းဖြစ်ကြောင်းကိုမူ စာတွင် ဖော်ပြထားခြင်း မရှိပေ။

အောက်တိုဘာ ၂၃ ရက်နေ့က အင်းလေးဒေသ ခရီးစဉ်အတွင်း မာန်တက်နေပုံရသော ကျွဲတစ်ကောင်ကို တွေ့ခဲ့ရကြောင်း သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

“ကျွဲတစ်ကောင်က မြေဆွေးပုံလို့ ထင်ရတဲ့ မြေစာပုံထိပ်မှာ ရပ်နေတာ တွေ့တယ်။ နောက်ခံတောင်တန်းတွေနဲ့၊ သူ့အောက်မှာ တခြားကျွဲတွေ၊ ဗျိုင်းဖြူတွေနဲ့ ကျွဲဘုရင်လိုလို ဘာလိုလိုပေါ့။ အဲဒီရှုခင်းကို ဓာတ်ပုံလှမ်းရိုက်ရင်း ဒီကျွဲဟာ သူ့ကိုယ်သူ တောင်ထိပ်ရောက်နေတယ်လို့ ထင်နေမလား၊ စားကျက်ပျောက်ပြီး ရေပတ်လည် ဝိုင်းနေတာကိုရော သိရဲ့လားလို့ တွေးမိတယ်” ဟု ရေးသားထားသည်။

စာဖတ်သူတချို့ကမူ ထိုအရေးအသားမျိုးကြောင့် စစ်ကောင်စီ အမျက်ထွက်ပြီး တုံ့ပြန်နိုင်ခြေရှိသည်ဟု ထုံးစံအတိုင်း သတိပေးခဲ့ကြသည်။

ဟန်ငြိမ်းဦး အမည်ဖြင့် စစ်တပ်ဝါဒဖြန့်စာများ အဆက်မပြတ် ရေးသားသော တပ်လီဂရမ်စာမျက်နှာတွင်လည်း ဦးရဲထွဋ်ကို ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး အိမ်လိပ်စာကိုပါ ဖော်ပြခဲ့သည်။

မကြာခဏ ခြိမ်းခြောက်ခံနေရသော ဦးရဲထွဋ်ကမူ သူ၏ မြို့တွင်းမြို့ပြင်ခရီးစဉ်အတွေ့အကြုံများမှအစ မြန်မာနှင့် နိုင်ငံတကာဖြစ်ရပ်များအကြောင်းအထိ ဆက်လက် သုံးသပ်ရေးသားခဲ့သည်။

“ကိစ္စမရှိပါဘူး။ ကျွန်တော်က သူတို့လို ကိုယ်ဘယ်သူလဲ၊ ဘယ်မှာနေလဲဆိုတာ လူသိမခံရဲတဲ့ သူမှမဟုတ်တာ။ ဒီအတိုင်း သွားလာနေတာပဲလေ။ ကျွန်တော့်လိပ်စာကို မိတ်ဆွေတွေအပြင် ဒလယ်ဗာရီသမားတွေ၊ Grab, Kilo Taxi သမားတွေ ရပ်ကွက်ထဲကလူတွေ သိနေတာပဲလေ။ ရေသန့်ပို့တဲ့သူတောင် သိသေးတယ်” ဟု ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် တုံ့ပြန်ထားသည်ကို တွေ့ရသည်။

ပြည်သူများ စားအုန်းဆီ တန်းစီဝယ်ယူနေရသည့် အကြောင်းကိုလည်း သူက ရေးသားခဲ့ပြီး ထိုသို့ ရောင်းချပေးမှုသည် ရေတိုအတွက်သာဖြစ်သည်ဟု သူက ဝေဖန်သည်။

“ခုလိုရောင်းချပေးတာကတော့ ရေတိုကုစားနည်းပဲ ဖြစ်မှာပါ။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ အများလက်လှမ်းမီတဲ့ဈေးနှုန်းနဲ့ ဝယ်နိုင်မှ အမှန်တကယ် ကုန်ဈေးနှုန်းကျပြီလို့ ပြောနိုင်မှာပါ” ဟု ဆိုသည်။

သူနှစ်သက်သည့် စားသောက်ဆိုင်တချို့အကြောင်း ညွှန်းဆိုရေးသားတတ်သဖြင့် သူ့ကို ဖုဘလော်ဂါ (food blogger) ဟု စစ်တပ်ဝါဒဖြန့်စာမျက်နှာတွင် ပြန်လည်သရော်ခဲ့ကြသည်။

လူကြိုက်များသည့် ဆောင်းပါးများထဲတွင် စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ရေးသားခဲ့သည့် “အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ” ခေါင်းစဉ်တပ်ထားသော သရုပ်ဖော်ဆောင်းပါးလည်း ပါဝင်သည်။

ထိုဆောင်းပါးတွင် ဖခင်ဖြစ်သူ ထိုခေတ်က အလွန်ရှားပါးသည့် သားရေဘောလုံးကို ဝယ်ပေးရာ ဘောလုံးပိုင်ရှင် မောင်ရဲထွဋ်က ဘောလုံးကစားသမားများကို ညစ်၍ ကစားခဲ့ကြောင်း ပုံဖော်ထားသည်။

“ဘောလုံးပိုင်၊ ကွင်းပိုင်ဖြစ်လာတဲ့ ကျွန်တော်ဟာ သူငယ်ချင်းတွေကြားမှာ အကောင်ဖြစ်လာတယ်။ ကျွန်တော်နဲ့ မတည့်ရင် ဒီကွင်းမှာ ကစားလို့မရဘူး။ လူခွဲရင် ကိုယ်ကြိုက်တဲ့သူ ရအောင်ယူတယ်။ ကိုယ်တိုင်လည်း ဝင်ကန်တယ်။ ကိုယ်တိုင်ပဲ ဒိုင်လုပ်တယ်။ ဒိုင်ဆုံးဖြတ်ရင် လက်ခံ၊ ပြန်မပြောနဲ့။ နောက်လာကစားလို့ မရဘူးဖြစ်သွားမယ်” ဟု ရေးသားခဲ့သည်။

စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း ဦးရဲထွဋ်၏ ဆောင်းပါးအဆုံးတွင် “သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ်ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ားသိက္ခာကျတယ်” ဟူသော စကားစုနှင့် အဆုံးသတ်ထားသည်။

ဝါဒဖြန့်စာမျက်နှာများ၏ လှုံ့ဆော်မှု

စစ်ကောင်စီက အွန်လိုင်းတွင် ရေးသားဝေဖန်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ ပုဒ်မ ၅၀၅(က) အီလက်ထရောနစ်ပုဒ်မတို့ဖြင့် ဖမ်းဆီးထောင်ချနေသလို ထိုသို့ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဦးရဲထွဋ်ကို ဖမ်းပြီးနောက်တွင် အာဏာရှင်ဟောင်း သန်းရွှေ၏ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကိုလည်း ဖမ်းဆီးရန် ဝါဒဖြန့်စာမျက်နှာများက ရေးသား လှုံ့ဆော်နေသည်ကို တွေ့ရသည်။

စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီး၊ တပ်မတော်ဆေးတက္ကသိုလ်တွင် ကထိကဖြစ်ခဲ့သူ ဒေါက်တာနေစိုးမောင်သည် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့်အတူ လမ်းပေါ်တွင် တွေ့ရသည်။

“ပြည်သူတို့နဲ့အတူ…. ပင်စင်စားတစ်ဦး၏ အမှန်တရားဘက်က ရပ်တည်မှု” ဟု ထိုစဉ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်ကို တွေ့ရသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေသည့် ဒေါက်တာနေစိုးမောင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ က တွေ့ရစဉ်။ (ဓာတ်ပုံ − Dr. Nay Soe Maung, Facebook)

အောက်တိုဘာ ၁၂ ရက်တွင် စစ်ရှောင်စခန်းတစ်ခုမှ ကလေးများကို အဝတ်အထည်များလှူဒါန်းနေပုံကို လူမှုကွန်ရက်တွင် ဒေါက်တာနေစိုးမောင်က တင်ထားပြီး “ ဒီကလေးတွေရဲ့ အနာဂတ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်လည်းဖြစ်ပါတယ်” ဟု သူက ဆိုသည်။

နွမ်းပါးသူများကို ကူညီလေ့ရှိကြောင်းလည်း သူက ရေးသားဖော်ပြလေ့ရှိသည်။ နွမ်းပါးကလေးငယ်များနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ၏ ပုံစာတွင် “လူတစ်စု ချမ်းသာနေရုံနှင့် တိုင်းပြည် မတိုးတက်နိုင်ပါ။ အခြေခံလူတန်းစားတွေ လူလတ်တန်းစားအလွှာ ရောက်မှသာ တိုင်းပြည်တိုးတက်နိုင်မှာမို့ သူတို့လေးတွေဘဝ အခြေမြင့်ဘို့ တာဝန်ရှိသူတို့ သိစေချင်ပါသည်” ဟု ရေးသားသည်ကို တွေ့ရသည်။

ကျန်းမာရေးလိုက်စားသူ ဒေါက်တာနေစိုးမောင်သည် စက်ဘီးစီး၊ အင်းလျားကန်ဘောင်တွင် လမ်းလျှောက်၊ ယပ်တောင်ကိုင်ပြီး ထိုက်ချိ ကစားတတ်သည်။

ဦးရဲထွဋ်ကို ဖမ်းဆီးသူများ ဒေါက်တာနေစိုးမောင်ကို မေ့မထားရန် စစ်ကောင်စီဝါဒဖြန့်စာမျက်နှာတွင် လှုံ့ဆော်ရေးသားနေကြသည်။

“ဖုဘလောဂါကြီး အဖော်ရအောင် ကန်ဘောင်ရှေ့မှာ ယပ်တောင်နဲ့ ကလိုက်၊ ဈေးကို စက်ဘီးနဲ့ သွားပြလိုက် လုပ်နေတဲ့ ဂျယ်တယ်တယ်နဲ့ တစ်ယောက်ကိုပါ မေ့မထားသင့်ပါဘူး” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထိုသို့ လှုံ့ဆော်မှုများ၊ စော်ကားရေးသားမှုများမှာ ယခင်ကပင် ရှိခဲ့ပြီး ဒေါက်တာနေစိုးမောင်ကမူ ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ဘဲ ပုံမှန်အလုပ်များ ဆက်လက် လုပ်ကိုင်ခဲ့သည်။ ဒေါက်တာနေစိုးမောင် ကူညီသည့်အထဲတွင် နေအိမ်မီးရှို့ခံရသူများကို လှူဒါန်းခြင်းလည်း ပါဝင်သည်။

ဌာနတစ်ခုက ၂၄ နာရီ ရုံးထိုင်ပြီး ဝါဒဖြန့်သည်ဟု ယူဆရသည့် အွန်လိုင်းရေးသားမှုများတွင် ဒုတိယဗိုလ်မှူးကြီးဟောင်းနှင့် NLD အမတ်ဟောင်း ဦးကျော်ဇေယျကို ပစ်မှတ်ထားသည့် အရေးအသားများလည်း ပါဝင်သည်။

Ka Ka Han, ဟန်ငြိမ်းဦး စသည့် တယ်လီဂရမ်ချန်နယ်များတွင် ဦးကျော်ဇေယျကို လှောင်ပြောင်ရေးသားမှုများ၊ ဆဲဆိုကြိမ်းမောင်းမှုများကို တွေ့ရသည်။

“ဘယ်အဖွဲ့အစည်းက လော်ဘီများဖြစ်ကြသည်ဆိုတာကို အမှန်သိထားပြီးဖြစ်သည်” ဟု ဦးကျော်ဇေယျက Facebook တွင် တုံ့ပြန်ထားသည်။

“ဟန်ငြိမ်းဦးဆိုတာ နိုင်ငံတော်အဆင့် တရားဝင်အဖွဲ့ကြီးဟု ဆိုထားတော့ လစာနဲ့ စရိတ်များလည်း ကောင်းကောင်း ခံစား/စံစား ကြရမည်ဟု ထင်ပခင်ဗျာ”

ဦးကျော်ဇေယျကို အွန်လိုင်းတွင် ဆက်လက် ဝေဖန်ထောက်ပြမှုမပြုရန် မှတ်ချက်ပေးသူရှိသကဲ့သို့ အပြုသဘော ဆက်လက် ဝေဖန်ရန် တိုက်တွန်းသူများ ရှိသည်ကိုလည်း တွေ့ရသည်။

ဦးရဲထွဋ်ကို ဖမ်းဆီးကြောင်း သတင်းများထွက်လာပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့တွင် ဦးကျော်ဇေယျက ရန်လိုသူတို့ကြောင့် အန္တရာယ်မကင်းကြောင်း ရေးသားခဲ့သည်။

“မင်းကြီးရဲ့ အနားမှာ၊ ကတ္တီပါစ အသင့်ဆောင် ပွတ်နေတဲ့ ကောင်ကြောင့်၊ ဆူးငြောင့်တွေ လွန်ပေါများ၊ မဟန်/မငြိမ်း တော့ပါလား” ဟု ဦးကျော်ဇေယျက ဆိုသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button