အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စဉ့်ကူးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး အသတ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး ပစ်သတ်ခံရသည်၊ တစ်ဦးမှာ တော်လှန်ရေးအဖွဲ့များ၏ ရန်ကြောင့် အခြားရွာတစ်ရွာတွင် တိမ်းရှောင်နေသူဖြစ်သည်ဟု သိရသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီ၏ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

အောက်တိုဘာ ၂၂ တွင် ရွှေဒုံးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၇ နှစ်အရွယ် ဦးဗေဒါ၊ အောက်တိုဘာ ၁၇ တွင် ငှက်စားကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးတို့ ပစ်သတ်ခံရခြင်း ဖြစ်သည်။

ဦးအောင်နိုင်ဦးမှာ ဆွေမျိုးများရှိရာ ပေါက်ကုန်းရွာတွင် တိမ်းရှောင်နေစဉ် ပစ်ခတ်ခံရသည်ဟု သိရသည်။

“နှစ်ရွာကတော့ ကပ်လျက်ရွာတွေ၊ တစ်ယောက်က ရွာကနေ ရှောင်ပြီးနေတာကို လိုက်ရှင်းခံရတာ၊ ရွှေဒုံးအုပ်ကြီးကတော့ သူ့အိမ်မှာပဲ ရှင်းခံရတာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စဉ့်ကူးမြို့နယ်အခြေစိုက်တပ်ဖွဲ့တစ်ခု၏ တာဝန်ခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦးကို မည်သည့်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်ကို မသိရသေးသလို တော်လှန်ရေးအဖွဲ့များဘက်ကလည်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ထိုဒေသတွင် စစ်တပ်က လက်နက်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးတို့က အုပ်ချုပ်ရေးမှူးများကို ကြိုးကိုင်ထားသည်၊ အခြားဒေသများနှင့် တူညီသည့်အချက်မှာ အာဏာသိမ်းမှုဆန့်ကျင်သူတို့နှင့် ပတ်သက်သည့် သတင်းများကို အထက်သို့ အစီရင်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

“ပျူစောထီးတွေက အုပ်ကြီးဆိုပြီး ခန့်လိုက်ပြီးတော့ ပျူစောထီးက အုပ်ချုပ်တာ၊ အုပ်ကြီးတွေက လက်ဝေခံ၊ စကစ ဘက်တော်သားလုပ်တာပေါ့၊ ဘယ်အိမ်မှာ CDM ရှိတယ်၊ ဘယ်အိမ်ကတော့ တော်လှန်ရေးတပ်သား၊ ဘယ်တပ်သားရဲ့ ဘယ်လိုဆွေမျိုး၊ ဒါတွေ စုံစမ်းသတင်းပေးတာ၊ ဒါ စစ်ကောင်စီအုပ်ကြီးတွေလုပ်ငန်းပဲ” ဟု အထက်ပါ PDF တာဝန်ခံက ဆိုသည်။

အချို့ကျေးရွာများတွင်မူ စစ်သင်တန်းဆင်းထားသူ ပျူစောထီးများကိုယ်တိုင်က အုပ်ချုပ်ရေးမှူးတာဝန်ယူထားကြသည်ဟု သိရသည်။

ယခုလ ၂ ရက်နှင့် ၃ ရက်တို့တွင် မတ္တရာမြို့နယ်အတွင်း ကျောက်တံတားကျေးရွာနေ ဗိုလ်မှူးဟောင်းတစ်ဦးနှင့် ပြည်သာယာကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတော်စပ်သူ အမျိုးသားနှစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ပြီး လက်သည်မသိရပေ။ 

အများအားဖြင့် ထိုသတ်ဖြတ်မှုများကို မြို့ပြပြောက်ကျားအဖွဲ့များက လုပ်ဆောင်ကြပြီး လက်နက်ကိုင်ဆောင်သူ အုပ်ချုပ်ရေးမှူးများလည်း အသတ်ခံရရာတွင် ပါဝင်နေသည်။

မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့သည် မန္တလေးမြို့မြောက်ဘက်တွင် ကပ်လျက်တည်ရှိနေသည့် မြို့နယ်တို့ဖြစ်ပြီး၊ မတ္တရာသည် ၂၄ မိုင် (တစ်နာရီ)၊ စဉ့်ကူးသည် မိုင် ၆၀ (နှစ်နာရီခွဲ) ခန့်သာ ဝေးသည့် မြို့တို့ဖြစ်သည်။

လက်နက်ကိုင်ဆောင်ထားခြင်းမရှိသူများကို PDF များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပစ်ခတ်သတ်ဖြတ်၍မရဘဲ စစ်ဥပဒေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရကြောင်း စဉ့်ကူးအခြေစိုက် PDF တာဝန်ခံအမျိုးသားက ဆိုသည်။

“ပျူစောထီးဆိုတာမျိုးမှာ လက်နက်ရှိတဲ့ပျူလား၊ လက်နက်မရှိတဲ့ပျူလားဆိုတာမျိုးကို သေချာ စုံစမ်းရပါတယ်။ လက်နက်အင်အားရှိတဲ့ပျူတွေဆိုရင်တော့ ရင်ဆိုင်တိုက်ခိုက်ပစ်ခတ်မျိုး လုပ်လို့ရပေမဲ့၊ သာမန် သတင်းပေး၊ ဒလန်လိုမျိုးလူတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းတာမျိုးပဲ လုပ်ရပါတယ်” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

သို့သော်လည်း အုပ်ချုပ်ရေးမှူး၊ ဆွေမျိုးများ၊ စစ်တပ်နှင့် နီးစပ်သူများ အသတ်ခံရသည့်ကိစ္စ ဖြစ်ပွားနေဆဲဖြစ်ပြီး မည်သည့်အဖွဲ့လက်ချက်ဖြစ်ကြောင်း မသိရပေ။

သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်ရှိလင့်ကစား စဉ့်ကူး အပါအဝင် ဒေသအများအပြားတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လိုသူများ ရှိနေသည်။

စဉ့်ကူးမြို့နယ်တွင် ၂၀၂၁ ခုနှစ်က တပ်ထောက်ခံပွဲဟု အမည်တပ်ထားသော လမ်းပေါ်ထွက် ချီတက်မှုတစ်ခု ပေါ်ပေါက်လာရာ ရာနှင့်ချီသော တက်ရောက်သူများက အာဏာသိမ်းတပ်ခေါင်းဆောင်၏ ပုံများ၊ နိုင်ငံတော်အလံများ ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button