သတင်း

PDF က ထားဝယ်ခရိုင်အတွင်း တိုက်ခိုက်မှု ၃ ခု တစ်ပြိုင်တည်းပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ပေါ်ရှိ ရဲစခန်း၊ မြို့အနီးမှ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် ထားဝယ်မြို့တွင် ကျင်းပမည့် သပိတ်မျှောပွဲနေရာတို့ကို ယမန်နေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည်ဟု ထားဝယ်ခရိုင်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ရဲစခန်းကို နံနက်ပိုင်း ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မိနစ် ၂၀ ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျောက်ခဲက ပြောသည်။

စစ်တပ်၏ လက်နက်ကြီးကျည်များ ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲသည်ဟု ၎င်းက ပြောသည်။

“ရဲစခန်းနဲ့ တစ်မိုင်လောက် အဝေးမှာ စစ်တပ်တပ်ရင်း ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်း ၃ ခုရှိတယ်။ အဲဒီကနေပြီးတော့ လှမ်းပစ်တာ ရဲစခန်းရှိတဲ့ ရပ်ကွက်ပေါ့။ သရက်ချောင်းမြို့ ကျောက်မြောင်းရပ်ကွက်က လူနေအိမ်တွေပေါ်ကို ကျလို့ အရပ်သား ၆ ယောက်လောက် ဒဏ်ရာရခဲ့တယ်” ဟု ၎င်းက ပြောသည်။

သရက်ချောင်းမြို့နယ်သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် အဓိကကျသည့် မြို့များဖြစ်သည့် ထားဝယ်နှင့် မြိတ်ကြားတွင် တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူ ၁ သိန်းကျော် နေထိုင်သည်။

အာဏာသိမ်းပြီးနောက် စစ်ဆင်ရေးတစ်ခုအတွင်း စစ်ကောင်စီတပ်က တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာမှ နေအိမ်တစ်လုံးကို ဖျက်ဆီးခဲ့သည်။

သရက်ချောင်းရဲစခန်းကို တိုက်ခိုက်ချိန်တွင်ပင် ထားဝယ်သို့ သွားသည့် လမ်းပေါ်တွင် တည်ရှိသော ရွှေဂူချောင်းကူးတံတား စစ်ဆေးရေးဂိတ်ကိုလည်း တော်လှန်ရေးအင်အားစုက တိုက်ခိုက်ခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထို့ပြင် သီတင်းကျွတ် လပြည့်နေ့တွင် စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ် ဦးဆောင်ကာ သပိတ်မျှောပွဲ ကျင်းပမည့် ထားဝယ်မြို့၊ ကမ်းနားလမ်းတွင်လည်း ဗုံးဖောက်ခွဲခဲ့သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ၃ နေရာကို တစ်ပြိုင်နက်တည်း လုပ်တာ။ သရက်ချောင်းရဲစခန်း၊ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်နဲ့ ထားဝယ်ကမ်းနားလမ်းက သပိတ်မျှောပွဲတွေကို တိုက်ခိုက်ခဲ့တာပါ။ စကစ (စစ်ကောင်စီ) က သပိတ်မျှောပွဲကို သာမန်အခြေအနေလို ဖော်ဆောင်ဖို့ လုပ်နေတာရှိတယ်။ အဲဒါကို ကျွန်တော်တို့က သတိပေးတဲ့အနေနဲ့ ဗုံးတစ်လုံး ဖောက်ခွဲခဲ့တဲ့ အခြေအနေပါပဲ” ဟု ၎င်းက ဆက်ပြောသည်။

သတိပေးဖောက်ခွဲမှုအတွင်း ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ထိုစစ်ဆင်ရေးများကို ဒေါင်းမင်းစစ်ဆင်ရေး အပါအဝင် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဟု သိရသည်။

၂၀၂၂ အောက်တိုဘာလအတွင်းက တနင်္သာရီတိုင်းစစ်ကောင်စီက ဦးဆောင် ကျင်းပခဲ့သည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ။

ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပရန် စီစဉ်ထားသည့် ထားဝယ်မြို့ ထလိုင်းထိန်ရပ်ကွက်ရှိ မဏ္ဍပ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၆ ရက်နေ့ကလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ထိုလုပ်ရပ်သည် စစ်ဘက်ဆိုင်ရာပစ်မှတ်မဟုတ်သည့် အရပ်သားများကို PDF များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီကျောထောက်နောက်ခံပြု တယ်လီဂရမ်ချန်နယ်များက ပြစ်တင်ခဲ့သည်။ ထိုဖြစ်ရပ်အတွက် ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိသလို မည်သည့်အဖွဲ့ကမှလည်း ၎င်းတို့၏ လုပ်ရပ်ဖြစ်ကြောင်း ဝန်ခံထားခြင်းမရှိသေးပေ။

အလားတူ ရွှေဂူချောင်းကူးတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ၂၀၂၁ ဧပြီနှင့် ယခုနှစ် ဇွန်လတို့တွင် PDF များက တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းအခြေစိုက် Dawei Watch သတင်းဌာနက ရေးသားသည်။

မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာကုန်သွယ်ရေး အရေးပါသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေသည်။

အောက်တိုဘာ ၂၄ ညပိုင်းက ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို တနင်္သာရီ၊ ပုလောနှင့် ကျွန်းစု-ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၅ နံနက်ပိုင်းတွင်လည်း ဇဝဲကျေးရွာမှ ထွက်ခွာလာသည့် အမှတ် (၃၀၆) အမြောက်တပ် မော်တော်ယာဉ်ကို တနင်္သာရီ- ပ.က.ဖ က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပ.က.ဖ က ထုတ်ပြန်ထားသည်။

လက်နက်ကိုင်ခုခံမှု ပိုမိုအားကောင်းလာသည့် မြန်မာနိုင်ငံတောင်ပိုင်းတွင် စစ်ကောင်စီက ကြည်းတပ်နှင့် ရေတပ် ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်နေသည်၊ နိုဝင်ဘာ ၇ ရက်နေ့မှစတင်ပြီး တနင်္သာရီတိုင်း မြိတ်မြို့အနီးရှိ ပင်လယ်ပြင်တွင် သုံးရက်ကြာ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button