သတင်း

ဖားကန့် ကျောက်စိမ်းလုပ်ကွက်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ

တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စခန်းကို စွန့်ပြေးသွားကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့ဘက်က ပြောသည်။

နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

နမ္မဖြစ်ကျေးရွာ၊ နမ္မဖြစ်မှော်ရှိ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်းရှိ စစ်စခန်းကို ယမန်နေ့ (အောက်တိုဘာ ၂၅) ည သန်းခေါင်ယံအချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကချင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် အသက် ၃၀ အရွယ် KPDF တပ်ဖွဲ့ဝင်က ပြောသည်။

“ဝင်စီးပြီးတော့ မီးရှို့လိုက်ပြီးတော့ လက်နက်တွေဘာတွေ သိမ်းပြီးတော့ ကျွန်တော်တို့က (အောက်တိုဘာ ၂၆ နံနက်မိုးမလင်းမီ) ၁ နာရီ ၁၆ မိနစ်လောက်မှာ ပြန်ဆုတ်လိုက်တာ” ဟု သူက ပြောသည်။

တိုက်ပွဲအတွင်း KIA, KPDF ပူးပေါင်းအဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိခဲ့သလို စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုအရေအတွက်ကိုလည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ နေရာသည် တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ပံ့မှုစွဲချက်ဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ဖမ်းဆီးခံလိုက်ရသည့် မြန်မာသူရကျောက်စိမ်းကုမ္ပဏီပိုင်ရှင် ဦးကျော်သူရ၏ နေရာဖြစ်သည်။

စစ်ကောင်စီက ကုမ္ပဏီနှင့် ပိုင်ဆိုင်မှုအားလုံးကို ချိပ်ပိတ်သိမ်းဆည်းပြီးနောက်တွင် ဖားကန့်ရှိ ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ခဲ့သည့် ထိုနေရာရှိ ကုမ္ပဏီပိုင် ကျောက်စိမ်းအရိုင်းတုံးများ လုယူခံရကြောင်း အွန်လိုင်းသတင်းများတွင် ဖော်ပြထားကြသည်။ ဒေသခံများ၊ ဖားကန့်တွင် အလုပ်လာရောက်လုပ်ကိုင်သူများက ဝင်ရောက် ယူဆောင်ကြခြင်း ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားနေစဉ် ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ရာ နမ္မဖြစ်ရွာအတွင်းရှိ အရပ်သားနေအိမ်တချို့ကို ထိမှန်ခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။

ဖားကန့်မြို့ပေါ်မှ တိုက်ပွဲဖြစ်ရာသို့ အိမ်စီးကားနှစ်စီးဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ပျက်စီးသွားကြောင်း KPDF တပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

“လူအထိအခိုက်ဘာညာကတော့ ကောင်းကောင်းမသိရဘူးဗျ” ဟု သူက ဆိုသည်။

ပြောရေးဆိုခွင့်အရာရှိများ မဟုတ်သဖြင့် ၎င်းတို့၏ အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယနေ့ (အောက်တိုဘာ ၂၆) နံနက်ပိုင်းမှစ၍ ကျောက်စိမ်းမြို့တော် ဖားကန့်မြို့ပေါ်ရှိ နေရာတချို့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်နေပြီး ဒေသတွင်း စစ်ရေးတင်းမာနေသည့် အခြေအနေတွင် ရှိနေသည်ဟု ဖားကန့်ဒေသခံ အသက် (၃၀) ကျော်အရွယ် အမျိုးသားက ပြောသည်။

“မနေ့က တော်တော်နာသွားတယ် ထင်တယ်။ ဒီနေ့တော့ ဒီကောင်တွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) အစစ်အဆေးတော်တော်လုပ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ပြောသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA က အခြားတော်လှန်ရေးအင်အားစုများကို ကူညီကာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်။

စစ်ကောင်စီကလည်း KIA ဌာနချုပ်ရှိရာ တရုတ်နယ်စပ်ရှိ လိုင်ဇာမြို့အနီးကို ခြေကုပ်ယူနိုင်ရန် ဝေဟင်၊ မြေပြင် စစ်ဆင်ရေးများလုပ်၍ အပြင်းအထန်ကြိုးစားနေသည်။ KIA နှင့် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီထိုးစစ်ကို ခုခံနေသလို ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီအခြေစိုက်စခန်းတချို့ကိုပါ ယခုရက်ပိုင်းအတွင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။ ထိုစခန်းများ အသိမ်းခံရကြောင်းကို စစ်ကောင်စီက အတည်ပြုထားသည်။

ဒေသအသီးသီးရှိ အကြီးစား မြေပြင်စစ်ဆင်ရေးအများစု မအောင်မြင်သည့် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းကိုသာ အားပြုတိုက်ခိုက်နေရာ တိုက်ပွဲနယ်မြေအနီး အရပ်သားနှင့် ကလေးသူငယ်များ သေဆုံးသည့် ဖြစ်စဉ်များ နိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသည်။ ဒေသတချို့တွင် အစုအပြုံလိုက် သေဆုံးခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button