သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို စခန်းသိမ်းတိုက်ပွဲများဖြင့် KIA တုံ့ပြန်

ထိုးစစ်ဆင်ခံနေရသည့် KIA က မဟာမိတ်တပ်များနှင့် ပူးပေါင်းလှုပ်ရှားလျက်ရှိရာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ စစ်ကောင်စီ၏ စခန်းတချို့ကို မကြာသေးမီက တိုက်ခိုက် သိမ်းပိုက်ထားသည်။

ဌာနချုပ်ကို ခြိမ်းခြောက်နေသည့် ထိုးစစ်များ၊ လေကြောင်းတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ၎င်းတို့ လှုပ်ရှားဒေသအတွင်း စစ်တပ်စခန်းများကို သိမ်းယူနေသည်။

ဇူလိုင်လဆန်းမှစတင်၍ KIA ဌာနချုပ်၏ အဓိကဝင်ပေါက်ဖြစ်သည့် နမ်ဆန်ယန်ရွာ ထိန်းချုပ်နိုင်ရေး ထိုးစစ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းကို လေကြောင်းမှ တိုက်ခိုက်မှုတို့အပြီး KIA က ထိုသို့ တုံ့ပြန်လာခြင်းဖြစ်သည်။

အောက်တိုဘာ ၁၉ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဝိန်းလားတောင်ရှိ စစ်တပ်စခန်းကို KIA ၏ တပ်မဟာ(၆) အမှတ် (၃၆) တပ်ရင်းက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့သည်။

နံနက် ၆ နာရီဝန်းကျင်မှ စတင်ဖြစ်ပွားသည့် အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်က မုံးပေါ်မြို့ပေါ်မှ လက်နက်ကြီး ပစ်ကူပေးသည့်အပြင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၊ ဂျက်တိုက်လေယာဉ်တစ်စီးတို့ကို စေလွှတ်ပြီး ဗုံးကြဲခဲ့သော်လည်း မွန်းလွဲ ၂ နာရီကျော်တွင် KIA က စခန်းသိမ်းနိုင်ခဲ့သည်။

တပ်မ (၉၉) နှင့် ခြေမြန်တပ်ရင်း (၅၆၇) တို့မှ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသည့် အဆိုပါ စခန်းတွင် ရဟတ်ယာဉ်ကွင်းရှိသလို အမြောက်ကြီးများပါ တပ်ဆင်ထားသည့် ဗျူဟာကျသည့် စစ်စခန်းတစ်ခုဖြစ်သည်။

“စကစ တပ်စခန်းကို သိမ်းပိုက်လိုက်နိုင်တယ်ဆိုတာ ဟုတ်ပါတယ်၊ အဲဒီစခန်းက သူတို့ထောက်ပို့စခန်းလို့လည်း ပြောတယ်ဆိုတော့ လက်နက်ခဲယမ်းအများကြီး သိမ်းယူလိုက်နိုင်တယ်” ဟု မြေပြင်တပ်ဖွဲ့များကို ကိုးကားပြီး KPDF တပ်ဖွဲ့ဝင်တစ်ဦးက ထိုနေ့က ပြောထားသည်။

အဆိုပါ တိုက်ပွဲအပြီး နောက်တစ်နေ့တွင် မူဆယ်မြို့နယ်၊ တီးမားကျေးရွာအနီးတွင် ရှိသည့် KIA တပ်မဟာ (၆) စခန်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ KIA တပ်ဖွဲ့ဝင်များအပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

ယင်းနေ့မှာပင် လိုင်ဇာမြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ နမ်ဆန်ယန်ရွာအနီးမှ စစ်ကောင်စီတပ်၏ အောင်ဂျာစခန်းကို KIA က တိုက်ခိုက်သိမ်းယူခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် KIA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF) ရက္ခိုင့်တပ်တော်(AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကူကီးအမျိုးသား တပ်မတော်(မြန်မာပြည်) KNA-BURMA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် ကျားတက်ထိုးပြီး စခန်းသိမ်းခဲ့သည့် PDF များ၏ ရဲစွမ်းသတ္တိကို KIA ၏ စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီး ခေါင်လွန်းက ချီးကျူးခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ကို ‌ချေမှုန်းနိုင်ခဲ့သလို ခဲယမ်းလက်နက်များမှာ တပ်ရင်းတစ်ရင်းစာခန့် သိမ်းဆည်းရမိခဲ့သည်ဟု စစ်ဒေသမှူးက ပြောကြောင်း ဦးရည်မွန်က ဖော်ပြထားသည်။

“ဝန်ကြီးရေ ကောက်လို့တော့ မပြီးသေးဘူး၊ လက်နက်ငယ်တွေကော လက်နက်ကြီးတွေပါ PDF တစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင် ရလိမ့်မယ်ဗျ” ဟု စစ်ဒေသမှူးက ပြောထားကြောင်း သူက ဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲသည် တော်လှန်ရေးအဖွဲ့အစည်းများ၏ ဌာနချုပ်များကို ခြိမ်းခြောက်လိုသည့် စစ်တပ်၏ အိမ်မက်ကို ရိုက်ချိုးပစ်နိုင်သည့် အောင်ပွဲလည်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ထို့ပြင် ယခုစခန်းသိမ်းတိုက်ပွဲသည် တော်လှန်ရေးထုအင်အားနှင့် ဆင်နွှဲသည့် မဟာဗျူဟာထိုးစစ်၏ ကနဦးခြေလှမ်းလည်းဖြစ်သည်ဟု ပါရှိသည်။

စစ်ကောင်စီဘက်ကလည်း နှစ်ရက်အတွင်း မတူညီသည့် နေရာနှစ်ခုမှ စခန်းနှစ်ခုသိမ်းပိုက်ခံရမှုကို ဝန်ခံခဲ့ပြီး သာလွန်အင်အားဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရခြင်းကြောင့် စခန်းကို စွန့်ခွာပေးလိုက်ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အောင်ဂျာစခန်းသည် နမ်ဆန်ယန်ရွာ၏ တောင်ဘက် ကပ်လျက်တွင် တည်ရှိသည့် စခန်းဖြစ်ပြီး KIA ၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့၏ အဓိကဝင်ပေါက်ဖြစ်သည့် နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် စစ်တပ်အတွက် အဓိက ခြေကုပ်စခန်းတစ်ခုဖြစ်သည်။

မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်တွင် ရှိသည့် နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်လျှင် KIA ဌာနချုပ်ဘက်သို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်း ပွင့်သွားနိုင်သည့် အခြေအနေတွင် ရှိပြီး KIA က ပြင်းပြင်းထန်ထန် ခုခံနေသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို အကြမ်းဖက်သိမ်းယူလိုက်ပြီးနောက် နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် လက်နက်ကိုင် တော်လှန်ရေးကို မြန်မာပြည်ရှိ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း နည်းလမ်းပေါင်းစုံဖြင့် ကူညီ ပေးနေကြသည်။

မြန်မာပြည်မြောက်ပိုင်းရှိ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA သည် ကချင်ပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များကို စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းများအပြင် အချို့ဒေသများတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်တပ်ကို တိုက်ခိုက်နေသည်။

စစ်ကိုင်းတိုင်းအတွင်း အထိနာလာသည့် စစ်ကောင်စီတပ်က KIA တပ်ကို ဖိအားပြန်ပေးနိုင်ရန်အတွက် KIA ဌာနချုပ် လိုင်ဇာမြို့၏ ဝင်ပေါက် နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ အင်အား ၁၀၀၀ ကျော်အထိ ပေးပို့ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သို့သော် စစ်ကြောင်းများမှာ နမ်ဆန်ယန်၏ တောင်ဘက် အောင်ဂျာစခန်းအနီးတွင်သာ ရပ်တန့်သွားပြီး ရှေ့ဆက်တိုးနိုင်ခြင်းမရှိသလို ထောက်ပို့၊ စစ်ကူစစ်ကြောင်းများမှာလည်း မိုးမောက်၊ ဒေါ့ဖုန်းယန် စသည့် မြို့နယ်များတွင် အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်ခံနေရသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့မှ လာသည့် စစ်ကူစစ်ကြောင်းများမှာလည်း နမ်ဆန်ယန်ရွာနှင့် မိုင် ၄၀ ခန့် ဝေးသည့် ကဇူးယန်ရွာအနီးတွင်သာ ရပ်တန့်သွားကြပြီး ရှေ့ဆက်တိုးလာသည့် စစ်ကြောင်းများကို KIA က ပိတ်ဆို့ တိုက်ခိုက်နေသည်။

အောင်ဂျာ စခန်းသိမ်းတိုက်ပွဲပြီးသည့်နောက် နမ်ဆန်ယန်ရွာအနီးရှိ စစ်ကောင်စီစစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားသည့်အတွက် KIA တပ်များက ပြန်လည်စိုးမိုးထားသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ယနေ့ ပြောသည်။

“နမ်ဆန်ယန်ဘက်မှာက‌တော့ စစ်ကောင်စီတပ်က မရှိတော့ဘူး။ အခြားနေရာတစ်ခုခုကို ဆုတ်သွားပြီ ထင်တယ်။ အဲဒီဘက်မှာက ကျွန်တော်တို့ KIA ‌တွေပဲ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြေပြင်စစ်ကြောင်းများ ထိခိုက်ကျဆုံးမှုများလာသည့် စစ်ကောင်စီတပ်က ၎င်းတို့ အားသာသည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို အသုံးပြုလာရာ စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များပါ ထိခိုက်လာသည်။

အောက်တိုဘာ ၉ ရက်က KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီကမူ မြေပြင်လက်နက်သိုလှောင်စခန်း ပေါက်ကွဲခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

ပြီးခဲသည့်နှစ် အောက်တိုဘာ ၂၃ ရက်ကလည်း ဖားကန့်မြို့နယ် KIA တပ်မဟာ (၉) နယ်မြေရှိ အနန့်ပါဒေသကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ KIO တည်ထောင်ခြင်းနှစ်ပတ်လည်နေ့ ကျင်းပနေသည့် နေရာကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အရပ်သား၊ KIA တပ်မဟာ (၉) မှ အရာရှိများနှင့် တပ်သားများ စုစုပေါင်း ၆၀ ကျော် သေဆုံးခဲ့သည်။

မြေပြင်ထိုးစစ်များအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ ခံလာရသည့် KIA က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အရေးကြီးသည့် စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာခြင်းဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ ၂၄ ကလည်း ဗန်းမော်မြို့နှင့် ကပ်လျက်တည်ရှိသည့် မံစီမြို့နယ်အတွင်း စစ်ကောင်စီစခန်းတစ်ခုကို KIA က သိမ်းလိုက်သည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သော်လည်း KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ တိုက်ပွဲဖြစ်ပွားကြောင်းသာ အတည်ပြုသည်။

“တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်၊ အဲဒီ စခန်းသိမ်းတာ မသိမ်းတာကတော့ ကျွန်တော်တို့ မကြားရသေးပါဘူး၊ အဲဒီဘက်က လိုင်းတွေက အခက်အခဲရှိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် မိုးမောက်၊ ဒေါ့ဖုန်းယန်ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်များကလည်း နမ်ဆန်ယန်ရွာ၏ တောင်ဘက် ၈ မိုင်ခန့်အကွာတွင် ရှိသည့် မဒီးယန်ကျေးရွာဘက်တွင် ရပ်တန့်နေသည်ဟု သိရသည်။

ယနေ့သည် KIO တည်ထောင်ခြင်း ၆၃ နှစ်ပြည့်ဖြစ်ပြီး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ လက်ရုံးများဖြစ်သော ပြည်သူ့စစ်အဖွဲ့အစည်းများတွင် ပြည်သူများ မပါဝင်ကြရန် သတိပေးပြောကြားသွားသည်ဟု ဒေသတွင်းသတင်းများက ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အားကောင်းလာသည့် ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်မှ ကာမိုင်းမြို့မှ ပြည်သူ့စစ်များနှင့် ပတ်သက်ပြီး ပြောဆိုခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီတပ်က ပြုလုပ်ရန် ကြိုးစားနေသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပြည်သူများ မပူးပေါင်းရန် တိုက်တွန်းသလို ဖက်ဒရယ်နိုင်ငံတော်တည်ထောင်ရေးအတွက် စစ်ကောင်စီကို ဆန့်ကျင်သည့် အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button