သတင်း

မူဆယ်ရှိ စစ်တပ်အထိုင်စခန်းကို KIA တိုက်ခိုက်သိမ်းယူ

KIA က ရှမ်းမြောက်ဒေသတွင် လှုပ်ရှားမှုစိပ်လာပြီး ရဟတ်ယာဉ်ကွင်းနှင့် လက်နက်ကြီးပစ်ကူရှိသော အထိုင်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းယူရာတွင် လက်နက်ခဲယမ်းအများအပြား ရခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်အထိုင်စခန်းတစ်ခုကို ယမန်နေ့ (အောက်တိုဘာ ၁၉) တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၄ နာရီတွင် မူဆယ်ခရိုင်၊ မုံးပေါ်ဒေသ အရှေ့ဘက် ၉ မိုင်ကျော်အကွာ ဝိန်းလာတောင်ပေါ်ရှိ ထိုစခန်းကို KIA ၏ တပ်မဟာ (၆) အမှတ် (၃၆) တပ်ရင်းက ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA နှင့် ပူးတွဲစစ်ဆင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) တပ်သားတစ်ဦးက ပြောသည်။

ထိုစခန်းတွင် တပ်မ ၉၉၊ ခြေမြန်တပ်ရင်း (ခမရ) ၅၆၇ တို့မှ အင်အား ၆၀ ဝန်းကျင်ရှိသည်ဟု ဆိုသည်။

ထိုစခန်းတွင် တောင်ကမူ ၄ ခုခန့်ရှိရာ နံနက် ၁၀ နာရီခန့်တွင် တောင်ကမူ ၃ ခု သိမ်းယူနိုင်ခဲ့ကြောင်း၊ နောက်တစ်ခုကို သိမ်းယူရန် ကြိုးစားနေစဉ် လေတပ်က ၂ ကြိမ် လာရောက် တိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ်တွင် အခြေစိုက်ပြီး ရှမ်းမြောက်တွင် လှုပ်ရှားနေသော KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်းလွဲ ၃ နာရီခန့်တွင် တပ်စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း ရရှိခဲ့ကြောင်း KPDF တပ်ဖွဲ့ဝင်က မြေပြင်တပ်ဖွဲ့ဝင်များကို ကိုးကား၍ ဆိုသည်။

“စကစ တပ်စခန်းကို သိမ်းပိုက်နိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ အဲ့ဒီစခန်းက သူတို့ ထောက်ပို့စခန်းလို့လည်း ပြောတယ်ဆိုတော့ လက်နက်ခဲယမ်းက အများကြီးသိမ်းယူနိုင်လိုက်တယ်”

စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးပြီး အများအပြား ထွက်ပြေးသွားသည်၊ ယနေ့ အောက်တိုဘာ ၂၀ နေ့လယ်အထိ KIA က စခန်းနေရာကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ် ဆယ်သွယ်ရာတွင် လက်ခံဖြေဆိုခြင်း မရှိသေးသလို စစ်သားသေဆုံးမှုကိုလည်း သီးခြားအတည်မပြုနိုင်သေးပေ။

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ အွန်လိုင်းသတင်းဌာန သတင်းတစ်ပုဒ်တွင် MA အမျိုးအစား သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်၊ ၈၁ မမ ၁ လက်၊ ငါးကြင်းမြီး စက်သေနတ် ၁ လက်၊ ပခုံးထမ်းလောင်ချာ ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြထားသည်။

မူဆယ် မုံးပေါ်ဒေသ၊ မုံးကိုးမြို့နှင့် ကွတ်ခိုင်မြိုတို့ ဆုံရာ စစ်ရေးအချက်အချာကျသော ထိုနေရာတွင် စစ်ကောင်စီတပ်က နယ်မြေစိုးမိုးနိုင်ရေး ၁၀ စုနှစ်ခန့် တပ်စွဲထားသည့် ထိုစခန်းသည် ထောက်ပို့အတွက် ရဟတ်ယာဉ်ကွင်းရှိသလို ဒေသတွင်း လက်နက်ကြီးဖြင့် ခြိမ်းခြောက်နိုင်သော အမြောက်ပစ်ကူရှိသည့် စခန်းလည်း ဖြစ်သည်။

တိုက်ပွဲအပြီး ယနေ့ အခြေအနေငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က ဆုံးရှုံးလိုက်ရသည့်စခန်းကို ပြန်ရရှိနိုင်ရေးအတွက် မူဆယ် ၁၀၅ မိုင်မှ မုံးပေါ်ဒေသဘက်သို့ ဦးတည်ပြီး အင်အားဖြည့်နေကြောင်း သိရသည်။

စစ်ကားများ သွားနေသည်ကို တွေ့လိုက်ရကြောင်း မုံးပေါ်ဒေသခံ အမျိုးသမီးတစ်ဦးက ယနေ့ နေ့လယ်ပိုင်းက ပြောသည်။

“စစ်ကားက ၉ စီးထဲ လူအပြည့်ပါတဲ့ပုံပဲ။ စစ်ကားသွားတာကိုလည်း လမ်းတစ်လျှောက်လုံးမှာ ခြေလျင်နဲ့ စစ်သားတွေက လုံခြုံရေးယူပြီး မုံးပေါ်ဘက်ကို တက်နေကြတာ။ အခြေအနေက ရှုပ်လာတော့မယ် ထင်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

မုံးပေါ်ဒေသတွင် အာဏာသိမ်းတပ်က ကိုးကန့်တပ်မတော် (MNDAA) နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယခုနှစ်အတွင်းတွင်လည်း KIA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

၁၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ နောင်ဆွေရွာအနီး စစ်တပ် စစ်ကြောင်းတစ်ခုကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် ယာဉ်အများအပြား ပိတ်မိခဲ့သည်။

အလားတူ မကြာသေးမီက ကချင်ပြည်နယ် ရွှေကူမြို့နယ် ငါးဘတ်ကြီးကျေးရွာရှိ တပ်စခန်းငယ်တစ်ခုကိုလည်း KIA အမှတ် (၁၂) တပ်ရင်းက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button