နေပြည်တော် တောင်ဘက် မိုင် ၄၀ ကျော်သာ ဝေးသည့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ကျေးရွာများတွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီး ငွေညှစ်နေသည်ဟု စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၂၀ ရက်နေ့တွင် ပဲခူးတိုင်း သာဂရမြို့အရှေ့ဘက် မြစ်တစ်ဖက်ကမ်း ထန်းပင်ကုန်းရွာမှ အသက် ၄၀ ကျော် အမျိုးသမီးကြီး ၃ ဦးကို စစ်သားများက ဖမ်းကာ ငွေကျပ် ၁၀ သိန်းဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဓားမှာတဲ့စာကို ဖုန်းထဲမှာ တွေ့လို့ ဖမ်းခံရတာ၊ နောက်တစ်ယောက်က လက်လုပ်လက်စား မသင်္ကာလို့ဆိုပြီး ဖမ်းတာ၊ ကျန်တစ်ယောက်ကတော့ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာ တွေ့လို့ဆိုပြီး ဖမ်းတာ”
တောင်းသည့်ငွေ မပေးနိုင်၍ ပြန်မလွတ်လာသေးသည့် အခြားဒေသခံ ၂ ဦးရှိကြောင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတွင် တပ်စွဲထားသည့် စစ်တပ်က မြစ်ဆိပ်များကို ထိန်းချုပ်ထားကာ ဆန်၊ ဆီနှင့် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှုကို ကန့်သတ်၍ ငွေကြေးကောက်ခံနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
စျေးသည်များ ရောင်းကုန် သယ်ဆောင်လိုပါက စစ်ကောင်စီ၏ လက်နက်ကိုင်တို့ကို အရက် သို့မဟုတ် ငွေပေးရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အရက်ကြိုက်တဲ့သူက အရက်ပေးရင် ရတယ်၊ ရွာမှာ ဈေးရောင်းတဲ့သူတွေကတော့ ပစ္စည်းပိုသယ်ဖို့ဆိုရင် ငွေပိုပေးရတယ်” ဟု ပြောသည်။
ထိုဒေသတွင် စစ်တပ်က ပျူစောထီးဟု လူသိများသည့် အရပ်သားလက်နက်ကိုင်အဖွဲ့နှင့် တွဲ၍ လှုပ်ရှားနေသည်။ စစ်ကောင်စီအဖွဲ့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှ ရွာများတွင် အခြေစိုက်၍ တော်လှန်ရေးသမားများရှိသည်ဟု ယူဆသော အနီးပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသလို လေကြောင်းဖြင့်လည်း ရံဖန်ရံခါ တိုက်ခိုက်နေသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) က တပ်မဟာ ၂ နယ်မြေအဖြစ် သတ်မှတ်ထားသည့် ရေတာရှည်မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့များ လှုပ်ရှားမှု အတန်ငယ်ငြိမ်သက်နေချိန်တွင် စစ်ကောင်စီက ဒေသခံလူထုကို ပစ်မှတ်ထား ရန်ရှာနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။
KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အခြားတော်လှန်ရေးအဖွဲ့များက ထိုဒေသရှိ ကျေးရွာများတွင် ယခုနှစ်အစောပိုင်းအထိ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနိုင်ခဲ့သည်။
သို့သော် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံလူထု အထိနာသဖြင့် တော်လှန်ရေးအဖွဲ့များက လှုပ်ရှားမှုများ ငဲ့တွက်နေရချိန်တွင် စစ်ကောင်စီက လူအင်အား တိုးမြှင့်ချလာခြင်းဖြစ်ကြောင်း၊ အရပ်ဝတ်အရပ်စားများဖြင့် ပုံဖျက် တပ်စွဲတတ်ကြောင်း တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူ အမျိုးသားက ဆက်ပြောသည်။
“(စစ်ကောင်စီက) ရွာတွေမှာ ပြောက်ကျားပုံစံနဲ့ ကင်းပုန်းဝပ်ပြီး နေတာ၊ PDF တွေကတော့ ပြည်သူတွေ လက်နက်ကြီးနဲ့ လေကြောင်းဒဏ် မဖြစ်စေချင်လို့ မဆင်းလာတာ ကြာပြီ” ဟု ထိုအမျိုးသားက ပြောသည်။
ရေတာရှည် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းတွင် ဂွေးသဲ၊ တပ်ဆိုး၊ ဒေါ့အင်းကုန်း၊ နကျပ်၊ ရွာသစ်၊ ရေတာရှည်လေး၊ အိုးမြေတူး၊ စည်ပိုင်း၊ ခင်တန်းကြီး အနောက်ကုန်း၊ ထန်းပင်ကုန်း ကျေးရွာတို့ ရှိသည်။
ရေတာရှည်မြို့နယ်သည် အရှေ့ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ တောင်ဘက်တွင် တောင်ငူမြို့နယ်၊ မြောက်ဘက်တွင် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် လယ်ဝေးမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။ ဗိုလ်ချုပ်ကြီးများ ရုံးထိုင်သည့် နေပြည်တော်နှင့် လက်တစ်ကမ်းတွင်သာ ရှိသည့် ပဲခူးတိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)