စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသော ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က ယမန်နေ့ (အောက်တိုဘာ ၁၈) တွင် တိုက်ခိုက် သိမ်းယူခဲ့သည်ဟု သိရသည်။
ရွှေကူမြို့တောင်ဘက်၊ ငါးဘတ်ကြီးရွာအနီးရှိ စစ်တပ်စခန်းကို ယမန်နေ့ နံနက် ၅ နာရီတွင် စတင် တိုက်ခိုက်ခဲ့ကာ MA-11 တစ်လက်၊ မိုင်း၊ ရိက္ခာနှင့် ခဲယမ်းအမြောက်အများ သိမ်းယူနိုင်ခဲ့သည်ဟု PDF ဘက်က ဆိုသည်။
စစ်သားများ ထွက်ပြေးသွားသဖြင့် အလောင်းတစ်လောင်းသာ တွေ့ရှိရပြီး စစ်တပ်စခန်းကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း ရွှေကူ PDF က ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ထိုစခန်းခွဲကို သိမ်းယူပြီးနောက် ပင်မတပ်ရင်းစခန်းကိုပါ တိုက်ခိုက်သိမ်းယူရန် ပြင်ဆင်နေစဉ် လေကြောင်းနှင့် မြေပြင်စစ်ကူများ ရောက်လာသဖြင့် ပြန်ဆုတ်ခဲ့ရသည်ဟု ရွှေကူ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စခန်းအသေးကို ဝင်စီးနိုင်ခဲ့တာ၊ ကာတဲ့စခန်းပေါ့။ ပင်မစခန်းကြီး(တပ်ရင်းအထိုင်စခန်း)ကတော့ ဝင်မစီးနိုင်ခဲ့ဘူး”
ရွှေကူ PDF ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် မောင်းပြန်ရိုင်ဖယ်တစ်လက် ၊ လက်ပစ်ဗုံးများ၊ တပ်မ ၈၈ လက်မောင်းတံဆိပ်ပါ စစ်ယူနီးဖောင်းများ၊ နင်းမိုင်းများ၊ လက်နက်ကြီးကျည်ဆန်များနှင့် ရိက္ခာ များပါဝင်သည်ကို တွေ့ရသည်။
ရွှေကူ – ဗန်းမော်ကားလမ်းပေါ်ရှိ အဆိုပါစစ်စခန်းသည် ရွှေကူမြို့နှင့် ဧရာဝတီမြစ်ကြောင်းတလျှောက် ကို လုံခြုံရေးယူထားသည့် အရေးပါသည့် စစ်စခန်းတစ်ခုဖြစ်သည်ဟု ထိုဒေသအခြေစိုက် အခြားPDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ရေကြောင်းအတွက် လုံခြုံရေးလာယူပေးထားတဲ့စခန်း၊ ရွှေကူမြို့ရဲ့ လုံခြုံရေးနောက်ချန်စခန်းလို့ ပြောလို့ ရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖိုင်ဘာဆက်သွယ်ရေးစခန်းကို KIA နှင့် PDF က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စနစ်တကျခုခံခဲ့ကြောင်း၊ KIA,PDF များ စီးသာနှင့် မံဝိန်း ကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း ရေးသားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ရွှေကူ၊ ကသာ၊ အင်းတော်၊ ဗန်းမောက် စသည့် ဒေသများတွင် KIA/PDF ပူးတွဲလှုပ်ရှားနေပြီး ကချင်ပြည်နယ်ရှိ စစ်တပ်အခြေစိုက်စခန်းများထံ ရိက္ခာနှင့်လက်နက်ခဲယမ်း ပို့ဆောင်ခြင်းများကို မကြာခဏကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။
လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ရွှေကူမြို့နယ်အတွင်း ရဲနှင့်စစ်သား ၅၀ ခန့်တပ်စွဲထားသည့် ကျောက်ကြီးရွာရဲစခန်းကို KIA/PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။
စစ်တပ်က လုံခြုံရေးအတွက် မြစ်ကြောင်းတလျှောက်မြို့များတွင် စခန်းချတပ်စွဲထားသည့်အပြင် စစ်ကြောင်းထိုးကာ အရပ်သားများကို ဖမ်းဆီးခြင်း၊ အိမ်များမီးရှို့ခြင်း ပြုလုပ်နေသည် ဟု တော်လှန် ရေးအဖွဲ့များက ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ဒေသခံတော်လှန်ရေးသမားများကို KIA က စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးသည့်အပြင် စစ်ကောင်စီတပ်ကို ပူးတွဲတိုက်ခိုက်လျက်ရှိသည်။
တောတောင်ထူထပ်ရာ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ အာဏာသိမ်းပြီးကတည်းက ဖြစ်သည်။ စစ်ကောင်စီက KIA တပ်စခန်းများကို မကြာခဏ ဗုဲံး ကြဲတိုက်ခိုက်နေရာ ယခုလအတွင်း KIA ဌာနချုပ်အနီးရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော ရွာတိုက်ခိုက် ခံရသဖြင့် ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ နီးပါးသေဆုံးခဲ့သည်။
လွန်ခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ၌ KIA ၏ဂီတပွဲတော်ကို စစ်တပ်က ဗုံးကြဲခဲ့ရာ လူပေါင်း ရာဂဏန်းမျှသေဆုံးခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်