မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ ရဲနှင့် စစ်သား ၅၀ ခန့် တပ်စွဲထားသည့် ကျောက်ကြီးရွာရဲစခန်းကို ယနေ့ (စက်တင်ဘာ ၁) နံနက် ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒေသတွင်းတပ်ရင်းများက ပူးပေါင်းတိုက်ခိုက်သည်။
မြို့အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထိုရဲစခန်းကို ၃ နာရီကျော် တိုက်ခိုက်ပြီးနောက် ဝင်ရောက်စီးနင်းနေချိန်တွင် စစ်လေယာဉ် ရောက်လာသဖြင့် ဆုတ်ခွာပေးခဲ့ရသည်ဟု ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သည့် မြို့လှ PDF စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက ပြောသည်။
KIA, PDF ပူးပေါင်းတပ်များက ရဲစခန်းအတွင်း အခိုင်အမာတည်ဆောက်ထားသည့် ကတုတ်ကျင်းများ၊ ဘန်ကာများကို လက်ပစ်ဗုံးများ၊ ပခုံးထမ်းလောင်ချာ RPG များဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့သည်၊ နံနက် ၆ နာရီခွဲခန့်တွင် စခန်းအတွင်းသို့ ဝင်ရောက်စီးနင်းစဉ် စစ်တပ်က တိုက်လေယာဉ်တစ်စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 တစ်စီးဖြင့် လာရောက် ပစ်ခတ်သည်ဟု ၎င်းထံမှ သိရသည်။
“သူတို့ (စစ်ကောင်စီ) လည်း ၂၀ ကျော် ၃၀ လောက်ကတော့ ထိမှာ၊ မထိဘူးဆိုတာ မရှိဘူး။ ကျွန်တော်တို့လည်း လိုဏ်ခေါင်း (ကတုတ်ကျင်း၊ ဘန်ကာ) ထဲတွေရော (လက်ပစ်ဗုံးတွေ) ပစ်ထည့်ပြီး အကုန်လုံး သိမ်းထားပြီးပြီ။ သူတို့ ကျန်နေတဲ့သူတွေကို ခေါ်ထုတ်နေတဲ့အချိန်မှာ လေယာဉ်က လာပြီးတော့ ပစ်တာကို၊ ရက်စက်တယ်၊ နှစ်နာရီလောက်ကို အပေါ်ကနေ ဝဲပြီးမှ ပစ်တာ” ဟု ဗိုလ်မိုးကြိုးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အလျင်အမြန်ဆုတ်ခွာခဲ့ရသည့်အတွက် လက်နက်များ မကောက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး အရှင်ဖမ်းမိကာ MA 1 သေနတ်တစ်လက်နှင့် ကျည်ဆန်သေတ္တာ ၁၀ လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့ဘက်မှ ထိခိုက်မရှိ၊ နံနက် ၈ နာရီခန့်တွင် ထိုနေရာမှ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဗိုလ်မိုးကြိုးက ဆိုသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွှေကူမြို့နေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၏ အဆိုအရ ကျောက်ကြီးရွာခံများမှာ လေကြောင်းတိုက်ခိုက်မှုမတိုင်မီ ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြသည်ဖြစ်၍ အရပ်သားထိခိုက်မှုမရှိဟု သိရသည်။
“အားလုံး ထွက်ပြေးကြရတယ်၊ မြစ်ကူးပြီး ရွှေကူလေးဘက်ကမ်းကို ပြေးကြရတယ်။ တစ်ရွာလုံး ပြေးကြတာ၊ ဘုန်းကြီးလည်း ပြေးရတယ်”
ယနေ့ မွန်းလွဲပိုင်းတွင် ရွှေကူမြို့အခြေစိုက် အမှတ် (၆၀၂) ခြေမြန်တပ်ရင်းမှ အင်အား ၂၀ ခန့် ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ကျောက်ကြီးရွာသို့ စစ်ကူရောက်လာကာ ရွာအနီးတစ်ဝိုက်လမ်းများအားလုံးကို ပိတ်ဆို့ထားလိုက်သည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။
ကျောက်ကြီးရဲစခန်းကို ၂၀၂၁ ခုနှစ်ကလည်း KIA, PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ဖူးသည်။ ပထမတစ်ကြိမ် တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ တပ်မ (၈၈) လက်အောက်ခံ တပ်တချို့ကိုပါ ကျောက်ကြီးရဲစခန်းတွင် တပ်စွဲထားခြင်းဖြစ်သည်ဟု မြို့လှ PDF စစ်ကြောင်းမှူးထံမှ သိရသည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ ဆန္ဒပြလျှင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။ စစ်ကိုင်းတိုင်းနှင့် KIA အခြေစိုက်ရာ ကချင်ပြည်နယ် နယ်စပ်မြို့များဖြစ်သော ရွှေကူ၊ ကသာ၊ အင်းတော်၊ ဗန်းမောက်မြို့နယ်တို့အတွင်း KIA နှင့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီကို အဆက်မပြတ် တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)