သတင်း

PDF လှုပ်ရှားနေသော ပဲခူးတိုင်းတွင် ပျူအင်အား တိုးချဲ့ရန် စစ်ကောင်စီကြိုးပမ်း

KNU နှင့် PDF လှုပ်ရှားမှု များပြားလာသော ပဲခူးတိုင်းတွင် အာဏာသိမ်းတပ်က ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ အင်အားများလာရန် စီစဉ်လာသည်။

ပဲခူးတိုင်း မြို့နယ်များတွင် စစ်ကောင်စီက ပြည်သူ့စစ် ခေါ် ပျူစောထီးများ တိုးချဲ့ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးနေကြောင်း ဒေသခံများနှင့် ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ယခုနှစ်ဆန်းမှစတင်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေနှင့် ဆက်စပ်နေသော ပဲခူးအရှေ့ခြမ်းသာမက အနောက်ခြမ်းမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ လှုပ်ရှားမှု အားကောင်းလာပြီး စစ်တောင်းမြစ်အနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထိုဒေသ စစ်ဆင်ရေးများကိုလည်း အထောက်အပံ့ပေးနေသည်ဟု KNU က ထုတ်ဖော်ပြောဆိုထားသလို KNU လက်အောက်ခံတပ်များကလည်း ပူးတွဲလှုပ်ရှားနေချိန်တွင် စစ်ကောင်စီက ပြည်သူ့စစ်များ တိုးချဲ့ ဖွဲ့စည်းနေခြင်း ဖြစ်သည်။

အထူးသဖြင့် ပဲခူးတိုင်းအနောက်ဘက်ခြမ်း သာယာဝတီခရိုင်ရှိ နတ်တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ သဲကုန်းမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်မှုထမ်းဟောင်းများက ပျူစောထီးအဖွဲ့အတွက် လူသစ်စုဆောင်းနေကြခြင်းဖြစ်သည်ဟု ထိုဒေသအခြေစိုက် PDF တပ်ဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။ 

အုပ်ချုပ်ရေးနှင့် ကြံ့ခိုင်ရေးပါတီမှ နီးစပ်သူများက ပျူစောထီး သင်တန်းတက်ကြသလို အလုပ်မရှိသည့် လူငယ်များကိုလည်း သင်တန်းပြီးပါက လစဉ် ဝင်ငွေနှင့် လက်နက်ရမည်ဟု မက်လုံးပေးလေ့ရှိကြောင်း အုတ်ဖိုမြို့ဒေသခံတစ်ဦးက ပြောသည်။

“နီးစပ်ရာ ခေါ်ပြီး စည်းရုံးပြီး (ပျူစောထီးသင်တန်း) ပါ..ပါသွားကြတာ။ ပြီးရင် စစ်သင်တန်းတက်ပြီး ပြန်လာပြီဆိုရင် အုပ်ကြီးတွေရဲ့ နောက်လိုက်အနေနဲ့ နေပြီး စစ်တပ်ရဲ့ ခိုင်းဖတ်၊ သတင်းပေး အဲဒီလိုဖြစ်သွားကြတယ်” ဟု ၎င်းက ဆိုသည်။

ထိုဒေသတွင် အင်းမအခြေစိုက် တပ်မ (၆၆) နှင့် အမှတ် (၆) ခြေမြန်တပ်ရင်းတို့တွင် ပျူစောထီးသင်တန်းများ ပေးနေခြင်းဖြစ်သည်ဟု ပဲခူးအနောက်ခြမ်း သဲကုန်းမြို့နယ်အခြေစိုက် PDF တစ်ဦးကလည်း ပြောသည်။

တော်လှန်ရေးသမားတို့ကလည်း အာဏာသိမ်းစစ်တပ်၏ ဒေါက်တိုင်များကို ပစ်မှတ်ထားနေသည်။

အောက်တိုဘာလအတွင်း အုတ်ဖိုနှင့် သဲကုန်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ကြံ့ခိုင်ရေးပါတီမှ အမတ်ဟောင်းတစ်ဦးတို့ အပါအဝင် ၄ ဦးကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက သတ်ဖြတ်ခဲ့သည်။

ပျူစောထီးအဖွဲ့ဝင်သစ် စုဆောင်းပေးနေသည့်အပြင် သူကိုယ်တိုင် အင်းမအခြေစိုက် တပ်မ (၆၆) ၌ စစ်သင်တန်းတက်ပြီး ပြန်လာသည်ဆိုသော အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ကျေးရွာအုပ်စုမှ အထက်ပါ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းကို သူ၏နေအိမ်၌ သာယာဝတီခရိုင်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပစ်သတ်ခဲ့သည်။

ကျန်ရှိနေ‌သေးသည့် စစ်တပ်ဒေါက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပျူခေါင်းဆောင်များ အမြန်ဆုံး နုတ်ထွက်ရန် PDF ဘက်က သတိပေးထားရာ စစ်တပ်ကလည်း တာဝန် ဆက်လက်ထမ်းဆောင်ကြရန် ခြိမ်းခြောက်ဖိအားပေးနေကြောင်း သိရသည်။

“နုတ်ထွက်စာတင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်း ရှိတယ်။ အချို့တွေကတော့ မိသားစုနဲ့ ခြိမ်းခြောက်ခံထားရတယ်လို့တော့ သိတယ်” ဟု သဲကုန်းမြို့နယ်တွင် လှုပ်ရှားနေသည့် PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ အင်အားရှိသည့် ကျေးရွာများတွင် ပျူစောထီးအဖွဲ့ကို အခိုင်အမာ တည်ဆောက်နေရာ ပြည်နှင့် တောင်ငူမြို့နယ်တို့တွင် ပျူစောထီးတပ်များ အကြီးအကျယ်ဖွဲ့စည်းနေကြောင်း Myanmar Now တွင် စက်တင်ဘာလအတွင်းက သတင်းဖော်ပြထားသည်။

အမုန်းတရားကို အခြေခံကာ ဒေသခံတချို့ကို ပျူစောထီးအဖြစ် စစ်ကောင်စီက သိမ်းသွင်းနေကြောင်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက အောက်တိုဘာ ၁၃ တွင် ပြုလုပ်သည့် People’s Soldier from Burma အမည်ရှိ ဆွေးနွေးပွဲတစ်ရပ်တွင် ပြောထားသည်။

“တိုက်ပွဲကြောင့် ထိခိုက်သွားတဲ့ ပြည်သူတွေ၊ ဟိုဘက်လိုလိုလို ဒီဘက်လိုလိုလူတွေ၊ တချို့သောကိစ္စတွေအပေါ် အခြေခံပြီးတော့ ဒီလိုမျိုးလူတွေကို ဆွဲဆောင်စည်းရုံးတယ်။ ဥပမာ – ဒဏ်ရာရသွားတဲ့သူတွေကို စစ်ဆေးရုံမှာ ခေါ်တင်တယ်။ သူတို့မီဒီယာတွေမှာ ထုတ်လွှင့်တာတို့၊ အဲဒီလူတွေရဲ့ အမျိုးတွေကို မြှောက်ထိုးပင့်ကော်လုပ်ပြီး ကိုယ့်ဘက်ပါအောင် လုပ်တယ်။ ဘာသာရေး၊ လူမျိုးရေးတို့ကို အခြေခံပြီး ဆွဲဆောင်စည်းရုံးမှုလုပ်တယ်” ဟု သူက ဆိုသည်။

စစ်တပ်က ပျူစောထီးများ ဖွဲ့စည်းပြီး ပျူရွာများကို အခြေပြုကာ စစ်ရေးလှုပ်ရှားနေသည်ဟု အထက်ပါ CDM ဗိုလ်ကြီးက ပြောသည်။

“ပျူစောထီးတွေကို စစ်သင်တန်းတွေ ပေးတယ်။ ပြီးတော့ ကိုယ့်ရွာ ကိုယ့်ဝန်းကျင်မှာ ကာကွယ်လို့ရအောင်ဆိုတဲ့ ခေါင်းစဉ်တွေ တပ်ပြီး လက်နက်တွေ ထုတ်ပေးတယ်။ စစ်တပ်က တိုက်ပွဲတွေမှာ ရထားတဲ့ လက်နက်အဟောင်းတွေ၊ မီးကျိုးမောင်းပျက်တွေကို ပြင်ဆင်ပြီးတော့ ပေးတယ်။ ပြီးတော့ ပျူရွာတွေကို အထောက်အကူပြုပြီးတော့ စစ်ရေးလှုပ်ရှားတယ်”

စစ်တပ်မှ တပ်ဖွဲ့ဝင်များကို CDM လုပ်လာရန် စည်းရုံးသကဲ့သို့ ပျူစောထီးများကို ကိုယ့်ဘက်ပါလာစေရန် စည်းရုံးခြင်းများလုပ်သင့်ကြောင်း မှတ်ချက်ပြုထားသည်။

ပျူအင်အားတိုးလာသည့် ပဲခူးအရှေ့

အလားတူ ပဲခူးတိုင်းအရှေ့ခြမ်း ဝေါမြို့နယ်အတွင်း ကျေးရွာများတွင် ပျူစောထီးအင်အားများ တိုးချဲ့နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ပြောသည်။

“ဝေါဘက်ခြမ်းမှာ အချို့ရွာတွေမှာ ပျူ အယောက် ၃၀ နီးပါး ဖွဲ့နိုင်တယ်။ အချို့ရွာတွေမှာ ၂၁ ယောက် အဲဒီလိုတွေ ရအောင် ဖွဲ့နိုင်တယ်။ အင်အားကို မရ….ရအောင်၊ မဖြစ်…ဖြစ်အောင် စုစည်းနေတယ်။ ပြီးရင် စစ်သင်တန်းတွေ ပေးတယ်“ ဟု ဝေါမြို့နယ်တွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တောင်ငူနှင့် ပြည်တို့တွင် ပျူစောထီးများကို စတင်ဖွဲ့စည်း၍ လက်နက်တပ်ဆင်ပေးပြီးနောက်တွင် ပဲခူးတိုင်းတစ်ခုလုံးကိုပါ အင်အားတိုးချဲ့နေခြင်းဖြစ်သည်။

ယခုနှစ် ဩဂုတ်လကုန်က စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ထားသည့် ပဲခူးအရှေ့ခြမ်း ကျေးရွာတစ်ခုမှ နေအိမ်တစ်လုံး။

ဝေါမြို့နယ်တွင်လည်း တော်လှန်ရေးအင်အားစုများ စစ်တောင်းမြစ်ဘက်မှ ကူးလာပြီး တိုက်ခိုက်နိုင်သည့် သရက်သမိန်၊ လက်ပံရွာကြီးများတွင် ပျူစောထီးများ ဖွဲ့စည်းကာ လက်နက်များပေးထားကြောင်း အထက်ပါ ပကဖအဖွဲ့ဝင်က ပြောသည်။

ပျူစောထီးခေါင်းဆောင်များနှင့် စစ်တပ်ထောက်ခံသူများကို ၎င်းတို့၏ အမာခံလူဟု သတ်မှတ်ကာ လက်နက်များ အမြဲပေးထားကြောင်း၊ ကျန်အဖွဲ့ဝင်များမှာမူ လက်နက်အမြဲမရကြောင်း ဆိုသည်။

“သူတို့ အမာခံလူတွေပဲ (လက်နက်) ပေးတာ၊ ကင်းစခန်းမှာ လက်နက်ပေးထားတယ်။ အိမ်ပြန်ရင်တော့ မပေးလိုက်ဘူးလေ”

ပျူစောထီးများကို ကျေးရွာများတွင် လုံခြုံရေးယူခိုင်းခြင်း၊ ဒေသသတင်းပေးအဖြစ် အသုံးချခြင်း၊ ရွာသားများထံမှ ခြိမ်းခြောက် ငွေတောင်းခံခြင်းတို့အတွက် ခိုင်းစေကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်နေ့ နေ့လယ်က ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာ၊ ကမ်းမားဆိပ်ဇရပ်တွင် ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ပစ်ခတ်ခဲ့ရာ ၂ ဦး သေခဲ့သည်။

ဝေါမြို့နယ်၊ လက်ပံရွာအနီး ကူးတို့ဆိပ်တစ်ခုတွင် ရှိနေသော စစ်ကောင်စီတပ်သားများကို စက်တင်ဘာ ၂၆ နံနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF တို့က တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး၊ ပျူစောထီး ၂ ဦး သေဆုံးခဲ့ပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများ ရခဲ့သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၎င်းတို့ မကြာခဏတိုက်ခိုက်ခံရသော လက်ပံရွာအနီးတစ်ဝိုက် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် ဒေသခံများ ထိခိုက်မှုရှိကြောင်း သိရသည်။

စပါးစိုက်ပျိုးချိန်တွင် ပျူစောထီးများက မြေမြှုပ်မိုင်းဖယ်ပေးမည်ဟု ဆိုကာ တောင်သူများကို တစ်ဦးလျှင် ကျပ်သုံးသောင်း တောင်း၍ တောင်သူ ၃၀ ခန့်က ငွေကြေးပေးခဲ့ရသော်လည်း ဖယ်ရှားပေးခြင်း မရှိကြောင်း ဝေါဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများက စစ်တောင်းမြစ်နှင့် မြစ်သွယ်များကို အမှီပြု၍ ငါးဖမ်းသည့် တံငါသည်များကိုလည်း ရိုက်နှက်ပြီး ငွေညှစ်လေ့ရှိသည်ဟု ဒေသခံများကို ကိုးကား၍ အထက်ပါ ဝေါမြို့နယ်ပကဖအဖွဲ့ဝင်က ပြောသည်။

“ခုဆို တစ်နေ့လုပ် တစ်နေ့စားတွေ အလုပ်ထွက်လုပ်ဖို့တောင် ကြောက်နေရတာ၊ ပိုက်ဆံပေးပြီး ဖြေရှင်းနိုင်ရင် လွတ်သေးတယ်။ မပေးနိုင်ရင် ပျူလုပ်မလား ခြိမ်းခြောက် စည်းရုံးခံရတော့တာပဲ”

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ကန့်ကွက်သူ ပြည်သူများ ပစ်သတ်ခံရသဖြင့် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံလာကြရာ အာဏာသိမ်းတပ်မှာ စစ်မျက်နှာအများအပြား ဖွင့်ထားရသဖြင့် လက်နက်ကိုင်အင်အား ပိုမိုလိုအပ်လာသည်။

လက်နက်ကိုင်တော်လှန်မှု အပြင်းထန်ဆုံးဖြစ်သော စစ်ကိုင်းတိုင်းတွင် ပျူစောထီးအဖွဲ့များ ၂၀၂၁ နှောင်းပိုင်းကတည်းက ပေါ်ပေါက်လာသည်။ ယခုနှစ် အောက်တိုဘာ ၅ ရက်တွင် ကန့်ဘလူခရိုင်ရှိ ပျူစောထီးအဖွဲ့များကို ကျပ်သိန်း ၅၀၀ ကျော် ပေးခဲ့ပြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့က လိုက်လံတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက မှတ်တမ်းဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button