ပဲခူးတိုင်းအရှေ့ခြမ်း၊ ဝေါမြို့နယ် ကူးတို့ဆိပ်တစ်ခုတွင် ရှိနေသော စစ်ကောင်စီတပ်သားများကို ယနေ့ (စက်တင်ဘာ ၂၆) နံနက်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
နံနက် ၉ နာရီ မထိုးမီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က လက်ပံကျေးရွာ၊ ကုန်းပေါ်ကြီးကူးတို့ဆိပ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ စစ်သား ၁ ဦး၊ ပျူစောထီး ခေါ် ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုက ပြောသည်။ သေဆုံးမှုအရေအတွက်ကို သီးခြားအတည်မပြုနိုင်သေးပေ။
ညောင်လေးပင်ခရိုင် PDF တပ်ရင်း အမှတ် (၃၇၀၂) ၊ တပ်ခွဲ(၄) က ပူးပေါင်းတိုက်ခိုက်မှုတွင် ၎င်းတို့ ပါဝင်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသတွင် လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ထိုတိုက်ခိုက်မှုအပြီး G3 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ၇.၆၂ ကျည် ၆၂ တောင့်၊ လက်ပစ်ဗုံးတစ်လုံး သိမ်းပိုက်ရရှိခဲ့ကြောင်း အတည်ပြုသည်။
ယနေ့ နေ့လယ်တွင် လက်ပံကျေးရွာသို့ စစ်ကောင်စီတပ်သားများ မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး အင်အားဖြည့်တင်းထားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
ရွာကို အခြေပြုကာ နေရာယူထားသည့်အတွက် ဝင်ရောက်တိုက်ခိုက်ရသည်ဟု သိရကြောင်း ဝေါမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့ လက်ပံရွာမှာ အခြေချတယ်၊ ချပြီး သူတို့ ရွာတွေ ပတ်လည်မှာ …လယ်ကွင်းတွေမှာရော မိုင်းတွေ ထောင်ထားတယ်။ ပြည်သူတွေလည်း ဒဏ်ရာရတယ်။ သူတို့ကို ကာကွယ်ဖို့အတွက်ကို ပြည်သူကို ခုတုံးလုပ်ထားတာ.. ဒိုင်းသဖွယ် လုပ်ထားတာ။ အဲဒါကြောင့် သူတို့ဘဝတွေ မလုံခြုံဘူးဆိုတဲ့ အကြောင်းကို တောက်လျှောက် ပြောက်ကျားပုံစံနဲ့ ဆက်လုပ်သွားမှာ” ဟု ၎င်းက ဆက်ပြောသည်။
“လက်နက်ကြီးတွေတော့ တောက်လျှောက်ပစ်နေတယ်။ ရွာသားတွေကို အဝင်အထွက် မလုပ်ခိုင်းတော့ဘူး”
ယခင် တိုက်ခိုက်မှုများ
ပဲခူးတိုင်းနှင့် မွန်ပြည်နယ် ထိစပ်သည့် နေရာတွင် တည်ရှိသည့် ဝေါမြို့နယ်သည် စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှ မြို့နယ်တစ်ခု ဖြစ်သည်။
နိုင်ငံအလယ်ပိုင်းမှ နိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းသို့ သွားလိုပါက ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှ ဝေါမြို့ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။
စက်တင်ဘာ ၉ ရက်နေ့က လက်ပံကျေးရွာ ကောင်စီရုံးတွင် နေရာယူထားသော စစ်သားများ၊ ပျူစောထီးများကို KNLA, PDF (ပဲခူးခရိုင်) တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
ထိုသို့တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်က ရွာအရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့တွင် နင်းမိုင်းများ၊ တိုက်မိုင်းများ ထောင်ထားခဲ့ကာ ရွာသူရွာသားများကို သွားလာခွင့် ကန့်သတ်ခဲ့သည်ဟု မွန်-ပဲခူးဒေသအခြေစိုက် လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ဆိုသည်။
စက်တင်ဘာ ၂၃ ရက်နေ့က ဝေါမြို့နယ်၊ လက်ပံကျေးရွာ၊ ကမ်းနားပိုင်း၊ သင်္ချိုင်းအနီးရှိ လယ်ကွင်းကန်သင်းစပ်တွင် ထောင်ထားသော နင်းမိုင်းတစ်လုံးကြောင့် ရွာခံ အသက် ၄၈ နှစ်အရွယ် ဦးလှထွန်း ဒဏ်ရာအများအပြားရရှိကာ ညာခြေချင်းဝတ် ပြတ်တောက်သွားသဖြင့် ပဲခူးဆေးရုံတွင် ကုသမှု ခံယူနေရသည်။
စစ်သားနှင့် ပျူစောထီးတို့က လက်ပံကျေးရွာတွင် တစ်အိမ်လျှင် တစ်ဦးနှုန်းဖြင့် နေ့စဉ် အလှည့်ကျ ၅ ဦး ကင်းစောင့်ခိုင်းနေကြောင်း၊ ကင်းမစောင့်သည့်အိမ်က ကျပ် ၁၂၀၀၀ ပေးရကြောင်း ဒေသခံများကို ကိုးကား၍ အထက်ပါ PDF တပ်ဖွဲ့ဝင်က ဆိုသည်။
လက်ပံရွာရှိ ပျူစောထီးများသည် ပျဉ်ပုံကြီးအခြေစိုက်တပ်တွင် စစ်သင်တန်း တစ်လ တက်ရောက်ခဲ့ကာ စက်တင်ဘာ ၆ ရက်ကမှ ရွာသို့ ပြန်ရောက်နေကြသူများဖြစ်ကြောင်း၊ ပျူစောထီးခေါင်းဆောင် အောင်ကြီး၊ ကျော်သူဝင်း၊ မြင့်သိန်း၊ ငမိုး ဆိုသူတို့က ဒေသခံများကို မကြာခဏ အနိုင်ကျင့် ဖိနှိပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နှစ် ဒီဇင်ဘာမှ စတင်ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) လှုပ်ရှားရာ ပဲခူးတိုင်းအရှေ့ဘက်ခြမ်းသာမက အနောက်ဘက်ခြမ်းတို့တွင်ပါ PDF တို့ ရောက်သွားပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။