မုံရွာအကျဉ်းထောင် အစာငတ်ခံဆန္ဒပြပွဲတွင် ပါဝင်သူများကို လျှော့ရက်ပိတ်ခြင်း၊ ထောင်တွင်း တရားစွဲဆိုခြင်းများ ရှိနေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။
စက်တင်ဘာလဆန်းပိုင်းက မုံရွာအကျဉ်းထောင်တွင်း ဖိနှိပ်မှုကို ရှုတ်ချသည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသား ၅၀ ခန့်က အစာငတ်ခံဆန္ဒပြခဲ့ကြအပြီး ထောင်အာဏာပိုင်များက ဖိနှိပ်နေခြင်း ဖြစ်သည်။
ထိုအစာငတ်ခံဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်သူ ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၉ ဦးကို လျှော့ရက် တစ်နှစ်ပိတ်ထားသည်ဟု သိရကြောင်း မုံရွာလူထုတိုက်ပွဲဦးဆောင်ကော်မတီက ဆိုသည်။
အသက် ၂၈ နှစ်အရွယ် ကိုဝေမိုးနိုင်မှာ ၂၀၂၁ တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် အနှစ် ၅၀ ကျော် ချမှတ်ခံထားရသည်။
အစာငတ်ခံဆန္ဒပြမှုကို ထောင်အာဏာပိုင်များက မသိကျွိုးကျွန်ပြုထားသည့်အတွက် အော်ဟစ် ဆန္ဒပြခဲ့သော နိုင်ငံရေးအကျဉ်းသား ၁၇ ဦးလည်း အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်) မှုဖြင့် ပြီးခဲ့သည့်ရက်ပိုင်းကပင် အမှုဖွင့်ခံရသည်ဟု သပိတ်ကော်မတီဘက်မှ သိရသည်။
မုံရွာထောင်ရှိ ကျန်နိုင်ငံရေးအကျဉ်းသားများကလည်း ဖိနှိပ်ခံရသော ထိုလူများနှင့်အတူ အတူတကွ ရပ်တည်ကြောင်း ပြသရန် ၎င်းတို့ကိုပါ ထိုကဲ့သို့ တစ်ပေါင်းတည်း တရားစွဲရန် တင်ပြသွားမည်ဖြစ်ကြောင်း ထောင်တွင်းသတင်းကို ကိုးကားပြီး မုံရွာလူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ကိုရှင်းသန့်က ပြောသည်။
“အမှုဖွင့်ခံရထားတဲ့ ၁၇ ဦးနဲ့အတူ ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပါ တစ်ပေါင်းတစ်စည်းတည်း တရားစွဲပေးဖို့အတွက် တရားရုံးမှာ တင်ပြဖို့ရှိတယ်လို့ သိရှိရပါတယ်။ ဒါက နိုင်ငံရေးအကျဉ်းသားတွေအားလုံး အတူတကွတည်ရှိတယ်ဆိုတာမျိုး ပြချင်တဲ့သဘောလို့လည်း သတင်းရရှိပါတယ်”
ထောင်အရာရှိတို့ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း နေထိုင်သည့် အကျဉ်းသားသည် လျှော့ရက်တချို့ ရရှိနိုင်သဖြင့် သတ်မှတ်ရက်မတိုင်မီ ထောင်မှ ပြန်လွတ်နိုင်သည့်အခွင့်အရေးရှိသည်၊ မုံရွာထောင် နိုင်ကျဉ်းတို့ကို လျှော့ရက် ဖြတ်တောက်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စက်တင်ဘာ ၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် စသည့် ဌာနပေါင်းစုံ ပါဝင်သည့် အထူးရှာဖွေရေးအဖွဲ့က မုံရွာထောင်အတွင်း ဝင်ရောက်ပြီး စာအုပ်စာတမ်း၊ အစားအသောက်နှင့် ကိုယ်ပိုင်အသုံးအဆောင်များကို သိမ်းဆည်းခဲ့ကြသည်။
သိမ်းဆည်းသွားသည့် ပစ္စည်းများကို ပြန်ပေးရန် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက ထိုနေ့တွင် စတင် တောင်းဆိုခဲ့ပြီး ထောင်တွင်းအာဏာပိုင်များက မလိုက်လျောသည့်အတွက် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ထပ်မံပါဝင်လာပြီး အယောက် ၅၀ နီးပါး အစာငတ်ခံဆန္ဒပြခဲ့ကြသည်။
ထို့နောက် ထောင်အာဏာပိုင်များက ဆန္ဒပြနေသည့် အကျဉ်းသားများနှင့် လာရောက်ညှိနှိုင်းကာ တောင်းဆိုချက်များကို လိုက်လျောပေးခဲ့ပြီးနောက် တစ်လကျော်အကြာတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို နှိပ်ကွပ်အရေးယူမှုများထွက်ပေါ်လာခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကို နှိပ်ကွပ်အရေးယူခြင်းမှာ ထောင်အရာရှိများ၏ မတရားပြုကျင့်မှုဖြစ်သည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုရှင်းသန့်က မှတ်ချက်ပြုသည်။
“ဒါက ရန်သူက ရန်သူလို ဆက်ဆံတာပဲဖြစ်တယ်။ အကျဉ်းထောင်ထဲမှာ ရှိနေပြီးသား အဖမ်းခံရပြီးသားသူတွေကို… ရဲဘော်တွေကို ထပ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်မှု ထပ်ပြီး တိုးပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် ဒါသည် စစ်အာဏာရှင်ဒေါက်တိုင်တွေရဲ့ ရက်စက်ယုတ်မာမှုကို ပြသနေတယ်လို့ပဲ မြင်ပါတယ်” ဟု ကိုရှင်းသန့်က ဆိုသည်။
ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုဖြစ်ပေါ်အပြီးတွင် စစ်ကောင်စီက မုံရွာထောင်ပိုင်ကြီး အပါအဝင် ထောင်ဝန်ထမ်း ၅ ဦးကို ရာထူးမှ ထုတ်ပယ်သည်၊ တပ်ကြပ်အဆင့်ရှိ ဝန်ထမ်း ၄ ဦးကို ၆ လ ရာထူးတစ်ဆင့်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု သိရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြောသည်။
အကျဉ်းထောင်ဝန်ထမ်းများကို စစ်ကောင်စီ၏ အရေးယူမှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အစာငတ်ခံဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတချို့ အစပိုင်းတွင် ကျန်းမာရေး ထိုက်ခိုက်ခဲ့သည်ဟု ကိုရှင်းသန့်က ဆိုသည်။
“ကျန်းမာရေးအခြေအနေကတော့ စစဖြစ်ချင်းကတော့ စိုးရိမ်ရတဲ့အနေအထားပေါ့လေ။ အစာငတ်ခံ၊ အာဟာရပြတ်တဲ့ဒဏ်တွေ ခံရတာမျိုးတွေ ရှိတယ်။ တချို့ဆိုရင် ခန္ဓာကိုယ်ပေါင်ချိန် လျော့ကျသွားတာမျိုးတွေ ရှိတယ်။ တချို့ဆိုရင် အားဆေးတွေသွင်းရတာမျိုး၊ အကြောဆေးတွေသွင်းရတာမျိုးတွေ ရှိတယ်” ဟု ကိုရှင်းသန့်က ပြောသည်။
အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမျိုးဆွေ ယခုနှစ် ဇူလိုင်လတွင် စတင် တာဝန်ယူပြီးနောက် အကျဉ်းထောင်များတွင် ဖိနှိပ်ကန့်သတ်မှုများ ပိုမိုဆိုးရွားလာသည်။
ထောင်တွင်းပေးပို့နိုင်သည့် ထောင်ဝင်စာပစ္စည်းပမာဏကိုလည်း ကန့်သတ်လိုက်ပြီး ရုပ်မြင်သံကြား ကြည့်ရှုခွင့်၊ စာအုပ် ဖတ်ရှုခွင့်၊ လမ်းလျှောက်ခွင့်တို့ကိုပါ ထိန်းချုပ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များက ပြောကြသည်။
စစ်ကောင်စီက နိုင်ငံအနှံ့အပြားတွင် အာဏာသိမ်းမှုဆန့်ကျင်သူများ၊ ဆန့်ကျင်သည်ဟု ယူဆရသူများကို နေ့စဉ် ဖမ်းဆီးလျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အောက်တိုဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည့်စာရင်းအရ စစ်ကောင်စီက ၁၉,၆၂၁ ဦးထက်မနည်းကို ဆက်လက် ဖမ်းဆီးထားသည်၊ ၎င်းတို့အနက် ၇,၇၇၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)