သတင်း

မြန်မာကုန်စည်ဂိတ်များ တရုတ်နှင့် ဖက်စပ်မလုပ်ကိုင်ပါက ပိတ်သိမ်းခံရမည်

တရုတ်နိုင်ငံသားနှင့် ဖက်စပ်ပူးပေါင်းဆောင်ရွက်မှသာ တရားဝင်ခွင့်ပြုမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်ခြမ်းရှိ မြန်မာကုန်စည်ဂိတ်များကို တရုတ်အာဏာပိုင်များက ဩဂုတ် ၂၅ တွင် အသိပေးထားသည်။ 

တရုတ် – မြန်မာနယ်စပ် ကျယ်ဂေါင်ရှိ မြန်မာကုန်စည်ဂိတ်များအနေဖြင့် လိုင်စင်အသစ်လျှောက်ထားရာတွင် အာမခံစပေါ်ငွေအဖြစ် တရုတ်ယွမ်ငွေ ငါးသိန်း (ကျပ်သိန်းတစ်ထောင်နီးပါး) ပေးသွင်းရမည်ဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ပါဝင်မှသာ ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါအသိပေးစာတွင် ဖော်ပြထားသည်။ 

ဂျယ်ဂေါင်မြို့တွင် မြန်မာပိုင် ကုန်ပစ္စည်းယာယီသိုလှောင်ရုံများနှင့် ကုန်စည်ဂိတ်ပေါင်း ၁၀၀ ကျော်ရှိပြီး အဆိုပါကုန်စည်ဂိတ်များကို လိုင်စင်အသစ်လျှောက်ရန် တရုတ်အစိုးရက ညွှန်ကြားခြင်းဖြစ်သည်။ 

ဖက်စပ်မလုပ်ကိုင်ပါ လုပ်ငန်းပိတ်သိမ်းခံရနိုင်ခြေရှိသည့် မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေးဂိတ်များအရေးတွင် မြန်မာအစိုးရအနေဖြင့် ကြားဝင်ညှိနှိုင်း၍မရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။ 

တရုတ်ဘက်အခြမ်းတွင် ဖွင့်လှစ်ထားသည့် မြန်မာကုန်စည်ပို့ဆောင်ရေးဂိတ်များအပေါ် ထိခိုက်မှုရှိသော်လည်း ထိုမူဝါအပေါ် ညှိနှိုင်း၍မရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက Myanmar Now ကိုပြောသည်။

“သူ့ရဲ့အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့အတွက် ဒီလိုလုပ်ရမယ်၊ ဒီလိုမလုပ်ရဘူးဆိုတာ သတ်မှတ်ချက်ရှိတယ်။ ဒါကိုတော့ ဘာမှသွားပြောလို့မရဘူး။ အဲ့လိုဖြစ်နေတဲ့အချိန်မှာ ကိုယ့်ဆီမှာ ကားဂိတ်တွေ ပြန်ဖော်ဆောင်ဖို့ဆိုတာ ရုတ်တရက် ခဲယဉ်းတယ်။ ဒီအတွက် အခက်အခဲဖြစ်တာမှန်တယ်” ဟု ဦးမင်းမင်းက ပြောသည်။

မကြားသေးမီကဖြစ်ပွားခဲ့သည့် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ဆိပ်ကမ်း ကုန်သိုလှောင်ရုံပေါက်ကွဲမှုအပါအဝင် တရုတ်နိုင်ငံတွင် ကုန်သိုလှောင်ရုံများမှ ပေါက်ကွဲမှုဖြစ်စဉ်များရှိခဲ့သဖြင့် တရုတ်အစိုးရအနေဖြင့် လုံခြုံရေးအရ စိုးရိမ်မှုများရှိသဖြင့် ယခုညွှန်ကြားချက်ကို ချမှတ်ပုံရကြောင်း ၎င်းကဆိုသည်။ 

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၏ ပို့ကုန်၊ သွင်းကုန်ပစ္စည်းများကို မူဆယ်မြို့တွင် ကုန်စည်ပို့ဆောင်ရေးဂိတ်များ ဖွင့်လှစ်လုပ်ကိုင်ဖူးသော်လည်း နောက်ပိုင်းတွင် ကုန်တင်ယာဉ်များဝင်ထွက်ရန် အဆင်မပြေဟုဆိုကာ ကုန်ဂိတ်များကို တရုတ်နိုင်ငံဘက်တွင် ပြောင်းလဲဖွင့်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

တရုတ်အစိုးရ၏ ၎င်းတို့နိုင်ငံအတွင်း စည်းမျဉ်းဥပဒေများတင်းကျပ်ခြင်းကို စွက်ဖက်မရသော်လည်း ကာလရှည်ကြာလုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံသား ကုန်စည်ဂိတ်လုပ်ကိုင်သူကို မျက်ကွယ်မပြုသင့်ကြောင်း၊ မြန်မာအစိုးရအနေနှင့်လည်း ကြားဝင်စေ့စပ်မှုလုပ်သင့်ကြောင်း မူဆယ်အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ဆိုသည်။

“ကိုယ့်နိုင်ငံသားတွေ အခွင့်အရေးဆုံးရှုံးသွားတဲ့ကိစ္စ၊ ကိုယ့်နိုင်ငံသားတွေ မူလလက်ငုတ်ကနေ နစ်နာဆုံးရှုံးသွားတဲ့ ကိစ္စရပ်မျိုးတွေမှာ စီးပွားကူးသန်းဌာနအနေနဲ့ လုပ်ဆောင်ပေးစေချင်တယ်။ အဆင်ပြေတာ မပြေတာ နောက်တစ်ပိုင်း”ဟု ၎င်းက ပြောသည်။

မူဆယ်အခြေစိုက်ကုန်သည်များ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ ယမန်နေ့တွင် တွေ့ဆုံပြီးနောက် တရုတ်အစိုးရနှင့်ညှိနှိုင်းရန် အချက် ၅ ချက်ကို မြန်မာအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း ဦးဝင်းအောင်ခန့်က ဆိုသည်။

မြန်မာနိုင်ငံသားမှတ်ပုံတင်ဖြင့် လုပ်ငန်းလိုင်စင်ပေးရန်၊ လိုင်စင်အသစ်လျှောက်ခြင်း ညွှန်ကြားချက်များကို လူဝင်လူထွက်လုပ်၍ရသည့်ကာလအထိ ဆိုင်းငံ့ပေးရန်၊ ကုန်ဂိတ်အလုပ်သမားများကို ကိုယ်တိုင်တာဝန်ယူ ခန့်ထားခွင့်ပေးရန်၊ အာမခံစပေါ်ငွေပမာဏ လျှော့ပေါ့ရန်နှင့် သတ်မှတ်စည်းကမ်းနှင့်အညီ လူဝင်၊လူထွက် ခွင့်ပြုပေးရန် အချက်များကို တောင်းဆိုထားသည်ဟု ဆိုသည်။ 

“ကျယ်ဂေါင်က တရုတ် – မြန်မာ နှစ်နိုင်ငံသဘောတူထားတဲ့ Free Trade Zone (လွတ်လပ်သောကုန်သွယ်ရေးဇုန်) ထဲမှာရှိတာဗျာ။ ကျွန်တော်တို့က တရုတ်နိုင်ငံထဲမှာ ပစ္စည်းသွားရောင်းနေတာလည်း မဟုတ်ဘူး။ ပစ္စည်းခဏထားတဲ့ ကုန်စည်ဂိတ်လေးတွေပါ။ ဒီလိုဖြစ်တာတော့ ဘယ်ကောင်းမလဲဗျာ” ဟု မူဆယ်အခြေစိုက် ဇော်ညီနောင်ကုန်စည်ပို့ဆောင်ရေးမှ ဦးဇော်မင်းက ပြောသည်။  

တရုတ်နိုင်ငံဘက်ခြမ်း ကျယ်ဂေါင်မြို့ရှိ မြန်မာကုန်စည်ဂိတ်အချို့ မြန်မာဘက်ခြမ်း မူဆယ်မြို့သို့ ယနေ့ ပြန်လည်ရွှေ့ပြောင်းနေသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – ပေးပို့) 

မူဆယ်နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံအတွင်းသို့ရောက်ပါက ကုန်တင်ယာဉ်အစီးရေ ၁၅၀ နှင့်အထက် ဝင်ဆံ့သည့် ကျယ်ဂေါင်ယာဉ်ရပ်နားဝန်းရှိပြီး ယင်းယာဉ်ရပ်နားဝန်း၏ ဘေးပတ်လည်တွင် မြန်မာနိုင်ငံသားပိုင်ကုန်ဂိတ်များ ဖွင့်လှစ်ကာ အထည်အလိပ်၊ ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါး၊ စားသောက်ကုန်နှင့် အိမ်သုံးပစ္စည်း စသည့်ကုန်စည်များကို ကုန်တင်ယာဉ်များဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်။ 

လိုင်စင်အသစ်လျှောက်ထားရာတွင် အာမခံစပေါ်ငွေတောင်းသည့်အပြင် တရုတ်နိုင်ငံသားအစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ပါဝင်မှသာ လိုင်စင်အသစ်ချပေးမည်ဖြစ်သောကြောင့် မြန်မာကုန်စည်ဂိတ်ဖွင့်လှစ်ထားသူများ အခက်အခဲဖြစ်နေကြောင်း မူဆယ်ဆန်စပါးဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။

“ရှင်းရှင်းပြောရရင်တော့ တရုတ်အစိုးရကနေပြီးတော့ သူတို့အကျိုးစီးပွားအတွက် အကာအကွယ်ပေးတဲ့ သဘောပဲ။ သူတို့တရုတ်နိုင်ငံသားတွေအတွက် ဝေစုခွဲယူသွားတဲ့သဘောပဲ”ဟု ၎င်းက ဆိုသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၏ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအားလုံးကို အဆိုပါကုန်ဂိတ်များက သယ်ယူပို့ဆောင်နေခြင်းဖြစ်ပြီး ယခုညွှန်ကြားချက်ကြောင့် ကုန်စည်ပို့ဆောင်ရေးကို တရုတ်နိုင်ငံဘက်က ထိန်းချုပ်သွားနိုင်ကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ကိုပြောသည်။

“လိုအပ်တဲ့ပစ္စည်းမှန်သမျှ တရုတ်ဘက်ကနေပဲ လာနေတာလေ။ အဲ့တော့ ဂိတ်လုပ်ငန်းမရှိဘူးဆိုရင် သူတို့ရဲ့ (တရုတ်) ထိန်းချုပ်မှုအောက် ရောက်သွားနိုင်တာပေါ့။ အဲ့လိုမဖြစ်အောင်လို့ ဒီဘက်က ဆွေးနွေးတိုင်ပင်ကြတုန်း ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

အနာဂတ်မူဆယ်ကုန်သွယ်ရေးဇုန်တွင် ကုန်စည်ပို့ဆောင်ရေးဂိတ်များကို မြန်မာဘက်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး ဆန်၊ သစ်သီးဝလံ အစရှိသည့် မြန်မာ့လယ်ယာထွက်ကုန်များဝယ်ယူလိုပါက တရုတ်ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံဘက်အခြမ်းသို့ လာရောက်ဝယ်ယူရန် မျှော်မှန်းထားကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆိုသည်။

သို့သော် ကုန်စည်ဂိတ်များဖွင့်လှစ်ရန် လုံလောက်သည့် မြေနေရာအကျယ်အဝန်းရှိရန်လိုအပ်ပြီး ယင်းနေရာအတွက် ရှမ်းပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုရှိသည့်အနက် တရုတ်-မြန်မာနယ်စပ် မူဆယ်ဇုန်သည် စုစုပေါင်းနယ်စပ်ကုန်သွယ်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်ရှိနေပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကျော် ကုန်သွယ်မှုပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Show More

Related Articles

Back to top button