သတင်း

ကျောက်ဖြူမှ လူငယ်သေဆုံးမှု စစ်ဆေးအရေးယူမည်ဟု AA ဆို

ဆိုင်ကယ်ခိုးမှုသံသယဖြင့် တစ်လကျော်ကြာ ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးခဲ့သည့် လူငယ်၏ ရုပ်အလောင်းကို မိသားစုဝင်များထံ AA တပ်ဖွဲ့က ပြန်ပို့ခဲ့သည်။

ရခိုင်ပြည်န​ယ်တောင်ပိုင်း ကျောက်ဖြူမြို့မှ လူငယ်တစ်ဦးကို ခိုးမှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးသွားသည့်အပေါ် စစ်ဆေးအရေးယူသွားမည်ဟု ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ ကျွဲတဲကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုအောင်နိုင်ဆိုသူဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့ (အောက်တိုဘာ ၁၂) တွင် AA တပ်ဖွဲ့ဝင်များက လာပို့ခဲ့၍ မိသားစုက နေ့ချင်း သင်္ဂြိုလ်ခဲ့ရသည်။

ကျောက်ဖြူမြို့ရှိ ဖိုင်ဘာစက်လှေထုတ်လုပ်ရေးလုပ်ငန်းတစ်ခုတွင် နေ့စားလုပ်ကိုင်နေသူ ကိုအောင်နိုင်ကို ဆိုင်ကယ်တစ်စီး ခိုးယူသည်ဟူသော သံသယဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ရဲတပ်ဖွဲ့ဝင်များက သြဂုတ် ၂၅ ရက်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထိုလူငယ်သေဆုံးမှုနှင့် ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရသူ ဦးခိုင်သုခက ရခိုင်အခြေစိုက် မီဒီယာတစ်ခုဖြစ်သော Arakan Princess ကို ယနေ့ ပြောဆိုသည်။

အမှုရင်ဆိုင်နေရသော ကိုအောင်နိုင်ကို အောက်တိုဘာ ၁၀ တွင် အချုပ်ခန်းပြင်ပ အလုပ်များခိုင်းထားစဉ် ထွက်ပြေးသဖြင့် ပြန်လည်ဖမ်းဆီးရာ AA တပ်ဖွဲ့ဝင်များကို ခုခံသဖြင့် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ရကြောင်း ဆိုသည်။

ထို့နောက် အချုပ်ခန်း၌ ပြန်ထိန်းသိမ်းထားစဉ် ယင်းည ၂ နာရီခန့်တွင် တာဝန်ကျရဲနှင့်အတူ အိမ်သာသွားစဉ် လဲကျခဲ့ကြောင်း၊ ချက်ချင်း ဆေးကုသခဲ့သော်လည်း သေဆုံးသွားကြောင်း ဦးခိုင်သုခက ပြောသည်။

“ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် သူ ရေသောက်ပြီးတော့ ရှော့ခ်ဖြစ်ပြီး မမျှော်လင့်ဘဲ သေဆုံးသွားရတယ်လို့ ယူဆပါတယ်။ ရေသောက်လိုက်လို့ ရှော့ခ်ဖြစ်ပြီး သေသွားတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ULA အာရက္ခပြည်သူ့အစိုးရ ရဲဌာနလက်ထဲမှာ သေသွားတာဖြစ်တဲ့အတွက် ဒီသေမှုသေခင်းနဲ့ ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်သွားမယ်”

ယခုအမှုတွင် ပါဝင်သည့် သက်ဆိုင်ရာ AA ရဲမှူးနှင့်တကွ တာဝန်ရှိသူအားလုံးကို အဖွဲ့အစည်း စည်းမျဉ​်းစည်းကမ်းအရ စနစ်တကျ စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူ အပြစ်ပေးရန် လုပ်ဆောင်နေသည်ဟုလည်း သူက ဆိုသည်။

ယခုနှစ် ဩဂုတ်က မြေပုံမြို့နယ်တွင် မိုခါမုန်တိုင်းကယ်ဆယ်ရေးလုပ်နေကြသော AA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-AA)

ပြန်ပို့လာသော ရုပ်အလောင်း၏ ဝမ်းဗိုက်တွင် ရိုက်နှက်ထားသည့်ဒဏ်ရာများရှိပြီး ရင်ခွဲစစ်ဆေးထားသော ချုပ်ရိုးရာများ တွေ့ရသည်ဟု မိသားစုနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အပြည့်ပဲ။ ရိုက်နှက်ထားတာ အပ်တို့စရာတောင် မရှိဘူး။ သတ်ပစ်လို့ သေသွားတာဆိုတော့ သိပ်များတာပေါ့….ရခိုင်သားအချင်းချင်း။ သူ့ခမျာက အဲဒီလောက်လည်း ဆိုးဆိုးယုတ်ယုတ်လည်း မဟုတ်။ ရွာမှာနေတုန်းက သူဟာ လူကိုလည်း အနိုင်ကျင့်တာလည်း မရှိဘူး” ဟု ဆိုသည်။

ဖမ်းဆီးခံရပြီးနောက် ၎င်း၏ မိသားစုဝင်များသည် ကျောက်ဖြူမြို့ပေါ်သို့ တက်ကာ ဆိုင်ကယ်ပိုင်ရှင်နှင့် တွေ့ဆုံမေးမြန်းရာ၌ ကိုအောင်နိုင် ခိုးယူခြင်းမဟုတ်ကြောင်း ပြောသည်ဟု သိရသည်။

ခိုးမှုသံသယဖြင့် ဖမ်းထားသူ ထွက်ပြေးသွားသောကြောင့် ယခုကဲ့သို့ သေဆုံးသည်အထိ ရိုက်နှက်မှုမှာ မဖြစ်သင့်ကြောင်း၊ (တာဝန်ရှိသူများကို) ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်ရန် လိုအပ်ကြောင်း ရခိုင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

“ဒါတွေဟာ ULA /AA အပေါ်ကို ပြည်သူတွေ ယုံမှားသံသယဖြစ်စေတယ်။ ဒါကြောင့် ဒီအမှုကို အထက်ကလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြီးတော့ နောက်နောင်မဖြစ်ဖို့အတွက် အဖွဲ့ဝင်တွေကို ညွှန်ကြားပေးစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူမယူ စောင့်ကြည့်မည်ဟု ဝါရင့် ရခိုင်နိုင်ငံရေးသမားနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ဆိုသည်။

“ဒီအမှုကတော့ ရဲဘက်က ထိန်းသိမ်းမှု ညံ့ဖျင်းတယ်။ ဖမ်းလို့ရတဲ့အခါ လက်လွန်ခြေလွန်လုပ်တယ်ပေါ့။ ဒါကြောင့် သေသွားတာ၊ မဟုတ်ရင်လည်း အဲဒီကွင်းဆက်ကြောင့် အဲဒီဒဏ်ရာတွေကြောင့် ပြောမလား၊ အခြား သူ့မှာ ရောဂါအခံတစ်ခုကို ထိခိုက်လို့လား…အဲဒီလိုဟာတွေ။ ဆုံးတော့…ဆုံးတယ် သူတို့ (AA) လက်ထဲမှာ” ဟု ဦးဖေသန်းက ဆိုသည်။

၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သော အာရက္ခပြည်သူ့အစိုးရအဖွဲ့က တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍများကို ဆောင်ရွက်နေပြီး ၎င်းတို့ဩဇာသက်ရောက်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူမြို့နယ်တို့တွင် ထိုသို့ဆောင်ရွက်နေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button