သတင်း

အစုအပြုံလိုက်သတ်ဖြတ်မှု ၂၂ ခု စစ်ကောင်စီကျူးလွန်ဟု NLD ပြော

စစ်ကောင်စီက အာဏာသိမ်းထားသည့် နှစ်နှစ်ခွဲကျော်အတွင်း တိုင်းနှင့် ပြည်နယ် ၇ ခုတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ ခုကို ကျူးလွန်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့ (အောက်တိုဘာ ၁၁) တွင် သတင်းထုတ်ပြန်သည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ ကချင်၊ မွန်၊ ကချင်နှင့် ရခိုင်တို့ရှိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် အပြစ်မဲ့အရပ်သားပြည်သူ ၅၉၀ သေဆုံးခဲ့သည်ဟု NLD ပါတီ၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၁၄ ကြိမ်ထိ ရှိသည်။

သေဆုံးသူ များပြားသည့် ဖြစ်ရပ်များမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း တွေ့ရသည်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာလေကြောင်း တိုက်ခိုက်မှုတွင် ၁၆၈ ဦး၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်းတိုက်ခိုက်မှုတွင် ၆၂ ဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၉ ညသန်းခေါင်တွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက်ခိုက်ခဲ့ရာ ကလေး ၁၀ ဦး အပါအဝင် ဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့သည်။

တရုတ်အစိုးရ ထိန်းချုပ်သည့် အွန်လိုင်းစာမျက်နှာတစ်ခုကလည်း ကချင်ဒေသ ဒုက္ခသည်စခန်း အမြောက်ပစ်ခတ်မှုခံခဲ့ရသဖြင့် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ယနေ့ သတင်းဖော်ပြထားသည်။

“အခြေအနေပိုဆိုးရွားမလာအောင် ဆောင်ရွက်ရန်၊ ထိရောက်သော ဆောင်ရွက်ချက်များ ပြုလုပ်ပြီး တရုတ်နှင့် မြန်မာနယ်စပ် လုံခြုံရေးကို အာမခံပေးရန်” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပန်ကြားလိုပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ထိုသတင်းတွင် ရေးသားထားသည်။

အစုအပြုံလိုက်သေဆုံးမှု ပေါ်ပေါက်ရာ အဆိုပါ ဒုက္ခသည်စခန်းသည် တရုတ်မြန်မာနယ်စပ်မျဉ်းနှင့် ၁ မိုင်ကျော် အကွာတွင် တည်ရှိသည်။

စစ်ကောင်စီ၏ ယနေ့ ညနေပိုင်းသတင်းထုတ်ပြန်ချက်တွင်မူ ထိုစခန်းရှိ ထိခိုက်သေဆုံးမှုသည် ယမ်းဂိုဒေါင် ပေါက်ကွဲခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာခုံရုံး

NLD ထုတ်ပြန်ချက်တွင် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်မှာ ထင်ရှားပြီး အပြစ်ပေးအရေးယူနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဖော်ပြထားသည်။

“ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရားမျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေးတို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခုထက်ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်” ဟုလည်း ရေးသားဖော်ပြထားသည်။

ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများသည် စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် သေဆုံးခဲ့သည့် ပြည်သူ ၄,၀၀၀ ကျော်ထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

တော်လှန်ရေးအင်အားစုများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို အကြမ်းဖက်အဖြစ် စွပ်စွဲကာ စစ်ကောင်စီက ပုတ်ခတ်စော်ကားနေသော်လည်း တကယ်အကြမ်းဖက်လုပ်ရပ်များကို ၎င်းတို့ကသာ ကျူးလွန်နေကြောင်း ဖော်ပြနေသည့်မှတ်တမ်းများဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဒီအထောက်ထားတွေက စစ်ကောင်စီ ပြုတ်မကျမချင်း ဆက်လက်ပြီး မြင်နေကြားနေ တွေ့နေရဦးမှာပါပဲ။ အလွန်ရက်စက်တဲ့ စစ်ကောင်စီအစိုးရဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေ ရပ်ဆိုင်းသွားဖို့ ဘာလုပ်ရမလဲဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီရဲ့ စိုးမိုးအုပ်ချုပ်မှုကို အပြီးအပြတ်ချေမှုန်း စာရင်းရှင်းပစ်နိုင်မှ ဒီအဖြစ်အပျက်တွေ မြန်မာပြည်က ပျောက်ဆုံးသွားလိမ့်မယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

နိုင်ငံတကာတွင် တရားမျှတရေးအတွက် တည်ဆောက်ထားသည့်ခုံရုံးများမှာ စစ်ကောင်စီ ကျူးလွန်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဆယ်စုနှစ်နှင့်ချီ ကြာမြင့်နိုင်ကြောင်း သူက ဆိုသည်။

ချင်းတိုင်းရင်းသားများ သေဆုံးမှု

စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူတိုင်းကို လူမျိုးဘာသာမရွေး ပစ်မှတ်ထားတိုက်ခိုက်နေသလို နယ်မြေရှင်းလင်းရေးအကြောင်းပြကာ အသက်အိုးအိမ်များကို ဖျက်ဆီးပြီး ပိုင်ဆိုင်မှုများ သိမ်းဆည်းနေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ယခုနှစ် အောက်တိုဘာ ၁ အထိ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ချင်းအမျိုးသား ၅၂၈ ဦး သေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်က အောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု၊ ပြည်ပရန်သူအလား ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ လက်နက်ကြီးများ အသုံးပြုမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းအမျိုးသား အရပ်သားပြည်သူများ သေဆုံးမှုမှာ ၂၁၇ ဦးအထိ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

စစ်ကောင်စီနှင့် ချင်းအမျိုးသားများ ဒေသခံကာကွယ်‌ရေးတပ်တို့ကြား ဖြစ်ပွားသော ခုခံတိုက်ခိုက်မှုတွင် ချင်းအမျိုးသားများ သေဆုံးမှုမှာ ၃၁၁ ဦးရှိသည်။

စစ်ကောင်စီသည် နိုင်ငံအတွင်း ၁၀ ဦးနှင့်အထက် သေစေသော အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုပေါင်း ၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR Myanmar Team) အကြီးအကဲ James Rodehaver က အောက်တိုဘာ ၂ ရက်နေ့က ထိုင်းနိုင်ငံတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာလေကြောင်း တိုက်ခိုက်မှုနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်းတိုက်ခိုက်မှုတို့ကို ဥပမာပြလျက် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ကြောက်ရွံ့ထိတ်လန့်ဖွယ် နည်းလမ်းများကို အသုံးပြုကာ အရပ်သားများအပေါ် ရာဇဝတ်မှု ကျူးလွန်နေခြင်းကြောင့် စစ်ကောင်စီ တာဝန်ရှိသူတို့ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC သို့ လွှဲပြောင်းပေးနိုင်ရန် ကုလသမဂ္ဂအထွေထွေညီလာခံသို့ အကြံပြုထားသည်ဟုလည်း James Rodehaver က ပြောသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်အပါအဝင် အားလုံးပါဝင်သော ဆွေးနွေးမှုများ ပြုလုပ်ရန်ဟူသော အချက်အများပါဝင်သည့် တူညီဆန္ဒ ၅ ရပ်ကို စစ်ခေါင်းဆောင်နှင့် အာဆီယံခေါင်းဆောင်များ သဘောတူညီခဲ့သော်လည်း စစ်ကောင်စီက ထိုအချက်များကို လိုက်နာရန် ပျက်ကွက်နေဆဲဖြစ်သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံ‌ခေါင်းဆောင်များ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းအပေါ် ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ထုတ်ပြန်ခဲ့သည်။

ထိုဆုံးဖြတ်ချက်တွင် အကြမ်းဖက်မှုများလျှော့ချရန်၊ အရပ်သားပြည်သူများ၊ ဆေးရုံနှင့် ကျောင်းကဲ့သို့ အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်ရန် ပါဝင်သည်။

စစ်ကောင်စီကမူ ထိုနေ့တွင်ပင် အာဆီယံ‌ခေါင်းဆောင်များ၏ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များမှာ အပြုသဘောမဆောင်သည့် အပြင် မျှတမှု မရှိဟု ဝေဖန် ကန့်ကွက်ခဲ့သည်။

“အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးဝင်မစွက်ဖက်ရန်” ဟု ထိုနေ့က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button