
ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုဖြစ်သည့် အတည်ပြုလူနာများ ထပ်မံတွေ့ရှိပြီးနောက် စစ်တွေမြို့နယ် တစ်ခုလုံးတွင် ဩဂုတ်လ ၂၁ ရက်မှ အောက်တိုဘာ ၂၁ အထိ သက်ရောက်မည့် ညမထွက်ရအမိန့်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယနေ့ထုတ်ပြန်ခဲ့သည်။
ညမထွက်ရအမိန့်မှာ ည ၉ နာရီမှ နံနက် ၄ နာရီအထိဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒအရ အရေးယူခြင်းကို ခံရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်း (Covid-19) နှင့် ပတ်သက်၍ ထိန်းချုပ်ရန်ခက်ခဲသော ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းပေါ်ပေါက်လာနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယခုရက်ပိုင်းအတွင်း သတိပေးခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင် ယနေ့တစ်ရက်တည်း၌ပင် အတည်ပြုလူနာ ၂၀ ဦး ထပ်မံတွေ့ရှိခဲ့ရာ ခြောက်ရက်တာအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၉ အထိရှိခဲ့သည်။ အတည်ပြုလူနာအားလုံးသည် ပြည်တွင်းကူးစက်မှုများပင်ဖြစ်သည်။
“ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အလည်အပတ်ခရီးထွက်ခဲ့တဲ့ ဝန်ထမ်း ၃-၄ ဦးကတစ်ဆင့် Covid ရောဂါပြန့်ပွားမှုကြောင့် ယခုစစ်တွေမှာ အိမ်တွင်းနေရန် ညွှန်ကြားချက်နဲ့ အခြား Covid ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ ထုတ်ပြန်ထားရပါပြီ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် တွေ့ရှိခဲ့သည့် အတည်ပြုလူနာများတွင် စျေးသည်၊ ဘဏ်ဝန်ထမ်း၊ အစိုးရဝန်ထမ်းအချို့နှင့် နိုင်ငံခြားအဖွဲ့အစည်းတွင် လုပ်ကိုင်နေသူများလည်းပါဝင်နေပြီး သူတို့၏မိသားစုဝင်များနှင့် ထိတွေ့ဆက်ဆံသူများကို အသွားအလာကန့်သတ်ထားရှိကာ အတည်ပြုလူနာများ နေထိုင်ခဲ့ရာ ရပ်ကွက်နှင့်လမ်းများကိုလည်း ပိတ်ထားသည်။
စစ်တွေမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူအရေအတွက်မှာ ယမန်နေ့အထိ ၁၀၂ ဦးရှိပြီး ယနေ့တွင် ၅၀ ကျော် ၆၀ ခန့်အထိ တိုးမည်ဖြစ်ကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့နံနက်ပိုင်းအထိ စာရင်းများအရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည့် အတည်ပြုလူနာ ၄၁၉ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါ စတင်ကျရောက်ချိန်မှ ဩဂုတ် ၂၁ နံနက်ပိုင်းအထိ အတည်ပြုလူနာ ၄၅ ဦးရှိသည်။
ရခိုင်ပြည်နယ်၌ ကူးစက်မှုမြန်ဆန်နေသည့် တစ်ကျော့ပြန်ကိုဗစ်နှင့် ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ်အသစ်သည် ကူးစက်နိုင်စွမ်း ၁၀ ပိုမြန်သောကြောင့် ပြည်သူများသတိထားရန် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဩဂုတ် ၂၀ တွင် ပြောကြားထားသည်။
“လှိုင်းတစ်ခုဖြစ်တယ်ဆိုတာက ရှိတဲ့ပမာဏကနေ ခုန်တက်လာတာ။ ဒီနေ့မှာ တစ်ယောက်နှစ်ယောက် နောက်နေ့မှာ ရာဂဏန်းဖြစ်လာတယ်။ အဲ့လိုဖြစ်လာရင် လှိုင်းလို့ ယူဆပါတယ်။ အခုအချိန်မှာတော့ လှိုင်းလို့ မယူဆပါဘူး။ အခုအချိန်မှာ ဒါကို ဒုတိယလှိုင်းလို့တော့ မခေါ်ချင်ပါဘူး” ဟု ၎င်းက ပြောသည်။