သတင်း

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ထည့်သွင်းပေးရန် ချင်းအမျိုးသားတပ်ဦးတောင်းဆို

ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများအနက် အရေးအကြီးဆုံးအဖြစ် တိုင်းရင်းသားများသတ်မှတ်ထားသည့် “ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေ” ရေးဆွဲခွင့်ကို ပြည်ထောင်စုသဘောတူစာချုပ်တွင် အမြန်ဆုံးထည့်သွင်းချုပ်ဆိုပေးရန် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက မေတ္တာရပ်ခံလိုက်သည်။

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကျနော်တို့ တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း (၇၀) ကျော် တောင်းဆိုလာတဲ့ ဖက်ဒရယ်အခြေခံမူထဲမှာ အရေးအကြီးဆုံး အခြေခံမူ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။ 

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် UPDJC ၏ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါအချက်ကို ဩဂုတ် ၁၉ တွင် ကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံတွင် ချုပ်ဆိုသွားမည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း-၃ တွင် မပါဝင်ဘဲ ချန်လှပ်ခဲ့မည်ကို ယူကျုံးမရ ဖြစ်မိသည်ဟုလည်း ၎င်းက ပြောသည်။ 

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချမှတ်ပေးထားသည့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ငါးချက်တွင် အရေးကြီးသည့် ‘ငြိမ်းချမ်းရေးသော့ချက်’ ဖြစ်သည်။ 

စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးကို ဩဂုတ် ၁၉ တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း-၃ ကို အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုကြမည် ဖြစ်သည်။ 

ထိုအပိုင်းသုံးပိုင်းမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှု (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်အလိုက်လုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ဖြစ်သည်။

အခြေခံမူများအနက် ‘ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ’ ရေးဆွဲခွင့်ကိစ္စကို ယခုညီလာခံတွင် ထည့်သွင်းရန် မဖြစ်နိုင်တော့ပါက နောက်တစ်ကြိမ်ကျင်းပမည့် ညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုနိုင်ရေး ဝိုင်းဝန်ကြိုးစားပေးရန်  ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တိုက်တွန်းခဲ့သည်။ 

“အဓိက အရေးကြီးတာက ပြည်နယ်များနှင့် တိုင်းဒေသကြီးများက မိမိတို့ ကျင့်သုံးရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို မိမိတို့အခြေအနေနဲ့ ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်းပြီး ကျင့်သုံးဖို့ပဲ လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

ယင်းအချက်များကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ တွင် ထည့်သွင်းချုပ်ဆိုရန် ဩဂုတ် ၁၀ မှ ၁၂ အထိ သုံးရက်ကြာပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုဆွေးနွေးပွဲတွင် ‘ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ’ ကို ‘ဖွဲ့စည်းပုံ’ ဟူသည့် စကားရပ် ထည့်သင့်မသင့် အခေါ်အဝေါ်ပိုင်းဆိုင်ရာ ဆွေးနွေးရာတွင် ပြေလည်မှု မရခဲ့ခြင်းဖြစ်သည်။ 

“ဝေါဟာရပိုင်းဆိုင်ရာမှာ ပြည်ထောင်စုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီး သုံးနှုန်းတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဘက်က အဆိုပြုချက်ကတော့ ‘ပြည်နယ်အခြေခံဥပဒေ’ လို့ သုံးနှုန်းဖို့ကိစ္စပါ။ အဲ့ကိစ္စက နှစ်ဖက်ကြားမှာ သဘောတူညီမှု မရဘူး။ ဒါပေမဲ့ သဘောတရားပိုင်းကတော့ ပြည်နယ်တွေရဲ့ Constitution (အခြေခံဥပဒေ) ရေးဆွဲရေးကိစ္စက ဝိဝါဒကွဲပြားစရာ မရှိဘူး” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ် (NCA) လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ဖက်ဒရယ်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ မူဝါဒများကို ဒေါ်အောင်ဆန်းစုကြည်က အသိပေးခဲ့သည်။

အထူးသဖြင့် ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု ရှိရမည်၊ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သည့် ကိုယ်ပိုင်အခြေခံဥပဒေ ရှိရမည်ဟူသည့် အခြေခံမူများကို လက်ခံထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။ 

Show More

Related Articles

Back to top button